
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းရွာကို ဇူလိုင် ၂၆ ရက် နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီတပ်က စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူနှစ်ယောက် ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဝက်လက်အခြေစိုက် Wetlet Informational Network အဖွဲ့ကနေ သိရပါတယ်။
မန္တလေးဆိပ်ကမ်းကနေ အထက်ကိုတက်လာတဲ့ စစ်သင်္ဘော ၉ စီးနဲ့ ပိုဝမြောက်ရွာတဝိုက်ကို စစ်ကောင်စီတပ်က စက်သေနတ်နဲ့ ရမ်းပစ်ခတ်ခဲ့တာလို့ Wetlet Informational Network အဖွဲ့မှ နဂါးလေးက ပြောပါတယ်။
“ထောက်ပို့သင်္ဘော ၆ စီး၊ စစ်သင်္ဘော ၃ စီး၊ စုစုပေါင်း ၉ စီးနဲ့ တက်လာတာ။ အဲ့ဒါ တလျှောက်လုံး မပစ်လာဘူး။ ပိုဝမြောက်ရွာနားရောက်မှ ပစ်တာ။ စိန်ပန်းကုန်းက ပြည်သူနှစ်ယောက် ထိထားတယ်။”
စစ်ကောင်စီတပ်ပစ်ခတ်တဲ့ စက်သေနတ်ကျည်ထိမှန်ပြီး အသက် ၄၀ အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၄ နှစ်အရွယ် ကလေးတဦး ထိမှန်ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံဖို့ အဆင်ပြေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က သင်္ဘော ၉ စီးနဲ့ ဇူလိုင် ၂၆ ရက် မနက် ၆ နာရီက မန္တလေးဆိပ်ကမ်းကနေ စတင်ထွက်ခွာလာတာဖြစ်ပြီး ပိုဝမြောက်ရွာ၊ ပိုဝတောင်ရွာနဲ့ စိန်ပန်းကုန်းရွာတဝိုက်ကို ရမ်းပစ်ခတ်ခဲ့တာကြောင့် အနီးနားရွာက ဒေသခံတွေ ရှောင်နေရတယ်လို့ သိရပါတယ်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း ဇူလိုင် ၂၆ ရက် မနက် ၂ နာရီမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းပစ်ခဲ့တာကြောင့် အိုရင်းရွာက အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ နွေဦးတော်လှန်ရေး မြိုင်မြို့ကနေ သိရပါတယ်။
တွင်းမရွာက ပျူစောထီးတွေနေထိုင်တဲ့ ရွာဖြစ်ပြီး ရွာထဲက စာသင်ကျောင်းကနေ လှမ်းပစ်တဲ့ လက်နက်ကြီးက အိုရင်းရွာက နေအိမ်နှစ်လုံးကြားထဲ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့တာလို့ နွေဦးတော်လှန်ရေး မြိုင်မြို့ တာဝန်ရှိသူ Zooey က ဆိုပါတယ်။
အနီးနားကျေးရွာ ဒေသခံတဦးက “လက်နက်ကြီးနှစ်လုံး အိမ်နားကျတာ၊ အိမ်တွေလည်းထိပြီး ပျက်စီးမှုရှိတယ်၊ ဒဏ်ရာက မစိုးရိမ်ရပါဘူး၊ ပျူစောထီးရွာကနေ ရမ်းပစ်တာပါ” လို့ ပြောပါတယ်။
လက်နက်ကြီးထိမှန်တာကြောင့် အသက် ၃၀ အရွယ် မမိလှနဲ့ အသက် ၁၃ နှစ်အရွယ် မဆုဝင့်ထည်တို့ ထိခိုက်ဒဏ်ရာ ရခဲ့တာလို့ သိရပါတယ်။