
ကရင်နီပြည်နယ်၊ ဒီးမောဆို့မြို့နယ်မှာ ဇူလိုင် ၁၁ ရက်ကစလို့ ဓာတ်ဆီဈေးတွေ မြင့်တက်လာပြီး လိုသလောက် ဝယ်မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၁ ရက်ကစလို့ ဓာတ်ဆီစျေး တလီတာကို ၆,၀၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်လောက်အထိ မြင့်တက်လာပြီး ဆီဆိုင်တွေလည်း ပိတ်ထားတယ်လို့ သိရပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “ဆီက မရောင်းပေးတော့ဘူးတဲ့။ ဆိုင်ပိတ်ထားတယ်။ မနေ့ညက ထည့်တာ တလီတာ ၆,၀၀၀၊ ခုသွားးဝယ်တာ ၈,၀၀၀၊ ၉,၀၀၀ တဲ့။ နောက် ဆိုင်တဆိုင်၊ တယောက် တလီတာပဲ ရောင်းပေးတဲ့နေရာကတော့ ၇,၅၀၀ တဲ့။ အဲဒီမှာက မီးစက်အတွက်ပဲပြောပြော၊ ဘာပဲပြောပြော၊ တယောက် တလီတာပဲ ရောင်းပေးတယ်” လို့ ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဆီကားတွေ သွားလာဖို့ခက်ခဲပြီး ဆီဝင်ဖို့ ခက်ခဲနိုင်တာကြောင့် ဆီဆိုင်တွေက ကြိုတင်ပိတ်ထားကြပြီး တချို့နေရာတွေမှာ တလီတာနှုန်းနဲ့ပဲ ရောင်းပေးတာရှိတယ်လို့ ဆိုပါတယ်။
နေရာဒေသပေါ် မူတည်ပြီး ဓာတ်ဆီတလီတာကို ၇,၀၀၀၊ ၇,၅၀၀၊ ၈,၀၀၀ ကျပ် ရောင်းချနေသလို ဆီဆိုင်အများစုက ပိတ်ထားတာကြောင့် စစ်ရှောင်အရေး ကူညီပေးသူတွေအတွက်လည်း သွားလာဖို့ ဆီမလုံလောက်တာတွေ ကြုံရတယ်လို့ သိရပါတယ်။
နိုင်ငံတကာအရေးနဲ့ပတ်သက်ပြီး နိုင်ငံအလိုက် ဆီတွေပြတ်လပ်ပြီး ဈေးတက်ချိန် ကရင်နီမှာ ဆီတလီတာကို ငွေကျပ် ၂၀,၀၀၀ အထိတက်ခဲ့ဖူးပါတယ်။










