DVB Logo
Home
မြန်မာသတင်း
အလုံ၊ ကမာရွတ်နှင့် မှော်ဘီတို့တွင် မီးလောင်မှုများဖြစ်ပွား
DVB
·
July 27, 2023
အလုံ၊ ကမာရွတ်နှင့် မှော်ဘီတို့တွင် မီးလောင်မှုများဖြစ်ပွား
1 / 3
Donate to DVB

ရန်ကုန်၊ အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ နံ့သာလမ်းမှာ ဇူလိုင် ၂၆ ရက် ညနေပိုင်းက ဝါယာရှော့ဖြစ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level 1 အဆင့် ငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

ညနေ ၄ နာရီ ၄၇ မိနစ်လောက်က မီးသတင်းရရှိခဲ့တာဖြစ်ပြီး အလုံမြို့နယ်မီးသတ်၊ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တွေနဲ့ အရပ်ဘက်ကယ်ဆယ်ရေးအသင်းတွေက  သွားရောက် ငြှိမ်းသတ်ခဲ့ကြပါတယ်။

မီးလောင်မှုဟာ နံ့သာလမ်းရှိ ၂ ထပ် ၄ ခန်းတွဲ တိုက်ခန်းရဲ့ အပေါ်ထပ်ကနေ စတင်လောင်ကျွမ်းတာလို့ သိရပြီး အွန်လိုင်းရှော့ပင်လုပ်ငန်း လုပ်ကိုင်တဲ့နေရာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “အွန်လိုင်းရှော့ပင်းလုပ်တဲ့အိမ် လောင်သွားတာလို့ သိရပါတယ်။ ထပ်ခိုးလည်း ပြိုကျထားတော့ မီးခိုးတွေ တအားထွက်နေတယ်။ ငြှိမ်းတာက ၁ နာရီကျော်လောက် ကြာပါတယ်” လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် အပေါ်ထပ်ရှိ ထပ်ခိုးပြိုကျခဲ့တဲ့အပြင် အိမ်အတွင်းပိုင်းရှိ ကုန်ပစ္စည်းတွေကြောင့် လောင်စာအားကောင်းနေခဲ့ပြီး ၄ ခန်းစလုံးနဲ့ အတွင်းပစ္စည်းတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက်အသင်းတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် ညနေ ၅ နာရီ ၂၅ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ညနေ ၆ နာရီခန့်မှာ မီးငြိမ်းသွားတယ်လို့ သိရပြီး မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိဘူးလို့ သိရတဲ့အပြင် ပျက်စီးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့က တွက်ချက်နေဆဲ ဖြစ်ပါတယ်။

အလားတူ ရန်ကုန်၊ ‌ကမာရွတ်မြို့နယ်နဲ့ မှော်ဘီမြို့နယ်တွေမှာ ဇူလိုင် ၂၆ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်း‌တွေမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ပြောပါတယ်။

ကမာရွတ်မြို့နယ်၊ ၄ ရပ်ကွက်၊ ကွမ်းခြံ ၄ လမ်းရှိ မဟာရန်ကုန် လက်ဖက်ရည်ဆိုင်မှာ မနက် ၁၀ နာရီ ၁၅ မိနစ်လောက်က ဂက်စ်အိုးပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပေါ်ခဲ့ပါတယ်။

ကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “ဂက်စ်အိုးပေါက်ပြီး မီးလောင်တာပါ။ မီးခိုးတွေရော ဂက်စ်ရော များတယ်။ တိုက်ပေါ်ကလူတွေတော့ အရေးပေါ်ပြောင်းရတာမျိုးတွေ ရှိတယ်။ မီးလောင်တာက စားဖိုခန်းနဲ့ ဘေးကပါပဲ။ တခြားလူတွေ ထိခိုက်တာမျိုး မရှိပါဘူး” လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် ဆိုင်နောက်ဖေးခန်းနဲ့ အတွင်းရှိ အခန်းတခန်း မီးစွဲလောင်ခဲ့ကာ ဆိုင်သုံးပစ္စည်းတွေ မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပြီး လက်ဖက်ရည်ဆိုင်အပေါ်ထပ်ရှိ တိုက်ခန်းနေထိုင်သူ မိသားစုတွေ အရေးပေါ် ပြောင်းရွှေ့ခဲ့ရပါတယ်။

မီးလောင်တဲ့နေရာကို ကမာရွတ်မြို့နယ် မီးသတ်ယာဥ်‌တွေနဲ့ အရပ်ဘက်ကယ်ဆယ်ရေး အသင်းတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတာကြောင့် မနက် ၁၀ နာရီ ၂၄ မိနစ်မှာ မီးငြိမ်းသွားခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ သိရတဲ့အပြင် ပျက်စီးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၆ ရက် နေ့လယ် ၁ နာရီ မိနစ် ၂၀ လောက်ကလည်း မှော်ဘီမြို့နယ်၊ ဆတ်တတောရွာအုပ်စု၊ ရှမ်းကုန်ရွာ၊ အောင်တော်မူဘုရားလမ်းရှိ လမ်းဘေးအဆောက်အဦ တခုမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့က Level 1 အဆင့် ငြှိမ်းသတ်ခဲ့ရပါတယ်။

အဆိုပါမီးလောင်မှုကို မှော်ဘီနဲ့ ထောက်ကြန့်တို့က မီးသတ်ယာဉ် ၄ စီးနဲ့ သွားရောက် ငြှိမ်းသတ်ခဲ့တာကြောင့် နေ့လယ် ၁ နာရီ ၄၈ မိနစ်မှာ မီးထိန်းနိုင်ပြီး မွန်းလွဲ ၂ နာရီခန့်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013