DVB Logo
Home
Lead Story
ကော်သူးလေ (သို့) ကရင့်အာဇာနည် တော်လှန်ရက်စွဲများ
DVB
·
July 27, 2023
ကော်သူးလေ (သို့) ကရင့်အာဇာနည် တော်လှန်ရက်စွဲများ
Donate to DVB

ကော်သူးလေရဲ့ အခန်းကဏ္ဍ

နွေဦးတော်လှန်ရေးမှာ ကော်သူးလေရဲ့ အခန်းကဏ္ဍဟာ ကြီးမားစွာတည်ရှိနေတယ်။ ကော်သူးလေရဲ့ ကျေးဇူးဂုဏ်ကို ထုတ်ဖော်ရေးသားခွင့်ရတာ ကျနော် ကံကောင်းနေသေးတယ်လို့ ဆိုချင်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ကျနော် သဘောကျမိခဲ့တဲ့ ကရင်လူမျိုးတွေအကြောင်း၊ ရိုးသားဖို့ ကြိုးစားစရာမလိုတဲ့ ကရင်စစ်သားကြီးတွေရဲ့အကြောင်း၊ ကျနော်သိခဲ့တဲ့ ကရင်တွေအကြောင်း ဒီနေ့ ကျနော် ပြောပြချင်တယ်။

နွေဦးတော်လှန်ရေးမှာ ကျနော်တို့ အားကိုးအားထားရာဟာ ကော်သူးလေ ဖြစ်ခဲ့တယ်။ အဲဒီ ကော်သူးလေဆိုတာ စိမ်းလန်းတဲ့ နိုင်ငံတော်လို့ သူတို့ အဓိပ္ပာယ်ဖွင့်ဆိုတယ်။ ဒါကို ကျနော်တို့တတွေ အသိအမှတ်လည်းပြုတယ်။ မြတ်နိုးစွာနဲ့လည်း ခေါ်ဝေါ်ခဲ့ကြတယ်။ ကျနော်တို့ ပြည်မက ဗမာလူငယ်တွေ စစ်ကျွန်မခံချင်ကြလို့ လွတ်မြောက်နယ်မြေကို ရည်ညွှန်းရင် ကော်သူးလေဟာ ထိပ်ဆုံးက။ ကျနော်တို့ အားထားရာ ခိုနားရာ ဖြစ်ခဲ့တယ်။

ကရင့်အာဇာနည် စောဘဦးကြီး

ကော်သူးလေမှာ ကရင့်အာဇာနည် စောဘဦးကြီးအကြောင်း သိခဲ့ရတယ်။ ကရင့်အာဇာနည် စောဘဦးကြီးဟာ ကရင်အမျိုးသားတွေရဲ့ အမျိုးသားခေါင်းဆောင်ဖြစ်တယ်။ ယနေ့ KNU ၊ KNLA တို့ သွားနေတဲ့ နိုင်ငံရေးလမ်းစဉ်ဟာ အဖူးစောဘဦးရဲ့ လမ်းစဉ်တွေဖြစ်တယ်။ ကျနော်ဟာ ဗမာလူငယ်တယောက်ဖြစ်ပေမဲ့ အဖူးစောဘဦးရဲ့ နိုင်ငံရေးလမ်းစဉ်ကို အင်မတန် ကြိုက်နှစ်သက်တယ်။ အဲဒီအထဲမှာဆိုရင် အဆင့်မြင့်တဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေ၊ လက်တွေ့ကျတဲ့ တော်လှန်ရေး လုပ်ငန်းစဉ်တွေ ပါတယ်။ ကျနော် လေ့လာသိရှိရသလောက် မူ ၄ ချက်ရှိတယ်။ အဲဒီမူ ၄ ချက်က အလွန်စိတ်ဝင်စားစရာကောင်းသလို အတွေးနယ်ချဲ့စရာတွေလည်း များစွာရှိနေတယ်။

၁။ လက်နက်ချစကား အလျင်းမပြောရ။

၂။ ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။

၃။ ကရင့်ကံကြမ္မာ ကရင် ဖန်တီးမည်။

၄။ ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်။

ပြည်ထောင်စုမပြိုကွဲရေး ချင်း (ဂျင်း) တက်ကြီး

ကရင်တွေဟာ အပြောပြတ်တယ်။ အလုပ်ရှင်းတယ်။ ပကတိရိုးသားတယ်။ ပွင့်လင်းတယ်။ ဖုံးကွယ်ထားတာ မရှိဘူး။ ကျနော် သူတို့နဲ့ နေရတဲ့အချိန်မှာ သူတို့ ဒေါသထွက်တာလည်း မြင်ရတယ်။ သူတို့စိတ်ဆိုးတာလည်း မြင်နေရတယ်။ သူတို့ တော်လှန်ရေးအပေါ် ရှုမြင်တာက အထက်က အချက်လေးချက်အပေါ်မှာ အခြေခံတယ်။ အဲဒါကို နားလည်လက်ခံပေးနိုင်ရင် သူတို့နဲ့ မဟာမိတ်ဖြစ်ပြီပဲ။ အဲဒီလိုမဟုတ်ဘဲ ပြည်ထောင်စုမပြိုကွဲရေး ချင်းတက်ကြီး ကိုင်ထားပြီး ဆွေးနွေးရင်တော့ အဲဒါ အလုပ်ဖြစ်မှာမဟုတ်ဘူး။ကျနော်တို့ ဗမာတွေက ရိုးသားဖို့ ကြိုးစားရတယ်။ သူတို့ ကရင်တွေက ရိုးသားဖို့ ကြိုးစားစရာမလိုဘူး။ 

သူတို့က မျိုးဆက်သစ်တွေအပေါ်မှာ အင်မတန် ချစ်ခင်လေးစား တန်ဖိုးထားတယ်။ အထူးသဖြင့် PDF လူငယ်တွေကိုပေါ့။ သူတို့ဆီကနေ ဘယ်သူ့ကိုမှ မပြန်စေချင်ကြဘူး။ အဆုံးရှုံးဖြစ်မှာ သူတို့ သိပ်စိတ်ပူတယ်။ သူတို့နဲ့ တော်လှန်ရေးမပြီးမချင်း တိုက်ပွဲဝင်စေချင်ကြတယ်။ သူတို့နဲ့အတူရှိနေခဲ့ရတာ တော်လှန်ရေးကာလမှာ ဘယ်တော့မှ မေ့ပျောက်လို့မရတဲ့၊ မေ့ဖျောက်လို့မရတဲ့ အမှတ်တရတွေ အများကြီးရှိခဲ့တယ်။ ကော်သူးလေဟာ ကျနော်တို့အတွက် သွေးချင်းညီအစ်ကိုတွေကို ဆုံဆည်းခွင့် ပေးခဲ့သလို မိတ်ဆွေစစ်၊ မဟာမိတ်အစစ်ဆိုတာ ဘာလဲလို့ မျိုးဆက်သစ်တွေကို လှစ်ဟပြခဲ့တယ်။ ကျနော် ကော်သူးလေရဲ့ ကျေးဇူးကို ဘယ်တော့မှမမေ့ဘူး။ ထမင်းစားတိုင်း ထမင်းစားအဓိဋ္ဌာန်ကို ရွတ်ဆိုဆဲပဲ။

“ထီကော တသာပလေး ကလူးဝေါ ပမူးဒါး ပတားမား ပဂါးမား”

ကျနော်ဟာ ကော်သူးလေကလေကို ရှူခဲ့တယ်။ စိမ်းလန်းသော နိုင်ငံတော်မှ မြေကို နင်းခဲ့တယ်။ အဖူးစောဘဦးကြီးရဲ့ မူကို ကြိုက်နှစ်သက်ခဲ့တယ်။ ကော်သူးလေက ပြည်သူတွေနဲ့အတူ ကောက်စိုက်ခဲ့တယ်။ ကျနော်ဟာ ကျနော်တို့နိုင်ငံတော်   လွတ်မြောက်ဖို့အတွက် ကော်သူးလေမှာ နည်းလမ်းတွေ ရှာနိုင်ခဲ့တယ်။ အဲဒီ စိမ်းလန်းတဲ့ နိုင်ငံတော်မှာ အာဇာနည်တွေ နေကြတာကို ကျနော်သိခဲ့ရတယ်။

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ လမ်းစဉ်

တကယ်ပါ။ တော်လှန်ရေးမှာ ဇိမ်ခံစရာဆိုတာ ကော်သူးလေက ကျောက်ဂူထဲမှာ ရေသွားကူးတာကို ပြောတာ။ စမ်းချောင်းလေးထဲ ရေးချိုးရခြင်းကို ပြောတာပါ။ နောက်ထပ်က အုန်းပင်ပေါ်က ပြုတ်ကျတဲ့ အုန်းသီးကို ကိုယ်က အရင်ဦးစွာ တွေ့တာကို ပြောတာပါ။ ပြီးရင် ကိုယ့်ရဲဘော်ရဲဘက်တွေနဲ့ အတူတူ ခွဲစားတာကို ပြောတာပါ။ စိမ်းလန်းတဲ့ နိုင်ငံတော်မှာ  ပျော်စရာတွေက များပါတယ်။ ကြက်ဥစားရရင်လည်း ပျော်ရတာပဲ။ ငါးပိရည်ချို စားရတဲ့အခါလည်း ပျော်ရတာပဲ။ ပုဇွန် (ငရုတ်သီး) ရရင် ပိုပျော်ရသေးတယ်။

ကရင့်အာဇာနည်နေ့တုန်းက အာဇာနည်တွေအကြောင်း ပြောရ၊ ရေးပြရတာ ကျေနပ်စရာ ကောင်းခဲ့ပါတယ်။ အာဇာနည်တွေဟာ မသေကြပါဘူး။ နိုင်ငံအနှံ့မှာ ရှိပါတယ်။ အဖူးစောဘဦးကြီးရဲ့ အာဇာနည်စိတ်ဓာတ်နဲ့ ကျနော်တို့ ဆက်လက်လျှောက်လှမ်းနေရင် ကျနော်တို့အားလုံး စောဘဦးကြီးလို အာဇာနည်ပါပဲ။

တော်လှန်သူတွေဟာ အာဇာနည်စိတ်ဓာတ်နဲ့ တော်လှန်ရက်စွဲတွေကို ထမ်းပိုးရင်း မပြီးပြတ်သေးတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ လမ်းစဉ်ကို ဆုပ်ကိုင်လို့ မျိုးဆက်တခုနဲ့ တခု ရှေ့နောက် ဆက်လျှောက်ကြလျက်...

ချစ်မင်းနွဲ့ကြည် (ရဲဘော် ၃၂) ရေးသည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013