DVB Logo
Home
မြန်မာသတင်း
မြိတ် ခလရ ၁၀၃ မှ တပ်ကြပ်ကြီး ၁ ဦးနှင့် ကောလင်း၌ တပ်သား ၃ ဦး လက်နက်ဖြင့် အလင်းဝင်
DVB
·
July 27, 2023
မြိတ် ခလရ ၁၀၃ မှ တပ်ကြပ်ကြီး ၁ ဦးနှင့် ကောလင်း၌ တပ်သား ၃ ဦး လက်နက်ဖြင့် အလင်းဝင်
Donate to DVB

လက်နက်နဲ့အတူ ပြည်သူ့ဘက် ရပ်တည်ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ကြပ်ကြီးတယောက်ကို ကျပ် ၄၄ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါတပ်ကြပ်ကြီးဟာ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ အခြေစိုက်တဲ့ ကမ်းရိုးတန်းတိုင်းဒေသ စစ်ဌာနချုပ်(ကရခ) လက်အောက်ခံ ခလရ(၁၀၃) တပ်ကဖြစ်ပါတယ်။

သူနဲ့အတူ  MA(3) (၁) လက်၊ ကျည် ဘောက် နှစ် ခု၊ 5.56 ကျည် (၃၁၇) တောင့်နဲ့ ဇူလိုင် ၂၆ ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင် တပ်ရင်း အမှတ် (၁) ကတဆင့် ပြည်သူ့ဘက် ရပ်တည်ပူးပေါင်းလာတာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်မှာလည်း ဇူလိုင် ၂၆ ရက်နေ့က ကောလင်း အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားသုံးယောက် လက်နက်သုံး လက်နဲ့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာ လာရောက်အလင်းဝင်ခဲ့တယ်လို့  ကောလင်း PDF ထံကသိရပါတယ်။

ကောလင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက “အခြေအနေက သူတို့က ဒီစစ်ကောင်စီကို အယုံအကြည်မရှိတော့တာကြောင့် အလင်းဝင်လာတယ်လို့ သိရပါတယ်၊ လူသုံးယောက် ဝင်လာတယ်၊ လက်နက်ကတော့ သုံးလက် ပါတယ်၊ ကျည်ဆန်တွေလည်း ပါတယ်။ ကျည်ကပ်အပိုတစ်ခုစီလည်း ပါတယ်။ တာဝန်ထမ်းဆောင်နေတာကနေ ပကဖ တွေကို ဆက်သွယ်ပြီး အလင်းဝင်လာတာ” လို့ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားသုံးယောက်ဟာ ခမရ(၃၆၉)က တပ်သားတွေဖြစ်ပြီး ကောလင်းမြို့ မြို့နယ်အုပ်ချုပ်ရေးရုံးမှာ တာဝန်ထမ်းဆောင်နေရာကနေ ထွက်ပြေးလာပြီး အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ အလင်းဝင်ရောက်ပြီးနောက် ကောလင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ အသွားအလာ စစ်ဆေးတင်းကျပ်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။‌

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား သုံးယောက်ကို လုံခြုံတဲ့နေရာ ပို့ဆောင်ထားပြီး သူတို့ရဲ့ သဘောဆန္ဒအတိုင်း တပ်သားတွေသွားလို့တဲ့နေရာကို ပို့ဆောင်ပေးဖို့ရှိတယ်လို့ ကောလင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ကောလင်းမြို့နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း CDM ပြုလုပ်ပြီး အလင်းဝင်လာတဲ့ ရဲတပ်သား ၆ ယောက်နဲ့ စစ်ကောင်စီတပ်သားအယောက် ၃၀ ကျော်ရှိလာပြီလို့ သိရပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။

NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို NUG အစိုးရက တိုက်တွန်ထာားပြီး ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလိုတာ၊ ဒါမှမဟုတ် တပ်တွင်း သတင်းပေး ဖရဲသီးအဖြစ် ရပ်တည်လိုတဲ့ တပ်မတော်သားတွေအနေနဲ့လည်း နီးစပ်ရာ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(PDF)၊ တပ်ရင်း/စစ်ကြောင်းတွေ၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)တွေဆီ ဆက်သွယ် ချိတ်ဆက်ဆောင်ရွက်နိုင်တယ်လို့လည်း ပြောထားပါတယ်။ 

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြတယ်လို့ ကြေညာထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013