
ဆရာမ ကြည်လင်အေး
ကဗျာရေးသူ
စုဝေးအုံကြွ
မတ်လ သုံးရက်
သူ့သက်မငဲ့
ပန်းဝင်ခဲ့တာ
ငါးနှစ်ကြာပြီ။ ။
(စာရေးဆရာမ ကဗျာဆရာမ ကြည်လင်အေး (ခ) ဒေါ်မြင့်မြင့်ဇော်)
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးစအချိန်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်ရဲ့ ဆန္ဒပြသူတွေအပေါ် ပစ်ခတ်တာတွေ ကြမ်းနေတယ်။ အမေက သူ့ရဲ့ အသက်အန္တရာယ်အတွက် ဆန္ဒပြမသွားဖို့ တားတော့ ဆရာမ ကြည်လင်အေးက ပြန်ပြောလိုက်တာက “ဒီလိုပုံ ဒီလို အခြေအနေကြီးနဲ့ အသက်ရှင်နေတော့ကော ဘာထူးဦးမှာလည်း အမေရယ်” တဲ့။
၂၀၂၁ ခုနှစ် မတ် ၃ ရက်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဘုရားနီမီးပွိုင့်နားမှာ ကဗျာဆရာမ ကြည်လင်အေး၊ ကဗျာဆရာ ကေဇဝင်းတို့အပါအဝင် ဆန္ဒပြသူ ၉ ဦးကို အာဏာသိမ်းစစ်တပ်က ပစ်သတ်ခဲ့ပါတယ်။ အဲဒီ မတ်လ ၃ ရက်က မုံရွာ ဘုရားနီအနီး သပိတ်စစ်ကြောင်းကို အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းပစ်ခတ်တာကြောင့် သေဆုံးသူ ၉ ဦးထဲမှာ မောင်ဇင်မျိုးမောင် (၁၈ နှစ်)၊ မောင်မင်းခန့်ကျော် (ခ) မောင်ဖိုးသဲ (အသက် ၁၇ နှစ်)၊ ကိုဇော်သိန်းအောင် (၂၀ နှစ်)၊ မကျော့နန္ဒာအောင် (၂၅ နှစ်)၊ ကိုမိုးအောင် (၂၃ နှစ်)၊ ကိုဝေယံ (ခ) ကိုကံချွန် (၂၅ နှစ်)၊ ကိုနိုင်ဝင်း (၄၅ နှစ်)၊ ကဗျာဆရာ ကေဇဝင်း (၃၉ နှစ်) နဲ့ ဆရာမ ဒေါ်မြင့်မြင့်ဇင် (ခ) စာရေးဆရာမ ကြည်လင်အေး (၃၆ နှစ်) တို့ပါ။
ကြည်လင်အေးကိုထိတဲ့ ကျည်ဟာ ရှေ့ကနေဖောက်ပြီး နံရိုးတွေပါ ကျိုးသွားတာလို့ မုံရွာမြို့သားတွေက ပြောပါတယ်။ ကြည်လင်အေးကို လူနာတင်ကားနဲ့သယ်ပြီး နောက်လူနာတင် ကားတစီးနဲ့လည်း ထပ်ပြောင်းပြီး အရင် ဦးတည်တဲ့ ဆေးရုံမဟုတ်ဘဲ နောက်ဆေးရုံတခုကို သွားခဲ့လို့ စစ်တပ်က မလိုက်နိုင်ခင် အလောင်းပြန်ထုတ်နိုင်ခဲ့တာပါ။ တနေ့တည်း ကျဆုံးတဲ့ ကဗျာဆရာ ကေဇဝင်းဆိုရင် နောက်နေ့မှ အလောင်းသွားထုတ်တာပါ။ ခု ၂၀၂၆ ခုနှစ် မတ်လ ၃ ရက်ကဆို ဆရာမ ကြည်လင်အေး ကျဆုံးခဲ့တာ ၅ နှစ်ပြည့်ပါ။ နွေဦးတော်လှန်ရေးမှာ ပထမဆုံး စစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့ရပါသော ကဗျာဆရာမ ဖြစ်သလို နွေဦးတော်လှန်ရေး လှုပ်ရှားမှုအတွင်း ကျဆုံးတဲ့ တဦးတည်းသော ကဗျာဆရာမလည်း ဖြစ်ပါတယ်။
ဆရာမကြည်လင်အေး ချန်ထားခဲ့သောကဗျာ
ဘာကိုမှ မြဲမြဲ
မဆုပ်ကိုင်နိုင်တဲ့
သုညလက်ပါ။
တဖြတ်ဖြတ်
မလွှင့်နိုင်တဲ့ အလံကို
ကိုင်ရင်း
ပန်းဝင်ခဲ့ပါပြီ။ ။
(ကြည်လင်အေး) ၁၉၈၅ - ၂၀၂၁
ပန်းဝင်စောခဲ့ရတဲ့ ပရဟိတဆရာမ
ဆရာမကြည်လင်အေးဟာ စစ်ကိုင်းတိုင်း မုံရွာမြို့က မြနန်းစံဘော်ဒါကျောင်း တည်ထောင်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မေတ္တာဓိက အွန်လိုင်း ပရဟိတအသင်း တည်ထောင်ပြီး မြန်မာပြည်တဝန်းက လိုအပ်နေသူတွေကို နေရာမရွေး လိုက်လံ လှူဒါန်းနေသူပါ။ သူ့ရဲ့ ပရဟိတ ဆောင်ပုဒ်ကတော့ “နီးနီးဝေးဝေး နွေးထွေးကျင်နာ မျက်နှာမရွေး အေးမြမှုကို ပေးမည်မုချ မေတ္တာဓိက ပရဟိတ” ဖြစ်ပါတယ်။ ဆရာမကြည်လင်အေးကို ၁၉၈၅ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ ကျဆုံးချိန်မှာ ၃၆ နှစ် ရှိပါပြီ။
“A” သွေး
09 -435960972
ခန္ဓာကိုယ်အားလှူဒါန်း
သူကျဆုံးချိန်ဟာ သူ့မွေးနေ့ရောက်ဖို့ ရက်ပိုင်းအလိုမှာပါ။ စစ်တပ်ကျည်သင့်ပြီး ကျဆုံးသွားခဲ့ရင် သူ့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို နောက်ထပ် အစားထိုးဖို့ လိုအပ်နေသူတွေအတွက် ပေးလှူခဲ့ကြောင်း သူ့လက်ဖျံမှာ မင်နီနဲ့ စာရေးထားခဲ့တယ်။ သွေးက (A) သွေး၊ ခန္ဓာကိုယ်ကို လှူခဲ့ကြောင်း ရေးသားထားပြီး ဆရာဝန်က မြင်စေဖို့ပါ။ ကဗျာဆရာမ ကြည်လင်အေးဟာ နွေဦးတော်လှန်ရေး ဆန္ဒပြပွဲဝင်နွှဲနေစဉ်မှာပဲ ငါ့သက်မငဲ့၊ ငါ့တွက်မကြည့်၊ သေထိတွေးထား၊ သေသွားလျှင်သာ၊ ငါ့ခန္ဓာယူ၊ ငါလှူခဲ့ကြောင်း၊ စာကြောင်းနီနဲ့ ရေးသွားခဲ့သူပါတကား။
နွေဦးတော်လှန်ရေးအောင်ပွဲရပြီးတဲ့အခါ
မြန်မာကဗျာဆရာတွေဟာ
ကေဇဝင်း၊
ကြည်လင်အေး
အပါအဝင်
အနောက်မြောက်လွင်ပြင်က ကဗျာဆရာတွေကို
အလေးပြုဖို့ စုဝေးရောက်ရှိကြပါလိမ့်မယ်။ ။
(မောင်လင်းရိပ်)
“ခက်သီနှင့်တကွ အနောက်မြောက်လွင်ပြင်ကဗျာဆရာများ ဆီသို့” ကဗျာမှ
“ဆရာမဒေါ်မြင့်မြင့်ဇင် (ခ) ကဗျာဆရာမ ကြည်လင်အေးဟာ စစ်တပ် အာဏာသိမ်းတဲ့နေ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်မှောက်ကြတဲ့ မုံရွာမြို့မှာ လမ်းမတွေပေါ်ထွက်တဲ့ လူထောင်သောင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပစ်ခတ်မှုတွေကြောင့် သပိတ်မှာ လူတွေ နည်းပါးတဲ့အချိန်တွေမှာတောင် သူက ဦးဆောင် ဆန္ဒပြခဲ့ပါသေးတယ်။ ဒါကြောင့်လည်း အာဏာသိမ်းပြီး တလကျော်အကြာ မတ်လ ၃ ရက်က သူကျဆုံးသွားခဲ့ရတာပါ။” လို့ သူ ဦးဆောင်ဖွင့်လစ်တဲ့ မြနန်းစံဘော်ဒါရဲ့ ကျောင်းသားတဦးက ပြောပြပါတယ်။ သူ နောက်ဆုံး ပြောသွားတာကတော့ “မျက်ရည်ယိုဗုံးတွေ ကျလာနေတယ်။ မျက်စိတွေ စပ်နေပြီ၊ ဒါပေမဲ့ ငါတို့ နောက်မဆုတ်ကြဘူး” ဆိုပြီး အော်ပြောနေတာပါလို့ သူရဲ့ ကျောင်းသားက ပြောပြခဲ့ပါတယ်။
ခက်သီ
ကေဇ၀င်း
ကြည်လင်အေး
တိုက်ပွဲ၀င်ကဗျာဆရာတွေ
သွေးအိုင်တွေကြားက
ရေးသွားခဲ့တဲ့သမိုင်း
ခေတ်အရိုင်းကို တွန်းဖွင့်
မွန်းကြပ်မှုကို တိုက်ပွဲဆင်
မြေပြင်ပေါ်က ကဗျာများ
မိုးကောင်းကင်တလွှား
ကြယ်နဂါးငွေ့တန်းများဖြစ်
ရပ်တည်ချက်တွေ သစ္စာဖြစ်
မေတ္တာတရားတွေ အချစ်ဖြစ်
စွန့်လွှတ်သွားကြပုံများဗျာ
စွန့်စားသွားကြပုံများဗျာ
ကြောက်ခမန်းလိလိပါဘဲ
မင်းတို့
ပေါင်းကာစုရုန်း အဆုံးမရှိ
ကမ္ဘာတည်သရွေ့ ဥဒါန်းတွင်စေဘို့
ပျိုးချပေါင်းသင်ခဲ့တဲ့ ချစ်နှင်းဆီပင်။
(ကိုအောင်မှိုင်း) “ဥဒါန်းမကျေ” ကဗျာမှ
“ဒေါ်မြင့်မြင့်ဇင် (ခ) ဆရာမ ကြည်လင်အေးဟာ ကလေးဘဝကတည်း စာဖတ်အားကောင်းခဲ့သူဖြစ်ပြီး အထက်တန်းလောက်ကစ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုတွေ ရေးပါတယ်။ သူရဲ့ ကလောင်ခွဲတခုက “သုည” ဖြစ်ပြီး ရယ်စရာမဂ္ဂဇင်းမှာ ရေးခဲ့တာပါ။ သင်္ချာနဲ့ ဘွဲ့ရခဲ့ပြီးနောက် ပညာဒါန ဘုန်းတော်ကြီးကျောင်းမှာ ကျောင်းသားတွေကို ဓာတုဗေဒ သင်ပေးခဲ့သလို သူ့ရဲ့ နေအိမ်မှာလည်း ကျောင်းသားတွေကို သင်ကြားပေးခဲ့တယ်။ နောက်ပိုင်း ၂၀၁၄ မှာ ဆယ်တန်းကျောင်းသားတွေအတွက် ငွေကြေးမများတဲ့ စာသင်ဝိုင်းကို သူ့အိမ်မှာ ဖွင့်ပြီး နောက်ပိုင်း ပရဟိတဆန်ဆန် ဘော်ဒါဆောင် ဖွင့်ပါတယ်။ ငွေကြေးကို အဓိကမထားဘဲ မရှိဆင်းရဲသူတွေကို အိတ်စိုက်ကူညီပေးလေ့ရှိခဲ့တယ်လို့ မုံရွာမြို့ခံတွေက ပြောပြကြပါတယ်။
သတ်လည်းမကြောက်
ရဲရဲတောက်တည့်
တောက်လျှောက်တော်လှန်ကြကုန်အံ့။ ။ (ဗလကသ - ဖေ့စ်ဘွတ်ခ်မှ)
ဒီကဗျာလေးဟာ ကဗျာဆရာမကြည်လင်အေးအတွက် ရေးထားခဲ့လေသလား။ သူ မသေခင် ခန္ဓာကိုယ် ပေးလှူကြောင်း လက်မှာ စာနီကို ရဲရဲနီစွာ ရေးခဲ့ပြီး အသေခံ အသက်စွန့် စစ်အာဏာရှင်ကို တိုက်ပွဲဝင်သွားခဲ့တဲ့ မိန်းမအာဇာနည် ကဗျာဆရာမ တယောက်အကြောင်း ဒီ့ထက်ပို ကောင်းကောင်းသိကြစေဖို့ ထပ်မံ ရှာဖွေ ပြုစု ဂုဏ်ပြု ရေးသားကြဖို့ လိုအပ်ဦးမှာပါ။ ဒါ့အပြင် “ဒီလိုပုံ ဒီလို အခြေအနေကြီးနဲ့ အသက်ရှင်နေတော့ကော ဒီနိုင်ငံမှာ သေနေတာနဲ့ အတူတူပဲ။ ရှင်နေတော့ကော ဘာများထူးနေဦးမှာလည်း အမေရယ်။” ဆိုတဲ့ သူ့ရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး စစ်ဖိနပ်အောက်က ရုန်းထွက်ဖို့မှတပါး ဘာမျှ အရေးမကြီးတော့ဘူးဆိုတဲ့ ဒဿနဟာလည်း လိုက်နာ ကျင့်သုံးရမဲ့ အတွေးအခေါ်တခုပါ။ ကိုလိုနီခေတ်က ဆီးဘန်နီ ဆရာတော်ရဲ့ “သေသော်မှတည့် ဪကောင်း၏” ဆိုတဲ့ ငယ်စဉ်က ကျောင်းသုံး ကဗျာ လင်္ကာစာသားလိုပါပဲ။ နွေဦးတော်လှန်ရေးကြီးမှာ မှတ်သားစရာ စိတ်ဓာတ် ခံယူချက်တခုပါပဲ။
ဒါကြောင့် ဒီနေ့ကာလို ကဗျာဆရာမ ကြည်လင်အေး ကွယ်လွန်ခြင်း ၅ နှစ်မြောက် အချိန်ကာလမှာ သွေးအေးနေကြသူတွေ စိတ်ပျက် လက်လျှော့စကား ပြောနေကြသူတွေ (အထူးသဖြင့် အမျိုးသားတွေ) ကို မိန်းမ အာဇာနည် ကဗျာဆရာမ ကြည်လင်အေးလို စိတ်ဓာတ်ထားရှိကြပါ။ စိတ်ဓာတ်ကျစကား ပြောနေကြသူတွေကို ကဗျာဆရာမ ကြည်လင်အေးရဲ့ အမြင်လို “ဖက်ဆစ်စစ်တပ် စစ်အာဏာရှင် လက်အောက်မှာ နေတာထက် သေသော်မှတည့် ပိုကောင်း၏” ဆိုတဲ့ စိတ်ဓာတ်ကို မွေးမြူကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ။
“ကြည်လင်အေး” ခေါ်
ဒို့ရဲဘော်၏
လွန်သော်ငါးနှစ်
မမေ့ရစ်ပါ
လွမ်းစာရေးကာ ဂုဏ်ပြုလိုက်ပါသည်။ ။











