DVB Logo
Home
မြန်မာသတင်း
ကျောက်ကြီးနှင့် နတ်သံကွင်းအကြား ညဘက် မသွားလာကြရန် KNDO သတိပေး
DVB
·
July 27, 2023
ကျောက်ကြီးနှင့် နတ်သံကွင်းအကြား ညဘက် မသွားလာကြရန် KNDO သတိပေး
Donate to DVB

စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုကို ဒိုင်းကာအဖြစ် အသုံးပြုပြီး စစ်ရေးလှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ဆောင်ရွက်နေကြတာကြောင့် မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နဲ့ နတ်သံကွင်းမြို့နယ်အကြား လမ်းပိုင်းတွေမှာ ဒေသခံတွေအနေနဲ့ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း သွားလာခြင်းမပြုကြဖို့ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO အမှတ် ၃ တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။

ကားလမ်းနံဘေး ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ အရေးပေါ်အခြေအနေ အရ သွားလာဖို့လိုအပ်ခဲ့ရင်လည်း တာဝန်ရှိခေါင်းဆောင်တွေကို ကြိုတင်အသိပေးအကြောင်းကြားဖို့လည်း ပြောထားတာပါ။

ဒီညွှန်ကြားချက်ဟာ ဇူလိုင် ၂၇ ရက် ဒီကနေ့ကနေ ပြန်လည်မရုပ်သိမ်းမချင်း အမိန့်တည်မှာ ဖြစ်ပြီးတော့ လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ပါက ဖြစ်လာမယ့် အကျိုးဆက်တွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။

ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့က ရဲစခန်းကို ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းမှာ ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့အပြင် အဲဒီဘက်က တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုလဆန်းပိုင်းမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်​ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၂) အနေနဲ့ စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်မှာ ဖြစ်တာကြောင့် ပြည်သူတွေကို သတ်မှတ်လမ်းပိုင်းတွေမှာ နေ့စဉ် ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း သွားလာခြင်း မပြုကြဖို့ အသိပေးထုတ်ပြန်ထားခဲ့ပါတယ်။

စစ်ရေးအရှိန်မြှင့်မယ့် သတ်မှတ်လမ်းပိုင်းတွေထဲမှာ ပဲခူးတိုင်းထဲက ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမ၊ ပဲခူး-စစ်တောင်းလမ်းပိုင်းနဲ့ မွန်ပြည်နယ်ထဲက ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံလမ်းပိုင်းတွေ ပါဝင်နေတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013