DVB Logo
Home
မြန်မာသတင်း
နတ်သံကွင်းမြို့အနီး တိုက်ပွဲဖြစ်ပွား စစ်တပ်က အင်အားဖြည့်တင်းနေသဖြင့် ပြည်သူများထွက်ပြေး
DVB
·
June 9, 2023
နတ်သံကွင်းမြို့အနီး တိုက်ပွဲဖြစ်ပွား စစ်တပ်က အင်အားဖြည့်တင်းနေသဖြင့် ပြည်သူများထွက်ပြေး
Donate to DVB




ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့အနီးက တောင်ပေါ်မှာ ဇွန်လ ၉ ရက် မနက် ၄ နာရီခွဲလောက်က စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသလို နတ်သံကွင်းမြို့ပေါ်မှာ စစ်ကောင်စီက အင်အားဖြည့်တင်းနေတာကြောင့် ထွက်ပြေးနေရတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။



ဇွန်လ ၆ ရက် မနက်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ ၃ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့အခြစိုက် စစ်ကောင်စီရဲ့ရဲစခန်း၊ စစ်တောင်းမြစ်တံတားအရှေ့ကင်း၊ အနောက်ကင်း ရေတွင်းကုန်းရွာနဲ့ ဘုံသတောရွာအနီးက လုံခြုံရေးစခန်းတွေ KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားလာတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားနေတာပါ။



ဒေသခံပြည်သူတဦးက”နတ်သံကွင်းအနီးက တောင်ပေါ်မှာ မနက်စောစောပဲ တိုက်ပွဲတွေဖြစ်နေတာ။ လက်နက်ကြီး ပစ်ချတာလည်းရှိတယ်။အခုထိလည်း နတ်သံကွင်းပြည်သူတွေ ထွက်ပြေးနေတုန်းပဲ”လို့ ပြောပါတယ်။



ဒါအပြင် တိုက်ခိုက်ခံထားရတဲ့ ဈေးအနီးက ရဲစခန်းအတွင်းမှာ စစ်ကောင်စီက အင်အားဖြည့်တင်းထားပြီး နတ်သံကွင်းဈေးကို ဈေးဝယ်လာရောက်သူတွေကို အားလုံးပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် ဈေးဆိုင်တွေပိတ်သိမ်းထားရသလို့ လမ်းတွေပေါ်မှာ လူတွေရှင်းနေတယ်လို့စစ်ဘေးရှောင်အရေးကူညီပေးနေသူတဦး ပြောပါတယ်။



“ရဲစခန်းက ဈေးနဲ့နီးတယ်။ တိုက်ပွဲငြိမ်တဲ့အချိန် ဈေးသွားဝယ်တဲ့သူတွေကို အကုန်လုံးပစ်ပလိုက်မယ်။ ရန်သူမှန်းမသိ ပြည်သူမှန်းမသိ အဲလိုပြောတော့ ဆိုင်ရှင်တွေလည်းကြောက်တော့ ‌ဈေးတွေလည်းအကုန်လုံးပိတ်။ ဒေသခံပြည်သူတွေလည်း ဈေးကပြန်ထွက်လာရတယ်။ ဈေးထဲမှာကော လမ်းပေါ်ကော ပြောင်ရှင်းနေတာပဲ”



လတ်တလောမှာလည်း နတ်သံကွင်းမြို့နဲ့အနီးတဝိုက်မှာ စက်သုံးဆီပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး တိုက်ပွဲမဖြစ်ပွားခင်က ဓာတ်ဆီ ၁ ဂါလံကို ၉၅၀၀ ကျပ်ကနေ ၁၂၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့တဲ့အပြင် လုဝယ်ယူခဲ့ရသလို အခု ဓာတ်ဆီ၊ ဒီဇယ်တွေ လုံးဝပြတ်တောက်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။



စစ်ကောင်စီရဲ့ နတ်သံကွင်းရဲစခန်းအပါအဝင် လုံခြုံရေးစခန်း ၅ ခုတိုက်ခိုက်ခံရပြီးနောက်ပိုင်း လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ၁၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပါတယ်။


Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013