DVB Logo
Home
မြန်မာသတင်း
နံဇကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄၀ ကျော် သေဆုံးဟု KNU ထုတ်ပြန်
DVB
·
July 26, 2023
နံဇကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄၀ ကျော် သေဆုံးဟု KNU ထုတ်ပြန်
Donate to DVB

KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်ကြီးမြို့နယ်ခေါ် လယ်ဒိုမြို့နယ်ထဲက နံဇကျေးရွာတိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က တပ်ခွဲမှူးအဆင့် ၁ ယောက်အပါအဝင် ၄၁ ယောက်သေဆုံးပြီး အယောက် ၄၀ လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU − ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်ညပိုင်းက အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄၊ ပဲနွယ်ကုန်းအခြေစိုက်တပ် ခမရ-၃၀၇၊ ကညွတ်ကွင်း အ ခြေစိုက်တပ် ခမရ-၄၃၉၊ ရွှေကျင်အခြေစိုက်တပ် ခမရ-၃၅၀နဲ့ ပျူစောထီးအဖွဲ့၊ ရဲတပ်ဖွဲ့ အင်အားစုစုပေါင်း ၄၀၀ လောက်နဲ့ KNLA တပ်ရင်း(၉)၊ ပူးပေါင်းတပ်ဖွဲ့တို့ကြား အင်ကုန်းကျေးရွာဘေးမှာ ၁ ကြိမ်၊ နံဇကျေးရွာမှာ ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေထဲမှာလည်း စစ်ကောင်စီ ဒုတပ်ရင်းမှူး ၁ ယောက်ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၉) နဲ့  ပူးပေါင်းတပ်တွေဘက်ကတော့ ထိခိုက်ဒဏ်ရာ တစုံတစ်ရာမရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ နံဇကျေးရွာထဲကို ဝင်ရောက်လာပြီး ဇူလိုင် ၂၃ ရက်အထိ ၄ ရက်ကြာအခြေချခဲ့တဲ့ အချိန်အတွင်း နေအိမ် အလုံး ၂၀ ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ကျေးရွာဒေသခံတွေရဲ့ ပစ္စည်းဥစ္စာတွေ၊ ပရိဘောဂတွေ၊ ကျွဲနွားအပါအဝင် အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သိမ်းယူပြီး ကားနဲ့ ပြန်သယ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၄ ရက်မနက်ပိုင်းမှာတော့ KNLA တပ်ရင်း(၉) နဲ့  ပူးပေါင်းတပ်တွေ နံဇကျေးရွာထဲ ပြန်လည်ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရာမှာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဆီက M-79 အလုံး ၃၀ လုံး၊ Nato ပြောင်း ၁ ချောင်း၊ MA ကျည်ဆန် ၄,၂၆၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေတွေထဲမှာတော့ ၂၀၂၃ ခုနှစ် ပထမ ၆ လတာအတွင်း တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်းအကြိမ် ၂,၅၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဘက်က တပ်ရင်းမှူး ၅ ယောက်၊ ဒုရင်းမှူး ၅ ယောက်တို့အပါအဝင် စုစုပေါင်း ၂၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိုက်ပွဲတွေအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၇၆ ယောက် ကျဆုံးခဲ့ပြီးတော့ ၂၅၇ ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG ကာကွယ်​ရေးဝန်ကြီးဌာန  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်ကလည်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၂) အနေနဲ့ စစ်ကောင်စီတပ်တွေကို တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်မှာဖြစ်လို့ ပြည်သူတွေ သတ်မှတ်လမ်းပိုင်းတွေမှာ နေ့စဉ် ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း သွားလာတာမလုပ်ဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃ သောင်းလောက်ထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁ သောင်းကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013