DVB Logo
Home
နိုင်ငံတကာ
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ထိုင်းနိုင်ငံသို့ ပြန်လာတော့မည်
DVB
·
July 26, 2023
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ထိုင်းနိုင်ငံသို့ ပြန်လာတော့မည်
Donate to DVB

ထိုင်းအာဏာသိမ်းစစ်ကောင်စီက တရားစွဲပြီး ဖမ်းဝရမ်းထုတ်ခံထားရလို့ ပြည်ပကို ၁၆ နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ  ဩဂုတ် ၁၀ ရက်နေ့မှာ အမိမြေ ထိုင်းနိုင်ငံကို ပြန်လာမယ်လို့ သမီးဖြစ်သူက ပြောပါတယ်။

သက်ဆင်ရဲ့သမီးငယ် ဖွေ့ထိုင်းပါတီခေါင်းဆောင် ဖဲထောင်းထန်း ရှင်နာဝပ် ခေါ် အွန်အင်က “နှစ်စဉ် ဇူလိုင်လ ၂၆ ရက်နေ့ဟာ သမီးအတွက် အရေးပါတဲ့နေ့တနေ့ဖြစ်တယ်၊ ဒီနှစ်မှာတော့ ကိုယ့်ကိုယ်ကိုယ်တောင် မယုံချင်ဘူး၊ အခုရေးနေတာက နောက်လ ဩဂုတ် ၁၀ ရက်နေ့မှာ ဒွန်းမောင်းလေဆိပ်ကနေ အဖေပြန်လာတော့မှာ” လို့ သူ့ရဲ့ ကိုယ်ပိုင် တွစ်တာမှာ ရေးသားပါတယ်။

“အဖေဟာ ဝန်ကြီးချုပ်တယောက်ဖြစ်တယ်။ လူသိများသူတဦးဖြစ်တယ်။ ထိုင်းနိုင်ငံသားတဦး ဖြစ်တယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်တွေ အများကြီးလုပ်ခဲ့တယ်။ ကံကြမ္မာရဲ့ ရိုက်ခတ်မှုကြောင့် အဝေးကိုရောက်ခဲ့ရတယ်။ အမိမြေကို ပြန်လာမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကတည်းက အဖေပြောခဲ့တယ်။ လူတိုင်းကို စိတ်ချမ်းသာစေချင်တယ်” လို့ ဒီကနေ့ ဇူလိုင် ၂၆ ရက်မှာ ကျရောက်တဲ့ သက်ဆင်ရဲ့ ၇၄ နှစ်မြောက် မွေးနေ့ဆုတောင်းနဲ့အတူ သမီး အွန်အင်က ရေးသားထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် တည်ထောင်ခဲ့တဲ့ ဖွေ့ထိုင်းပါတီဟာ လက်ရှိချိန်မှာ အစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့ ကြိုးစားနေတဲ့အချိန်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဆန္ဒမဲအများဆုံးရထားတဲ့ MFP ပါတီက အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းဖို့ အဆင်မပြေတော့တာကြောင့် ဖွေ့ထိုင်းပါတီကို လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်နေရာနဲ့ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်နေတဲ့ ထောက်ခံမဲ ၃၇၆ မဲ ပြည့်မီဖို့ ကြိုးစားနေတာပါ။

အဆိုပါဆန္ဒမဲပြည့်မီဖို့ အရင်စစ်အာဏာရှင်ဘက်က ပါတီတွေနဲ့ ပူးပေါင်းမှ ဖြစ်မယ့်အခြေအနေ၊ MFP ပါတီနဲ့ လက်တွဲဖြုတ်ရမယ့် အခြေအနေတွေမှာလည်း ရှိနေတာကြောင့် ဝေဖန်ကန့်ကွက်မှုတွေ ခံနေရလို့ ဖွေ့ထိုင်းပါတီ အစိုးရဖြစ်ရေး အခက်အခဲတွေ ရှိနေပါတယ်။

နောက်လ ၁၀ ရက်ထိ အစိုးရမဖွဲ့နိုင်သေးရင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ သူ့ကို တရားစွဲခဲ့တဲ့ စစ်အာဏာရှင် ဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချား ယာယီဝန်ကြီးချုပ် တာဝန်ယူထားရတဲ့ လက်ထက်မှာ တိုင်းပြည်ကို ပြန်လာရမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြန်လာရင် လေဆိပ်ကနေ တရားရုံး၊ တရားရုံးကနေ အကျဉ်းထောင်ထိ ခေါ်ဆောင်သွားဖို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးလမ်းကြောင်း အဆင့်ဆင့် သတ်မှတ်ထားတဲ့ စာတွေလည်း လူမှုကွန်ရက်မှာ ပေါက်ကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ပြစ်ဒဏ်ထိခံထားရတဲ့အမှုတွေမှာ ဘန်ကောက် ရာ့ချ်ဒါးနယ်မြေက အများပိုင်မြေကွက်ကို ကိုယ်ပိုင်မြေအဖြစ် ဝယ်ယူမှု - ထောင်ဒဏ် ၂ နှစ်၊ တရားမဝင် ၂ လုံး၊ ၃ လုံးတိုက်ထီပြဿနာ မဖြေရှင်းနိုင်မှု - ထောင်ဒဏ် ၂ နှစ်၊ Exim Bank ကနေ မြန်မာနိုင်ငံကို ဘတ်သန်းပေါင်း ၄,၀၀၀ ချေးငှားမှု - ထောင်ဒဏ် ၃ နှစ်၊ ဆင်ကော်ပိုရေးရှင်းကုမ္ပဏီမှာ တပါးသူအမည်နဲ့ အစုရှယ်ယာပါဝင်မှု - ထောင်ဒဏ် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခံထားရပါတယ်။ အဲဒီထဲက ရာ့ချ်ဒါးမြေကွက်အမှုမှာ သက်တမ်းကုန်သွားပြီဖြစ်ပြီး နောက်ထပ် ထောင်ဒဏ် ၁၀ နှစ် ကျခံရဖို့ ရှိနေပါတယ်။

အစိုးရအိမ်တော်ပြောခွင့်ရ နိုင်းဝိစစနုခေးငမ်းကတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် အနေနဲ့ ဥပဒေအရ လွတ်ငြိမ်းချမ်းသာခွင့် တောင်းဆိုခွင့်ရှိပေမဲ့ ပြစ်ဒဏ်ရဲ့ ၃ ပုံ ၂ ပုံကို ခံယူပြီးသူ ဖြစ်ရမယ်လို့ ပြောပါတယ်။

ကိုးကား - VoiceTv

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013