DVB Logo
Home
မြန်မာသတင်း
၂ နှစ်ခွဲခန့်အတွင်း စစ်တပ်က ပြည်သူ ၃၈၄၅ ဦးကို သတ်ဖြတ်၊ ဖမ်းဆီးခံရသူ ၂၄၀၀၀ ကျော်ရှိ
DVB
·
July 25, 2023
၂ နှစ်ခွဲခန့်အတွင်း စစ်တပ်က ပြည်သူ ၃၈၄၅ ဦးကို သတ်ဖြတ်၊ ဖမ်းဆီးခံရသူ ၂၄၀၀၀ ကျော်ရှိ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၈၄၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၀၀၅ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၆၁၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၆,၉၃၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံ ထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၈ ယောက် ရှိလာခဲ့ပါပြီ။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၃၈၇ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ဒီကနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေကနေ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆,၉၃၁ ယောက် ရှိလာခဲ့ပြီလို့ သိရပါတယ်။ အဲဒီထဲမှာ ထောင်ဒဏ် ၁ ကြိမ်ထက်ပိုပြီးတော့ အမိန့်ချခံရသူ အမျိုးသမီး ၂၆ ယောက်၊ အမျိုးသား ၂၁၉ ယောက်နဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူ ၁ ယောက်၊ စုစုပေါင်း ၂၄၆ ယောက် ရှိပြီး ရန်ကုန်တိုင်းမှာ အယောက် ၉၀ နဲ့ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ထောင်ဒဏ် ၁ ကြိမ်ထက်ပိုပြီးတော့ ပြစ်ဒဏ်ချမှတ်ခံရသူ ၂၄၆ ယောက်ထဲမှာ ကျောင်းသူ ၃ ယောက်နဲ့ ကျောင်းသား ၁၆ ယောက်၊ စုစုပေါင်း ၁၉ ယောက် ပါဝင်နေတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကလည်း အင်းစိန်အကျဉ်းထောင်မှာ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ မြေပြင်သပိတ် ကော်မတီ တာဝန်ခံ ကိုကောင်းခန့်နိုင် အပါအဝင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားတွေ ဖြစ်ကြတဲ့ ကိုအေးမင်းထိုက်၊ ကိုဖြိုးကောင်းထိုက်၊ ကိုဟိန်းထက်ဇော်နဲ့ ကိုသီဟအောင်တို့ကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ဈ)၊ ၅၄ တို့နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်ခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013