DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်သစ် ရွေးချယ်တင်မြှောက်ပွဲ မသေချာသေး  
DVB
·
July 25, 2023
ထိုင်းဝန်ကြီးချုပ်သစ် ရွေးချယ်တင်မြှောက်ပွဲ မသေချာသေး  
Donate to DVB

 

ထိုင်းနိုင်ငံရဲ့ အယောက်  ၃၀ မြောက် ဝန်ကြီးချုပ်သစ် ရွေးချယ်တင်မြှောက်ပွဲကို  ဇူလိုင် ၂၇ ရက်မှာ တတိယအကြိမ်အနေနဲ့ ကျင်းပဖို့ လွှတ်တော်ဥက္ကဋ္ဌ နိုင်းဝမ်းမိုဟာမက်နော်မထာက ပြီးခဲ့တဲ့ ဒုတိယအကြိမ် ဝန်ကြီးချုပ်ရွေးပွဲမှာ ကြေညာထားခဲ့ပေမယ့် တကယ် ရွေးဖြစ်၊ မရွေးဖြစ်ကတော့ မသေချာသေးပါဘူး။

ဇူလိုင် ၁၄ ရက် ပထမဆုံးအကြိမ် ဝန်ကြီးချုပ်ရွေးချယ်တင်မြှောက်ပွဲမှာ Move Forward Party ပါတီခေါင်းဆောင် ထိမ်းဖိထားလိုမ့်ကျရွန်းရတ်ဟာ ပြိုင်ဘက်မရှိ အမည်စာရင်းတင်သွင်းခံခဲ့ရပေမဲ့ အထက်လွှတ်တော်အမတ်တွေထံက ထောက်ခံမဲ အလုံအလောက်မရလို့ မအောင်မြင်ခဲ့ဘဲ ဇူလိုင် ၁၉ မှာ ဒုတိယအကြိမ် ပြန်‌ရွေးဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

ဇူလိုင် ၁၉ ရောက်မှာလည်း အထက်လွှတ်တော်အမတ်တွေနဲ့ ယခင်အာဏာဟောင်းပါတီ အမတ်တွေက ရွေးကောက်ပွဲအစည်းအဝေး စည်းကမ်းချက် ပုဒ်မ ၄၁  အရ အပြီးအပြတ် ဆုံးဖြတ်ချက်ချပြီးသားကိစ္စ ဒုတိယအကြိမ် ပြန်ဆွေးနွေးလို့မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖိထားဒုတိယအကြိမ် ပြန်ရွေးချယ်ဖို့ကိစ္စ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပါတယ်။

MFP ပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရဖွဲ့မယ့်ဘက်ကတော့  အခြေခံဥပဒေအရ ဝန်ကြီးချုပ်ကို အကြိမ်ကြိမ် ရွေးခွင့်ရှိတယ်၊  ပုဒ်မ ၄၁ က သပ်သပ်ခေါင်းစဉ်တခုလို့ပြောပြီး နှစ်ဘက်အခြေအတင် ငြင်းခုံရာလွှတ်တော်ဥက္ကဋ္ဌက မဲခွဲဆုံးဖြတ်စေရာမှာတော့ ဖိထားကို ကန့်ကွက်သူတွေဘက်က မဲများလို့  ဝန်ကြီးချုပ်ရွေးမယ့်အစီအစဉ် အထမမြောက်ခဲ့ပါဘူး။ 

အဲဒီနောက်ပိုင်း ဥပဒေပညာရှင်၊ တက္ကသိုလ်ကထိကနဲ့ ရှေ့နေအဖွဲ့တွေက ၁၉ ရက်နေ့  လွှတ်တော်အစည်းအဝေး ဆုံးဖြတ်ချက်မှားယွင်းကြောင်း၊ ပြဋ္ဌာန်းချက်ဟာ အခြေခံဥပ‌ဒေ အောက်မှာသာရှိတယ်၊ အဆိုပါဆုံးဖြတ်ချက်ကြောင့် ပြဋ္ဌာန်းချက်ဟာ အခြေခံဥပဒေရဲ့အထက်ကို ရောက်သွားပြီး နိုင်ငံရေးသမားတွေဟာ လွှတ်တော်ရဲ့ အထက်မှာရှိတဲ့သဘောကို ဆောင်သွား ကြောင်း ထောက်ပြခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ကို တကြိမ်တခါပဲ ရွေးချယ်ရမယ့်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့၊ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့အချက်နဲ့ ပုဒ်မ ၄၁ ရဲ့ ဆိုလိုရင်းအဓိပွာယ်ကို တိကျစွာ ထုတ်ပြန်ရှင်းလင်းဖို့အတွက်  ဥပဒေမလိုက်နာတဲ့ အစိုးရအာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေက မကျေနပ်လို့ရှိရင် တိုင်ကြားနိုင်တဲ့  နိုင်ငံတော်စိစစ်ရေးအဖွဲ့ (Ombudsman)ထံ  တိုင်ကြားလိုက်ပါတယ်။

ဒီအဖွဲ့အနေနဲ့လည်း ဝန်ကြီးချုပ်ရွေးချယ်ရေးကိစ္စနဲ့ ပတ်သက်လို့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့တွေက တိုင်ကြားလာတဲ့ စာပေါင်း ၁၇ စောင်ကို လက်ခံရရှိပါကြောင်း၊ လက်ခံစိစစ်ပြီး တိုက်ရိုက်သက်ဆိုင်တဲ့ အခြေခံဥပဒေဆိုင်ရာတရားရုံးကို ဆက်လက်ပို့ဆောင်ထားကြောင်း၊ အခြေခံဥပဒေတရားရုံးက ဆုံးဖြတ်ချက်မချမချင်း ဝန်ကြီးချုပ်ရွေးချယ်တင်မြှောက်မယ့် နေ့ရက်ကို ဆိုင်းငံ့ထားဖို့ပါ တိုက်တွန်းထားတယ်လို့  စိစစ်ရေးအဖွဲ့ခေါင်းဆောင် ရဲမှူးကြီး ကီရုပ် ကရစ်ထီ လာနွန်းက မနေ့က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

တချိန်တည်းမှာဘဲ ပုဒ်မ ၄၁ နဲ့ အခြေခံဥပဒေကို သေချာအောင်ပြန်မလေ့လာဘဲ ဝန်ကြီးချုပ်  တကြိမ်သာရွေးခွင့်ရှိကြောင်း မဲခွဲဆုံးဖြတ်ပေးခဲ့တဲ့ လွှတ်တော်ဥက္ကဋ္ဌ နိုင်းဝမ်းမိုဟာမက်နော် မထာဟာအနေနဲ့လည်း  အပြင်းအထန်ဝေဖန်ခံနေရပြီး ရာထူးကနေ နုတ်ထွက်သင့်တယ်လို့လည်း လူမှုကွန်ရက်မှာ ပြောဆိုနေပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကတော့ သူ့အနေနဲ့ ဘက်မလိုက်ဘဲ တာဝန်ဝတ္တရားအတိုင်း ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း၊  ၂၇ ရက်နေ့ ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်မယ့်ရက်ကို လွှတ်တော် ဥက္ကဋ္ဌ လုပ်ပိုင်ခွင့်နဲ့ ရွှေ့ဆိုင်းလို့ရပေမဲ့ အခြေခံဥပဒေတရားရုံးက ခုံသမာဓိတရားသူကြီးတွေရဲ့  အဆုံးအဖြတ်ကို လိုက်နာစောင့်ဆိုင်းမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

အခြေခံဥပဒေတရားရုံးက ခုံတရားသူကြီးများအဖွဲ့ဟာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အစည်း အဝေးကျင်းပပြီး မနက်ဖြန် ဇူလိုင် ၂၆ ဗုဒ္ဓဟူးနေ့မှာ ဝန်ကြီးချုပ်ထပ်ရွေးခွင့် ရှိ၊ မရှိ ကိစ္စ ထည့်သွင်း ဆွေးနွေးဖို့ရှိမရှိတော့ မသိရသေးဘူးလို့ သတင်းတွေမှာ ဖော်ပြပါတယ်။ 

တကယ်လို့ အခြေခံဥပဒေခုံတရားသူကြီးတွေက ဝန်ကြီးချုပ် တကြိမ်ထက်မက အကြိမ်ကြိမ် ရွေးခွင့်ရှိတယ်လို့ ဆုံးဖြတ်ရင် MFP ပါတီ ဥက္ကဋ္ဌ ထိမ်းဖိထားအနေနဲ့ နောက်တကြိမ် ဝန်ကြီးချုပ် ပြန်အရွေးခံရဖို့  လိမ္မော်ရောင်ပါတီအားပေးတဲ့ဘက်က မျှော်လင့်နေကြပါတယ်။

MFP ပါတီကတော့ သူတို့အနေနဲ့  ဦးဆောင်ပြီး အစိုးရဖွဲ့စည်းသွားဖို့ အဆင်မပြေနိုင်တော့လို့  ရွေးကောက်ပွဲမှာ ဆန္ဒမဲ ဒုတိယအများဆုံးရထားတဲ့ ဖွေ့ထိုင်းပါတီကို အစိုးရအဖွဲ့ ဦးဆောင်ဖွဲ့စည်းသွားဖို့နဲ့ ဝန်ကြီးချုပ် ဝင်အရွေးခံဖို့ တာဝန်လွှဲပြောင်းပေးပြီး ဖြစ်ပါတယ်။

ဒါကြောင့် ဖွေ့ထိုင်းပါတီဟာ ဝန်ကြီးချုပ်ထောက်ခံမဲနဲ့ အစိုးရဖွဲ့နိုင်ရေး ထောက်ခံမဲ ၃၇၆ မဲ ရရှိဖို့  ညွန့်ပေါင်း ၈ ပါတီထဲမပါတဲ့ အာဏာဟောင်းပါတီတွေနဲ့ ဆွေးနွေးညှိနှိုင်းနေပါတယ်။ 

အထူးသဖြင့် အမတ်ဦးရေ ၇၁ မဲရထားတဲ့ ဖုမ်ကျိုင်းထိုင်းပါတီ၊ ဗိုလ်ချုပ်ကြီးပွမ့်ရဲ့ ဖလန်းပချားရတ်ပါတီ၊ ဗိုလ်ချုပ်ကြီး ပရာယုဒ်ရဲ့ ရုမ့်ထိုင်းဆန့်ချတ်ပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးရာ မှာ အဆိုပါ ပါတီတွေကတော့ ပုဒ်မ ၁၁၂ (ဘုရင်စနစ်နဲ့ဆိုင်တဲ့ဥပ‌ဒေ) ကို ပြင်ဆင်မယ့် ပါတီပါရင် ထောက်ခံမှာမဟုတ်သလို ပူးပေါင်းမှာလည်း မဟုတ်ဘူးလို့ ပြောပါတယ်။ ရွေးကောက်ပွဲဝင် ၁၈ ပါတီမှာ MFP တစ်ပါတီတည်းသာ ပုဒ်မ ၁၁၂ ပြင်ဆင်ဖို့ မူဝါဒ ချထားတာဖြစ်ပါတယ်။

တဘက်မှာလည်း ဖွေ့ထိုင်းပါတီဟာ အာဏာသိမ်းပါတီတွေနဲ့ လုံးဝပူးပေါင်းမှာမဟုတ်ဘူးလို့ မဲဆွယ်စဉ်က ပြောထားခဲ့ပေမယ့် အာဏာရဖို့ အခုလို စစ်အာဏာရှင်ပါတီတွေနဲ့ ပူးပေါင်းဖို့ ကြိုးစားတဲ့အပေါ် အပြင်းအထန်ဝေဖန်ခံနေရပြီး အစည်းအဝေးလုပ်နေတဲ့ ဖွေ့ထိုင်းပါတီရုံးထိ လာရောက်ဆန္ဒပြမှုတွေလည်း ခံနေရပါတယ်။ 

ညွန့်ပေါင်း ၈ ပါတီထဲပါဝင်တဲ့ ဆေရီလုမ်းထိုင်း ပါတီဥက္ကဋ္ဌက သူတို့စီးလာတဲ့လှေပေါက်နေပြီမို့ လူငယ်အများစုပါတဲ့ MFP ပါတီက လူကြီးတွေကိုငဲ့ညှာပြီး လှေပေါ်က ဆင်းပေးသင့်တယ် (အတိုက်အခံဘက် ပြောင်းသင့်တယ်) လို့ ပြောဆိုတဲ့အပါ်မှာလည်း ထိုင်းလူထုရဲ့ ဝေဖန်ခံနေရပါတယ်။

ဖွေ့ထိုင်းပါတီဘက်ကလည်း အစောပိုင်းက ဝန်ကြီးချုပ်နေရာမှာ စီးပွားရေးလုပ်ငန်းရှင် ဆေထာထဝီးဆင်ကို အဆိုပြုမယ်လို့ ပြောဆိုထားပေမယ့် ဒီကနေ့ထိ တရားဝင်ထုတ်ပြန်ခြင်း မရှိ သေးပါဘူး။ 

MFP ပါတီဘက်ကတော့ ဖွေ့ထိုင်းပါတီကို လုပ်ပိုင်ခွင့်လွှဲထားပြီမို့  အာဏာဟောင်း ပါတီတွေနဲ့ သူတို့သွားဆွေးနွေးညှိနှိုင်းနေတဲ့အပေါ် ဘာမှ ဝေဖန် ပြောဆိုခြင်းမရှိပါဘူး။

ပါတီခေါင်းဆောင် ထိမ်းဖိထားကတော့ ပြည်သူတွေကတိပေးထားတဲ့အတိုင်း ဒီမိုကရေစီအစိုးရ ဖွဲ့စည်းနိုင်အောင်ကြိုးစားမယ်လို့ မနေ့က ထိုင်းအရှေ့မြောက်ပိုင်း လယောင်းမြို့မှာ ကျင်းပတဲ့ ပြည်သူ့ တွေ့ဆုံပွဲမှာ ထပ်မံကတိပြုသွားပါတယ်။

အထက်လွှတ်တော်အမတ်တွေအနေနဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရဖွဲ့ရေး ဆန္ဒမဲပေးခွင့်ဥပဒေ (စစ်အစိုးရလက်ထက်က ရေးဆွဲတဲ့ဥပဒ) ရုပ်သိမ်းပေးဖို့ လွှတ်တော်ဥက္ကဋ္ဌထံ စာပို့ထားပါတယ်။ စစ်တပ်က ခန့်ထားတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ရဲ့ သက်တမ်းဟာ လာမယ့် ၂၀၂၄ ခုနှစ် မေလမှာ ကုန်ဆုံးပြီဖြစ်ပါတယ်။ 

MFP နဲ့  ၈ ပါတီ ညွန့်ပေါင်းအဖွဲ့ဟာ အထက်လွှတ်တော်အမတ် သက်တမ်းကုန်မှ အစိုးရဖွဲ့မယ်ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ အစိုးရလုပ်ငန်းစဉ်တွေ အများကြီးနောက်ကျ နစ်နာဆုံးရှုံးဖို့ရှိတယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ 

လွှတ်တော်ပြင်ပမှာတော့ တက္ကသိုလ်ကျောင်းသားတွေအများစုပါတဲ့ ဆန္ဒပြအဖွဲ့ဟာ အထက်လွှတ်တော်အမတ်တွေ နုတ်ထွက်ပေးဖို့ ဆက်တိုက်ဆန္ဒပြနေကြပါတယ်။

Ref: ThaiPBS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013