Home
မြန်မာသတင်း
မြောင် စစ်ရှောင်များကို ထောက်ပံ့၊ ခါမ်းပါတ် စစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီလိုအပ်
DVB
·
July 25, 2023

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက စစ်ရှောင်ပြည်သူ ၂၄ဝ ခန့်ရှိတဲ့ စစ်ရှောင်စခန်းတခုကို မြောင်လူငယ်ကွန်ရက်-YFC၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ -CDSOM၊ မြောင်အမျိုးသမီး စစ်သည်တော်တပ်ဖွဲ့နဲ့ အမျိုးသမီးမဟာမိတ်အင်အားစုတို့က ထောက်ပံ့ခဲ့ကြတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၄ ရက်နေ့မှာ မြောင်မြို့နယ်တနေရာက ရာသီပေါ်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ အစာအိမ်ရောဂါ၊ အာဟာရချို့တဲ့တာ၊ အဆောက်အအုံ မလုံလောက်တာ၊ သောက်သုံးရေ မလုံလောက်တာ၊ ယင်လုံအိမ်သာ မလုံလောက်တာတွေနဲ့ ကြုံတွေ့နေရတဲ့ စစ်ရှောင်စခန်းတခုကို မြောင်လူငယ်ကွန်ရက်-YFC၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့-CDSOM က ဆန်တတင်းခွဲအိတ် ၅ အိတ်၊ ဆီ ၁၀ ပိဿာ၊ ကြက်ဥ ၂၇၀ လုံးနဲ့ မြောင်အမျိုးသမီးစစ်သည်တော်တပ်ဖွဲ့နဲ့ အမျိုးသမီးမဟာမိတ်အင်အားစုတို့က အမျိုးသမီးအသုံးအဆောင်တွေ ပေးအပ်ခဲ့တာလို့ မြောင်လူငယ်ကွန်ရက်-YFC တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပြည်သူတွေ အကြောင်းအမျိုးမျိုးကြောင့် စစ်ရှောင်ကြရတဲ့အခါ ပထမဆုံး ရင်ဆိုင်ကြရတာက အစားအသောက် အခက်အခဲပါ။ အစားအသောက် ပုံမှန်စားသောက်တာ မရခဲ့ရင် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေ ထပ်မံကြုံလာကြရမယ်။ ပိုပြီးခက်ခဲလာမယ့် အခြေအနေဆိုးတွေကို အနည်းငယ်မျှ ကုစားနိုင်ရန်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ သွားရောက် ကူညီပေးခဲ့တာပါ။”

ဇူလိုင် ၃ ရက်ကစတင်ကာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ ကျေးရွာတွေဘက်ကို ကျရောက်တာကြောင့် နေရပ်စွန့်ခွာ ရှောင်တိမ်းနေကြရတဲ့ ပြည်သူဦးရေ ၁,၀၀၀ ဝန်းကျင်လောက် ရှိနေတယ်လို့ ဆိုပါတယ်။

တချို့ပြည်သူတွေက တောတောင်နေရာတွေဆီ တစုတစု ပြန့်ကြဲနေကြရသလို တစုတစည်းတည်း နေကြတဲ့ ပြည်သူတွေလည်း ရှိကြလို့ တစုတစည်းတည်း နေကြတဲ့ စစ်ရှောင်ပြည်သူဦးရေ ၂၄၀ လောက်ထဲက အမျိုးသမီးတွေကိုလည်း ထောက်ပံ့ပေးခဲ့တယ်လို့ မြောင်အမျိုးသမီးစစ်သည်တော်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“တော်လှန်ရေး စတည်လာကတည်းက အမျိုးသမီးတွေအနေနဲ့ အလွှာစုံကနေ ပါဝင်ပတ်သက်နေကြပါတယ်။ အမျိုးသားတွေထက် ပိုမိုတော်လှန်နေကြရတဲ့ အစိတ်အပိုင်းတွေလည်း ရှိတာပေါ့။ ဖိုဝါဒကြီးစိုးမှုတွေ ဖယ်ရှားနိုင်ဖို့၊ ကျား/မ တန်းတူအခွင့်အရေးရဖို့ ကိစ္စရပ်တွေ၊ ဆုံးဖြတ်ချက်ချရမယ့် အခန်းကဏ္ဍတွေမှာလည်း အမျိုးသမီးတွေအသံတွေ ပါဖို့တွေကအစ တော်လှန်နေကြရတာပါ။ အခုလို စစ်ရှောင်နေရတဲ့ အချိန်မှာလည်း အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ထောက်ရှုပြီး ကူညီဖြစ်ခဲ့တာ။”

လက်ရှိမှာတော့ မြောင်မြို့နယ်အတွင်းက ကျေးရွာတော်တော်များများ အဆင်ပြေသလို တောတောင်တွေကြားထဲ စစ်ဘေးရှောင်နေကြရပြီး အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရလို့ အကူအညီတွေကိုလည်း မျှော်လင့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ၁ သောင်းခွဲကျော်ဟာ စားနပ်ရိက္ခာနဲ့ နေထိုင်စရာအခက်အခဲတွေ ရှိနေတယ်လို့ ပြောကြပါတယ်။

ခါမ်းပါတ်မြို့ပေါ် တိုက်ပွဲတွေ ဖြစ်ပွားပြီး တိုက်ပွဲတွင်းက လက်နက်ကြီးတွေက လူနေအိမ်ပေါ် ကျရောက်ပြီး အချို့ သေဆုံးနေတာကြောင့် ဒေသခံတွေဟာ မြို့တွင်းမှာ မနေရဲတော့ဘဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတာလို့ ခမ်းပါတ်မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ခမ်းပါတ်မှာ ဒါက ပထမဆုံးတိုက်ပွဲဖြစ်တာပါ။ ကျနော်တို့ကတော့ လက်ရှိ စားဖို့သောက်ဖို့ အခက်အခဲဖြစ်နေတယ်။ နေထိုင်စရာကတော့ စစ်ရှောင်တွေအတွက် စီစဉ်ပေးတဲ့ ဘုရားကျောင်းမှာ နေနေရတယ်။ တချို့က မြို့တွင်းမှာ အိမ်ငှားနေကြတယ်။ ဆွေမျိုးရှိတဲ့သူ ဆွေမျိုးအိမ်မှာ‌ ကပ်နေကြတာပေါ့။"

စစ်ဘေးရှောင်အများစုကတော့ ကလေးမြို့ပေါ်နှင့် အိန္ဒိယနယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ကြပြီး အချို့ကလည်း နီးစပ်ရာတောတောင်ထဲမှာ နေထိုင်ကြတယ်လို့ ခါမ်းပါတ်မြို့ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

‌ခါမ်းပါတ်မြို့က လူငယ်နှစ်ဦးကို စစ်ကောင်စီက PDF ဆိုပြီး စွပ်စွဲဖမ်းဆီးလိုက်တာကြောင့် ခမ်းပါတ်မြို့က စစ်စခန်းနဲ့ ရဲစခန်းကို ဇူလိုင် ၂၂ ရက်နေ့ည အစောပိုင်းကစပြီး ဝင်တိုက်ခဲ့တာလို့ ဒေသခံကာကွယ်ရေးတပ်တွေဘက်‌က ပြောထားပါတယ်။

လက်ရှိ ခါမ်းပါတ်မြို့ပေါ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိ‌နေပြီး စစ်ကောင်စီက လေကြောင်းကနေ တပ်သားအင်အား ဖြည့်ကူနေတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၂ ရက်နေ့ည တိုက်ပွဲအတွင်းမှာ ပစ်ခတ်တဲ့ လက်နက်ကြီးတလုံး ခမ်းပါတ်မြို့ အမှတ် ၁ ရပ်ကွက် ဘုရားကျောင်းရှေ့က အိမ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသားတဦး သေဆုံးခဲ့ပါတယ်။

တမူးမြို့ရဲ့ မြို့နယ်ခွဲ ခါမ်းပါတ်မြို့မှာ ချင်းတိုင်းရင်းသားတွေ အများဆုံးနေထိုင်ကာ မြို့နေလူဦးရေ ၁ သောင်းခွဲကျော် ရှိပါတယ်။

ဓာတ်ပုံ - ခါမ်းပါတ်မြို့က စစ်ဘေးရှောင်များ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024