ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အီတူရီပြည်နယ်၊ မွန်ဘွာလူမြို့ရှိ နာရေးတခုမှာ ဇွန် ၁၄ ရက်က အီဘိုလာဗိုင်းရပ်စ်နဲ့ သေဆုံးတယ်လို့ သံသယရှိသူရဲ့အလောင်းကို လူအုပ်ကြီးက လုယူဖို့ လုပ်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်ပစ်ဖောက်ပြီး မျက်ရည်ယိုဗုံးတွေ သုံးကာ လူစုခွဲခဲ့ရပါတယ်။
လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုထဲမှာ အီဘိုလာဗိုင်းရပ်စ် သံသယနဲ့ သေဆုံးသူရဲ့ အလောင်းထည့်ထားတဲ့ ခေါင်းတလားကို ဝိုင်းရံနေတဲ့ တကိုယ်ရေကာကွယ်ရေးဝတ်စုံ (PPE) ဝတ် ကျန်းမာရေး ဝန်ထမ်းတွေကို ရဲတပ်ဖွဲ့က စောင့်ရှောက်ပေးနေချိန်မှာ အလောင်းကို လွှတ်ပေးဖို့ အော်ဟစ်သံတွေ ထွက်ပေါ်လာပြီးနောက် ခေါင်းတလားအနီး ရုန်းရင်းဆန်ခတ်ဖြစ်ကာ မျက်ရည်ယိုဗုံးတွေ ပေါက်ကွဲခဲ့ပါတယ်။
အဲဒီနောက် ဒေသခံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအကြား အချေအတင်ဖြစ်ပွားပြီး သေနတ်သံတွေလည်း ထွက်ပေါ်လာခဲ့ကာ နောက်ဆုံးမှာ ဝန်ထမ်းတွေက ခေါင်းတလားကို ကားပေါ်တင်ပြီး ရဲအစောင့်အရှောက်နဲ့ သယ်ဆောင် မောင်းထွက်သွားခဲ့ကြပါတယ်။
အခုလို လုံခြုံရေးဖြစ်စဉ်တွေကြောင့် ဒေသတွင်း ကူးစက်ရောဂါတုံ့ပြန်ရေးလုပ်ငန်းတွေကို နှောင့်နှေးစေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ၂ ပတ်လောက်ကလည်း တောင်ကီဗူးပြည်နယ်မှာ အလောင်းမြှုပ်နှံတဲ့အဖွဲ့ကို တိုက်ခိုက်ခံရတာကြောင့် စနစ်တကျ မမြှုပ်နှံနိုင်ဘဲ အလောင်းကို ပစ်ထားခဲ့ရပါတယ်။
ဒါ့အပြင် ဇွန် ၇ ရက်အထိ တပတ်အတွင်းမှာတင် ဆေးကုသမှုဆောင်နဲ့ သီးသန့်ခွဲထားရာ နေရာတွေမှ လူနာတွေ ထွက်ပြေးမှုတွေက အနည်းဆုံး ၄ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
အီဘိုလာ ကူးစက်မှုကို မေလလယ်မှ ကြေညာခဲ့ရပေမမဲ့ အဲဒီမတိုင်ခင် လပေါင်းများစွာကတည်းက တိတ်တဆိတ် ကူးစက်နေခဲ့တာကြောင့် အခြေအနေမှာ နောက်ကျနေပြီ ဖြစ်ပါတယ်။
အထူးသဖြင့် ဘွန်ဒီဘူဂျို ရှားပါးဗိုင်းရပ်စ် မျိုးစိတ်အတွက် ကာကွယ်ဆေး ဒါမှမဟုတ် ကုသဆေး မရှိသေးတာကြောင့် လူနာကို သီးသန့်ခွဲထားတာနဲ့ ထိတွေ့ခဲ့သူတွေကို ရှာဖွေခြင်းလိုမျိုး ရိုးရာနည်းလမ်းတွေကိုသာ အားကိုးနေရတာကြောင့် ကူးစက်မှုက ဒေသအနှံ့ အပြင်းအထန် ဆက်လက်ပျံ့နှံ့နေရတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။
အီတူရီပြည်နယ်တခွင်မှာ ကျန်းမာရေးဝန်ထမ်းတွေအပေါ် မယုံကြည်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ပြောပါတယ်။
အဲဒါကြောင့် နောက်နောင်မှာ ဒေသခံတွေရဲ့ ယုံကြည်မှုရရှိစေဖို့အတွက် အလောင်းပြင်ဆင် မြှုပ်နှံတဲ့အဖွဲ့တွေထဲမှာ မိသားစုဝင်တယောက်ကို ထည့်သွင်းခွင့်ပြုသွားမယ်လို့ ကွန်ဂိုအမျိုးသား ပြည်သူ့ကျန်းမာရေးဌာနမှ ဂျူဒွန်နီ မြွန်ဘာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
Source: Reuters










