DVB Logo
Home
Lead Story
ပြန်လည်နိုးထလာတဲ့ ကရင်နီပြည်က ဖီးနစ်ငှက်
DVB
·
July 25, 2023
ပြန်လည်နိုးထလာတဲ့ ကရင်နီပြည်က ဖီးနစ်ငှက်
Donate to DVB

ဖီးနစ်ငှက်တို့မည်သည် သေဆုံးခြင်းမရှိ၊ ပြာပုံထဲက ပြန်လည်ရှင်သန်လာနိုင်တဲ့ ဒဏ္ဍာရီလာ ငှက်တမျိုးပါ။ ဖီးနစ်ငှက်တို့သည် အချိန်တန်လာပြီဆို ပြာပုံအတိ မီးပုံငယ်ထဲက အားမာန်အပြည့်နဲ့ ရုန်းထရှင်သန်လာစမြဲပါ။ ဇူလိုင်လ ၁ ရက်နေ့မှာ  ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးဆိုတဲ့ ကရင်နီပြည်က ဖီးနစ်ငှက်တပါး ရှင်သန်နိုးထလာပါပြီ။ ဘယ်နေရာ ဘယ်အရပ်ဒေသက ဖီးနစ်ငှက်တွေ ရှင်သန်လာဦးမည် ဆိုတာ ဟောကိန်းထုတ်ဖို့ ခက်ပေမဲ့ ထွက်ပေါ်လာမှာ အသေအချာပင်ဖြစ်ပါတယ်။ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးဆိုတဲ့ ပြည်သူ့သားကောင်း ရတနာတပါးဟာ ခက်ခဲကြမ်းတန်းတဲ့ လောကဓံထဲက ရုန်းကန်ရင်း ရှင်သန်လာခဲ့ရတာပဲ။ အုပ်စိုးသူရဲ့ ဖိနှိပ်ချေမှုန်းရေးလောကဓံ၊ တော်လှန်စစ်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့လောကဓံ၊ နိုင်ငံရေးအတွေးအခေါ်တိုက်ပွဲအတွင်းက ပေးလာတဲ့လောကဓံ၊ အုပ်စိုးသူရဲ့ ဖျက်ဆီးရေးလက်နက်ဖြစ်တဲ့ အကျိုးစီးပွားလောကဓံ အစရှိတဲ့ လောကဓံမျိုးစုံကို ရင်ဆိုင်ကျော်လွှားရင်း အတွေးအခေါ်အရရော လုပ်ဟန်အရပါ မယိုင်မလဲနဲ့ ရပ်တည်နိုင်ကြောင်း သမိုင်းစာမျက်နှာသစ်ကို ဖော်ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးခေါ် ကလလတဟာ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထဲက နိုင်ငံရေးအတွေးအခေါ် လမ်းစဉ် နှစ်ရပ်တိုက်ပွဲကနေ မလွှဲမရှောင်သာဘဲ ယုံကြည်ချက် အတွေးအခေါ်အရ မွေးဖွားလာခဲ့ရတာပဲ ဖြစ်ပါတယ်။ လမ်းစဉ် နှစ်ရပ်တိုက်ပွဲဆိုတာက အမျိုးသားရေးဝါဒ လက်ကိုင်ပြုသော အမျိုးသားဒီမိုကရေစီလမ်းစဥ်နဲ့ လူတန်းစားတိုက်ပွဲကို လက်ခံယုံကြည်သော ပြည်သူ့ဒီမိုကရေစီလမ်းစဉ် နှစ်ရပ်တိုက်ပွဲပဲ ဖြစ်ပါတယ်။ လူတန်းစားတိုက်ပွဲကို လက်ခံသော ပြည်သူ့ဒီမိုကရေစီအလံကို ခိုင်ခိုင်မာမာ ယုံကြည်လက်ခံတဲ့ လူငယ်လူရွယ် ကေဒါတွေက  ၁၉၇၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ ထီးထာညီလာခံကနေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးအဖြစ် မွေးဖွားပေးလိုက်တာပဲ ဖြစ်ပါတယ်။ လမ်းစဉ် နှစ်ရပ်တိုက်ပွဲအတွင်းမှာ ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးဟာ များပြားလွန်းလှပါတယ်။ ပြည်သူ့ဒီမိုကရေစီအလံကို ခိုင်ခိုင်မာမာ ယုံကြည်လက်ခံတဲ့ ကလလတ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ KNPP နဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း အသက်ပေးဆပ်လိုက်ရသည်အထိ များပြားလွန်းလှပါတယ်။ ၁၉၇၉ ခုနစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ် လွတ်မြောက်ဒေသ ပန်ဆန်းမှာ ဗဟိုကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး သွေးသစ်လောင်းခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်မှာ ပန်ဆန်းမှ ကရင်နီပြည်ကို ပြန်လည်ချီတက်လာခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်တွင် KNPP က ဗိုလ်ချုပ်အောင်သန်းလေးနဲ့ ညီညွတ်ရေးအတွက် အမှတ် ၂ ခရိုင်၊ မော်ချီးဒေသတွင် တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ ကလလတ ဖျက်သိမ်းပြီး မိခင်အဖွဲ့ KNPP ထံ ပြန်လည်ပေါင်းစည်းရန်သာ တင်ပြခဲ့တာကြောင့် မအောင်မြင်ခဲ့ပါ။ ကလလတဘက်က KNPP နဲ့ အပစ်အခတ်ရပ်စဲရေး၊ အပြန်အလှန် အသိအမှတ်ပြုရေး၊ နိုင်ငံရေးအရ ပဋိပက္ခကို တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ဘုံရန်သူ ဗိုလ်နေဝင်း စစ်အုပ်စုကို ဝိုင်းဝန်းတိုက်ခိုက်ရေးကိုသာ လိုလားခဲ့တာ ဖြစ်ပါတယ်။

၁၉၈၂ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ ကလလတ ဥက္ကဋ္ဌ ရဲဘော်သန်းညွန့် ဂေလိုအောက်ရွာမှာ လုပ်ကြံသတ်ဖြတ်ခံရပြီး နောက်ပိုင်း မေလမှာ ကလလတ ဗဟိုကော်မတီသစ်ကို ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှုနဲ့ စစ်နယ် ၄ နယ်ပါတဲ့ အလယ်ပိုင်းစစ်ဒေသကို ဖွဲ့စည်းခဲ့ပါတယ်။ လွိုင်ကော်စစ်နယ်ကို ကလလတမှ ရဲဘော်ညာမောင်မဲ ဦးစီးရန်၊ ပျဉ်းမနားစစ်နယ်ကို ကယန်းပြည်သစ်ပါတီက ရဲဘော်သန်းစိုးနိုင်၊ တောင်ကြီးစစ်နယ်နဲ့ မိုးနဲစစ်နယ်ကို ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့က ရဲဘော်အောင်မြင့်နဲ့ ရဲဘော်စိုးမြင့်အောင်တို့က အသီးသီး ခေါင်းဆောင်သွားကြရန် ဖွဲ့စည်းခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ်က ပေါ်ပေါက်လာတဲ့ ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကနေ ကျောင်းသားပြည်သူ အများအပြားဟာ ရန်သူစစ်အုပ်စုရဲ့ သတ်ဖြတ် ညှဥ်းပန်းမှုကို မခံမရပ်နိုင်ဘဲ ကလလတနယ်မြေကို ခိုလှုံလာခဲ့ကြပါတယ်။ ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကနေ မွေးဖွားလာတဲ့ ကျောင်းသားပြည်သူတွေနဲ့ ကလလတကို သွေးသစ်လောင်းကာ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ မထင်မှတ်တဲ့ အလှည့်အပြောင်းတခုက ကလလတဆီကို မုန်တိုင်းတခုပမာ ရိုက်ခတ်လာခဲ့ပါပြီ။ ဒါကတော့ ဗမာပြည်ကွန်မြူနစ်ပါတီအတွင်းက အာဏာသိမ်းပွဲပဲ ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီထဲက လူမျိုးစုခေါင်းဆောင်တွေရဲ့ အာဏာသိမ်းပွဲကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီက ပြိုကွဲသွားပြီး မြေအောက်ပါတီဘဝကို ရောက်ရှိသွားပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီအတွင်းက အာဏာသိမ်းပွဲမှ ဂယက်ဟာ ကလလတ ပါတီအတွင်းကိုပါ ရိုက်ခတ်လာခဲ့ပါတယ်။ ပြည်သူ့ဒီမိုကရေစီလမ်းစဉ်ကို ဖျက်သိမ်းရေး၊ ပါတီခွဲထောင်ရေး၊ တော်လှန်ရေးဆက်မလုပ်ရေး စတဲ့ အချောင်သမားဝါဒ ဂိုဏ်းဂဏတွေ ခေါင်းထောင်လာခဲ့ပေမဲ့ ကလလတအနေနဲ့ ယနေ့အချိန်အထိ ပြည်သူ့ဒီမိုကရေစီနဲ့ လူတန်းစားတိုက်ပွဲအလံကို မြဲမြံစွာ စွဲကိုင်ထားဆဲပဲ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ရလလဖ၊ ကယန်းပြည်သစ်ပါတီ ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နိုင်ငံရေးတာဝန်၊ စစ်ရေးတာဝန်တွေကို ထမ်းဆောင်ရန် လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုကို ဖွဲ့စည်းခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ ကလလတ ဗဟိုကော်မတီကို ခိုင်မာကျစ်လျစ်တဲ့ ဗဟိုကော်မတီအဖြစ် ပြည်သူ့ဒီမိုကရေစီမူဝါဒပေါ်မှာ ရပ်ခံကာ ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။ ၁၉၉၁ ခုနစ်မှာ လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု ခေါင်းဆောင်မှုနဲ့ ခိုင်၊ တိုး၊ ဆက်စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ တပ်ပေါင်းစု စစ်ရေးစီမံကိန်းတခု ဖော်ထုတ်ခဲ့ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဗိုလ်ထွန်းလင်း ခေါင်းဆောင်တဲ့ ရှေ့တန်းအလုပ်အဖွဲ့ အင်အား ၃၀၊ ကယန်းပြည်သစ်တပ်မတော် အင်အား ၁၂၀၊ ရလလဖရဲ့ တပ်အင်အား၊ ကလလတရဲ့ အင်အားတွေနဲ့ ခိုင်၊ တိုး၊ ဆက် စစ်ဆင်ရေးကို စတင်ခဲ့ပါတယ်။ ခိုင်၊ တိုး၊ ဆက် ဆိုတာက အခြေခံဒေသခိုင်မာရေး၊ အခြေခံဒေသတိုးချဲ့ရေး၊ ပြည်မရှိ ဒီမိုကရေစီအင်အားစုနဲ့ ပေါင်းစပ်ရေးပဲ ဖြစ်ပါတယ်။

၁၉၉၂-၁၉၉၃ ခုနှစ်မှာ ၈ လေးလုံး ထွက်ပေါ်လာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ DPA၊ DNA အဖွဲ့များ တဖွဲဖွဲနဲ့ လာရောက်ပူးပေါင်းလာခဲ့လို့ အင်အားတောင့်တင်းခိုင်မာလာခဲ့ပြီး ရန်သူစစ်အုပ်စုကို ထိရောက်စွာ ချေမှုန်းနိုင်ခဲ့ပါတယ်။ ၁၉၉၁ ခုနစ် မတ်လ ၁၆ ရက်နေ့မှာလည်း ကလလတအနေနဲ့ KNU/KNLA ပူးပေါင်းပြီး ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ထဲက ရန်သူ့အင်အား ၁၀၀ ကို ချေမှုန်းပစ်လိုက်နိုင်ပြီး လက်နက်ခဲယမ်းမီးကျောက် မြောက်မြားစွာ ရရှိခဲ့ပါတယ်။

၁၉၉၂ ခုနှစ်မှာလည်း ခွေးအိပ်တောင်တိုက်ပွဲမှာ ရန်သူစစ်အုပ်စုကို ရွတ်ရွတ်ချွံချွံ တိုက်ခိုက်နိုင်သည်အထိ စစ်ရေးအရ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ KNPP နဲ့ ညီညွတ်ရေး မတည်ဆောက်နိုင်ဘဲ စစ်ရေးပဋိပက္ခ ရှိနေတာတကြောင်း၊ တပြည်လုံးရဲ့ စည်းလုံးညီညွတ်မှု ပြိုကွဲမှုကို မစုစည်းနိုင်တာတို့ကြောင့် ၁၉၉၄ ခုနှစ် မေလ ၉ ရက်နေ့မှာ စစ်အစိုးရက ကမ်းလှမ်းလာတဲ့ အပစ်အခတ်ရပ်စဲရေးကို လက်ခံခဲ့ပြီး နိုင်ငံရေးနည်းလမ်းအရ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အမျိုးသားညီလာခံမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်မူဝါဒကို တင်ပြခဲ့ပေမဲ့ စစ်အုပ်စုက ငြင်းဆန်ပြီး အတင်းအကျပ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုရုံမက ကလလတရဲ့ ပြည်သူ့တပ်မတော်ကိုပါ အတင်းအကျပ် BGF နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ကလလတအနေနဲ့ နိုင်ငံရေးအရဖြစ်စေ စည်းရုံးရေးအရဖြစ်စေ၊ အတွေးအခေါ်အရဖြစ်စေ၊ လုပ်ဟန်အရပါ ပြင်ဆင်ရမယ်ဆိုတာ နားလည်သဘောပေါက်ပြီး စစ်အုပ်စုရဲ့ အတင်းအကျပ် BGF ပြောင်းလဲလိုက်တဲ့အောက်မှာ ပြင်ဆင်လာခဲ့ရပါတယ်။ ကလလတ တပ်မတော်ဟာ အခြေအနေအရ BGF ခံယူလိုက်ရပေမဲ့ မိခင် ကလလတရဲ့ နိုင်ငံရေးခေါင်းဆောင်မှုကို ခံယူဆဲပဲဖြစ်ပါတယ်။ ကလလတအနေနဲ့ နိုင်ငံရေးအရ အတွေးအခေါ်အရ တည်ဆောက်ရင်း BGF အတွင်းမှာ လျှို့ဝှက်စွာ အတွေးအခေါ်အရရော လုပ်ဟန်အရပါ တိတ်တဆိတ် ၁၀ စုနှစ်တခုစာ ဆောင်ရွက်ခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်မှာ စစ်အုပ်စုနဲ့ အပစ်အခတ်ရပ်စဲရေးကာလက သဘောတူထားတဲ့ တပ်အင်အား မတိုးချဲ့ရဆိုတဲ့ သဘောတူချက်ကို ချိုးဖောက်ကာ ဆုံးရှုံးနေတဲ့ ဒီမိုကရေစီနဲ့ တန်းတူရေးအတွက် တိုက်ပွဲဝင်ဖို့ ပြင်ဆင်မှုတခုအဖြစ်  ၉၄၂၀ တပ်ရင်းတခု ဖွဲ့စည်းခဲ့ပါတယ်။ BGF ခံယူထားရတဲ့ ၁၀၀၄၊ ၁၀၀၅ တပ်ရင်းတွေထဲက ကေဒါတွေကို မနားမနေ လျှို့ဝှက်စွာ အတွေးအခေါ်အရ တည်ဆောက်ရေးလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ပြီး မိခင်အဖွဲ့အစည်းရဲ့ စစ်ခရာမှုတ်သံကို နားစွင့်နေခဲ့ကြရတဲ့ နေ့ရက်တွေက တဖြည်းဖြည်းနဲ့ ၂၀၂၁ ခုနစ်ကို ရောက်ရှိလာခဲ့ပါတယ်။

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကို အကြောင်းပြုကာ မင်းအောင်လှိုင်စစ်အုပ်စုဟာ စဉ်းစားဆင်ခြင်မှုမဲ့စွာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာ တကျော့ပြန် သိမ်းပိုက်လိုက်ပါတော့တယ်။ ကလလတအနေနဲ့ နိုင်ငံရေးအရ အတွေးအခေါ်အရ စစ်ရေးအရပါ တိုးမြှင့်လုပ်ဆောင်လာရပါတော့တယ်။ နွေဦးတော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင် ပါဝင်လာရသလို ဖြစ်ပေါ်လာမယ့် လက်နက်ကိုင်တော်လှန်ရေးအတွက် စစ်ရေးအရ ပြင်ဆင်လာရပါတယ်။ နွေဦးတော်လှန်ရေးထဲက သပိတ်တပ်သား လူငယ်မောင်မယ်တွေ စစ်သင်တန်းဖွင့်လှစ်ပေးရသလို ကလလတအနေနဲ့ ၉၄၂၁ တပ်ရင်းသစ်တခုကိုပါ တိုးချဲ့ဖွဲ့စည်းလိုက်ပါတယ်။ ကလလတ ဗဟိုခေါင်းဆောင်တွေအနေနဲ့ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်မယ့်နေ့ကို ရောက်လာပါပြီ။ အဲ့နေ့ကတော့ ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ပဲ ဖြစ်ပါတယ်။ ဇွန်လ ၁၃ ရက်နေ့မှာ ကလလတအနေနဲ့ စစ်အာဏာသိမ်းပြီး လက်နက်ကိုင်တော်လှန်ရေး အရှိန်မြင့်လာတဲ့အချိန်ထဲက ပါဝင်ဖွဲ့စည်းထားတဲ့ K4 လို့ခေါ်တဲ့ KNU၊ KNPP/KA၊ KNDF၊ KNPLF ဆိုတဲ့ K4 တပ်ပေါင်းစုနဲ့အတူ သံလွင်အရှေ့ဘက်ခြမ်းမှာရှိတဲ့ တောင်လှ၊ မယ်တနွယ်၊ မယ်စဲ့၊ ဘီပီ ၁၄ တို့မှာ စစ်ခရာသံနဲ့အတူ စတင် တရားဝင်တိုက်ခိုက်ခဲ့ပါတော့တယ်။ ကလလတ နိုင်ငံရေးခေါင်းဆောင်မှုအဖွဲ့ (ပေါ်လစ်ဗြူရို) ရဲ့ စစ်ခရာမှုတ်သံနဲ့အတူ ၁၀၀၄၊ ၁၀၀၅ BGF ထဲမှာ ရှိနေတဲ့ ရဲဘော်တွေဟာ ကလလတ အဖွဲ့အစည်းအဖြစ် ပြန်လည်ခံယူကာ BGF ထဲက စစ်ကောင်စီရဲ့ ခွေးသွားစိတ်တွေကို သုံ့ပန်းပေါ်လစီနဲ့အညီ လက်ဦးမှုရှိစွာ ဖမ်းဆီးလိုက်နိုင်ပေမဲ့ ရန်သူစစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်တွေကြောင့် ဆုတ်ခွာခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကလလတ မိခင်တပ်ရင်းတွေနဲ့ ပူးပေါင်းပြီး သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ပြန်လည်နိုးထလာတဲ့ ကရင်နီပြည်က ဖီးနစ်ငှက်တပါးအကြောင်း နိဂုံးချုပ်တင်ပြရရင် အတွေးအခေါ်အရ လုပ်ဟန်အရ BGF ထဲက ကေဒါတွေကို ကလလတ ခေါင်းဆောင်ပိုင်းက မတည်ဆောက်ထားနိုင်ရင် အခုလို ရန်သူရဲ့ ယန္တရားအောက်ကနေ ဟန်ချက်ညီစွာ  ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ ဆိုရှယ်မီဒီယာနဲ့ သတင်းမီဒီယာတွေမှာ ကလလတနဲ့ ပတ်သက်ပြီး BGF က စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး စစ်ရေး အသာစီးရလာလို့ BGF တွေကပါ ပြန်လည်တိုက်ခိုက်တယ်ဆိုပြီး အခြေအမြစ်မရှိ ရေးသားပြောဆိုနေတာတွေက အခြေအနေမှန်ကို နားလည်မှုမရှိဘဲ စိတ်ထင်ရာ ပြောဆိုနေမှုတွေဟာ အလွန်ပဲ နိုင်ငံရေးအရ သေးသိမ်ရာ ရောက်နေပါတယ်။ ကလလတ ဗဟိုခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးအရ အတွေးအခေါ်အရ လုပ်ဟန်အရ တည်ဆောက်ထားလို့သာ BGF တပ်ရင်း ၂ ရင်းဟာ အမှားအယွင်းမရှိဘဲ စည်းစနစ်တကျ ပြန်လည်တိုက်ခိုက်ကာ သာယာချမ်းမြေ့တဲ့ လူ့ဘောင်လောကသစ်ကို အရောက်ချီတက်သွားနိုင်မည်မှာ ဧကန်အမှန်ပဲဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

အိုက်နီ(ဖြူး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013