DVB Logo
Home
မြန်မာသတင်း
မူဆယ်နှင့်ကွတ်ခိုင် နေအိမ်အချို့ပေါ် လက်နက်ကြီးထိမှန်၊ စစ်တပ်က လေကြောင်းမှ ဗုံးကြဲ
DVB
·
July 25, 2023
မူဆယ်နှင့်ကွတ်ခိုင် နေအိမ်အချို့ပေါ် လက်နက်ကြီးထိမှန်၊ စစ်တပ်က လေကြောင်းမှ ဗုံးကြဲ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ နမ့်အွမ်ရွာဈေးနဲ့ ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖတ်ကာရွာက မိုင်ဆော်ဝ်ကောင် (Mai Sau Kawng) က လူနေအိမ် ၁ အိမ်ပေါ် ဇူလိုင် ၂၄ ရက် ညက လက်နက်ကြီး ကျကွဲပြီး ဆိုင်ခန်းတွေနဲ့ လူနေအိမ် ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံလူငယ်တဦးက "မနေ့ ည ၉ နာရီ ၁၀ မိနစ်က ကျနော်တို့ အိမ်နား ပထမတလိုင်းနဲ့ ပထမ တလိုင်းကျော်မှာ ကျတာ" လို့ ပြောပါတယ်။ 

အဲဒီနားက အကင်ရောင်းတဲ့ဆိုင်နဲ့ အင်္ကျီဆိုင်တွေ ထိခိုက်ပျက်စီးသွားပြီး လူအထိအခိုက်တော့ မရှိဘူးလို့ ဆိုပါတယ်။ 

မနေ့ ည ၉ နာရီ ၁၀ နာရီလော်ကစပြီး လက်နက်ငယ် ပစ်ခတ်သံကြားရပြီးနောက် လက်နက်ကြီး ၃ ကြိမ်ခန့် ပစ်သံကြားရကြောင်း၊ ဒီမနက်ပိုင်းလည်း တိုက်ပွဲဖြစ်ပွားနေသလို မနက် ၁၁ နာရီကျော် ဝန်းလောက်ကစပြီး နမ့်အွမ်နားအပါအဝင် စစ်ကြောင်းဆုတ်ရာလမ်းတလျှောက် စစ်တပ်က လေကြောင်းမှ ဗုံးကြဲနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

"ခု နမ့်အွမ်ကနေ ကျော်ပြီး သူတို့ မသင်္ကာတဲ့ နေရာတွေမှာ ဗုံးကြဲနေတယ်။  ကောင်းဝိန်းရွာဘက် ၄ ကြိမ် လာကြဲပြီးပြီ။" 

ဒါ့အပြင် ဇူလိုင် ၂၄ ရက် ည ၁၁ နာရီခွဲလောက်ကလည်း ဇီးဒဘန်ရွာနဲ့ နမ့်ဖတ်ကာ ဈေးကြားရှိ မိုင်ဆော်ဝ်ကောင် (Mai Sau Kawng) က လူနေအိမ် ၁ လုံးပေါ်မှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင် နေအိမ် ၁ ခုလုံး ရစရာမရှိအောင် ပေါက်ပြဲပေမယ့် လူအထိအခိုက် တော့ မရှိဘူးလို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။ 

"လူတွေက အိပ်နေချိန်။ နည်းနည်းအပေါ် အမြင့်နားလေးမှာ လာကျလို့။  လူတွေ အိပ်တဲ့ ခေါင်းရင်းတွေမှာ အပေါက်ကြီး ၂ ခု ပေါက်သွားတယ်။ ခြင်ထောင်က စုတ်ပြဲကုန်တယ်။ လူဘာမှ မဖြစ်တာ တခုပဲ။ အိမ်ထဲ အနှံ့တွေမှာလည်း အပေါက် အပေါက်တွေ ဖြစ်ကုန်ပြီ။ သွပ်တွေလည်း ရစရာ မရှိတော့ဘူး။" 

အိမ်ရှင်အမျိုးသမီးနဲ့ ကလေး ၂ ယောက် အိပ်နေချိန်  ညသန်းခေါင် နေအိမ်ပေါ် ရုတ်တရက် လက်နက်ကြီး ကျကွဲတာကြောင့် သွပ်တွေ၊ ထရံတွေ ပေါက်ပြဲပြီး အိုးခွက်၊ ပန်းကန်၊ ဓာတ်ဘူးတွေ ကွဲကုန်တယ်လို့ ဆိုပါတယ်။  

ဇီးဒဘန်ရွာနဲ့ နမ့်ဖတ်ကာရွာ လမ်းပေါ် မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည် ၁ လုံးလည်း စိုက်ဝင်နေသေးတယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။ 

"တလုံးက ပေါက်ကွဲသွားပြီး တအာင်းအိမ် ၁ လုံး ပျက်စီးသွားတယ်။ မပေါက်ကွဲသေးဘဲ စိုက်နေတာ ၁ လုံးရှိသေးတယ်။” 

နမ့်အွမ်၊ ကောင်းဝိန်း၊ ဆိုင်းခေါင် အဲဒီ တကြောက TNLA တွေက  နမ့်အွမ်နားက ဝမ်းနိုင်း ဆီဆိုင်မှာ ရှိတဲ့ စစ်တပ်ကို မနေ့ည ၁၂ နာလောက်မှာ လာပစ်တယ် ကြားတယ်လို့ သူက ပြောပါတယ်။ 

"အဲဒါကြောင့် ရွာတွေဘက်ချည်းပဲ ၁၀၅ မိုင်ဘက်ကရော၊ နမ့်ဖတ်ကာဘက်ကရော ပစ်ပေးနေတာ။  ရွာသူရွာသားတွေကို ကောင်းကောင်း Cover ယူနေတဲ့ ပုံစံ ဖြစ်နေတာ။" 

ဒေသခံတွေအနေနဲ့ တိုက်ပွဲဖြစ်တယ်ဆိုရင်တော့ တိုက်ပွဲဖြစ်လို့ နည်းနည်း လုံခြုံတဲ့နေရာ ခိုလှုံနေလို့ ရပေမဲ့ အခုဟာက တိုက်ပွဲလည်း မဖြစ်ဘဲနဲ့ ဘယ်ကနေ ပစ်လိုက်မလဲဆိုတာ မသိလို့ အကုန်လုံးက စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ 

ဒေသခံ အမျိုးသမီးတဦးက "ညအိပ်နေရင်လည်း ဘယ်ချိန် အသံကြားလာမလဲ ဆိုပြီး ညလည်း ကြောက်လန့် စိုးရိမ်စိတ်နဲ့ သတိထားပြီးအိပ်နေရတယ်။ ဒီလထဲမှာ ၂ ကြိမ် ရှိပြီ။ ၁၈ ရက်ညနေက တကြိမ်။ မနေ့ည ၂၄ ရက်ည သန်းခေါင်မှာ ဒီလို ပြန်ဖြစ်တယ်" လို့ ပြောပါတယ်။ 

ဇူလိုင် ၂၄ ရက် ည ၁၀ နာရီခွဲကျော်လောက်ကစပြီး မူဆယ်မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ ဟိုနား၊ စွမ်စော်နဲ့ မြို့ပြင်တောစပ်တွေမှာလည်း ပစ်ခတ်မှုရှိပြီး ဇူလိုင် ၂၅ ရက် မနက် ၂ နာရီကျော်လောက် အထိ လက်နက် ပစ်ခတ်သံတွေ ကြားရတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။ 

ဇူလိုင် ၁၈ ရက်ညနေပိုင်းက နမ့်ဖတ်ကာနားက ဇီးဒဘန်ရွာမှာ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျကွဲပြီး ဒေသခံ ၃ ဦး ဒဏ်ရာရကာ ၁ ဦး သေးဆုံးခဲ့ပါတယ်။ 

မူဆယ်နဲ့ နမ့်ခမ်းကြားက ဇယ်လန့်ရွာနားမှာ ဇူလိုင် ၂၃ ရက်ညနေပိုင်းက စစ်တပ်၊ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့နဲ့ TNLA, PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ ပြည်သူ့စစ်ဘက်က ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေ ရှိခဲ့ပါတယ်။ 

ဇူလိုင်လအတွင်းမှာ မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေက နေရာအနှံမှာ စစ်တပ်နဲ့ KIA, TNLA တို့ကြား တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်လာပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013