
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တွေဘက်က ဗိုလ်ကြီးအဆင့်အပါအဝင် အယောက် ၄၀ ကျော် သေဆုံးခဲ့ပြီးတော့ ၄၀ လောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) (စစ်ရုံး ချုပ်) က ထုတ်ပြန်တဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်မှာ ခုလိုဖော်ပြလိုက်တာဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်ည ၁၁ နာရီလောက်က ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာနားကို စစ်ကောင်စီ စစ်တပ်၊ ရဲနဲ့ ပျုစောထီးအင်အား ၄၀၀ လောက်ဟာ စစ်ကြောင်း ၂ ကြောင်းဖြန့်ခွဲပြီးတော့ ဝင်ရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
ည ၁၂ နာရီလောက်မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မဟာမိတ် ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကာ တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီလောက်အတွင်းမှာပဲ စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်အပါအဝင် ၃၃ ယောက် သေဆုံးကာ တပ်ရင်းမှူးအပါအဝင် ၄၈ ယောက်လောက် ထိခိုက် ဒဏ်ရာရရှိခဲ့ကြတာပါ။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ၄၈ ယောက်ထဲက ၂၀ ကတော့ တောင်ငူဆေးရုံမှာ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေတယ်လို့ သိရှိရပြီး ဆေးရုံ အရောက် ဒဏ်ရာပြင်းထန်တာကြောင့် စစ်ကောင်စီတပ်သား ၈ ယောက်ကတော့ ထပ်မံသေဆုံးခဲ့တာလို့ NUG အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲအတွင်း KNLA/PDF မဟာမိတ် ပူးပေါင်းတပ်တွေဘက်ကတော့ ရဲဘော် ၁ ယောက် ကျဆုံးခဲ့ပြီး ၁ ယောက်ကတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။











