DVB Logo
Home
မြန်မာသတင်း
ပြည်ပဝယ်လိုအားကောင်းသဖြင့် ထောပတ်ပဲစျေးနှုန်း စံချိန်တင်မြင့်တက်
DVB
·
July 24, 2023
ပြည်ပဝယ်လိုအားကောင်းသဖြင့် ထောပတ်ပဲစျေးနှုန်း စံချိန်တင်မြင့်တက်
1 / 2
Donate to DVB

ပြည်ပဝယ်လိုအားကောင်းလာတာကြောင့် ထောပတ်ပဲစျေးနှုန်းတွေ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ ပဲရောင်းဝယ်ရေးကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

ထောပတ်ပဲစပေါ်တဲ့ ဖေဖော်ဝါရီ နဲ့ မတ်လက ထောပတ်ပဲ ၃ တင်းဝင်တအိတ်ကို ၂၅၀,၀၀၀ ကျော်သာရှိခဲ့ရာမှ ဇူလိုင် ၂၃ ရက်နေ့စျေးအရ ၃ တင်းဝင်တအိတ်ကို ကျပ် ၃၂၅,၀၀၀အထိ စျေးနှုန်းမြင့်တက်လာတာပါ။

ဘုရင့်နောင်ပွဲရုံရှိ ပဲဒိုင်တဦးက" ထောပတ်ပဲစျေးကောင်းသလို အရောင်းလည်း သွက်တဲ့ပဲထဲ ပါပါတယ်။ အဓိကကတော့ ပြည်ပ (တရုတ်) က အဝယ်သွက်လို့ပေါ့။ ဒီဈေးကတော့ အရင်က တခါမှ မဖြစ်ဖူးပါဘူး၊ ထောပတ်ပဲ သိုလှောင်ထားတဲ့ ကုန်သည်တွေက အကျိုးအမြတ်အများကြီး ရနေပါတယ်" လို့ ပြောပါတယ်။

ထော်ပတ်ပဲစျေးနှုန်း မြင့်မားနေပေမဲ့ ပဲစျေးကွက်မှာ ထောပတ်ပဲလက်ကျန် နည်းနေတယ်လို့ ပဲရောင်းဝယ်သူတွေဆီက သိရပါတယ်။

ပဲကုန်သည်တဦးက "လက်ရှိဈေးကွက်မှာ ထောပတ်ပဲက မရှိသလောက်ကိုနည်းတယ်။ ဒီနှစ်က အရင်နှစ်တွေလောက် အထွက်မများဘူး။ ထောပတ်ပဲစိုက်ပျိုးတဲ့ နေရာတွေက စစ်ပွဲတွေဖြစ်နေတော့ စိုက်တာနည်းပြီး အထွက်နည်းသွားတာပါ" လို့ပြောပါတယ်။

ထောပတ်ပဲကို နယ်စပ်ကုန်သွယ်ရေးကတဆင့် တရုတ်နိုင်ငံကိုအဓိကထားတင်ပို့ပြီး အိန္ဒိယ၊ ဂျပန်နဲ့ ဥရောပနိုင်ငံတွေကို ရေကြောင်းကတဆင့် တင်ပို့ပါတယ်။

မြန်မာနိုင်ငံမှာ ထောပတ်ပဲစိုက်ဧက ၁၆၀,၀၀၀ ကျော်ရှိပြီး ပျမ်းမျှအထွက်နှုန်းတန်ချိန် ၁၀၀,၀၀၀ ခန့်ရှိတယ်လို့ စားသုံးသူ​ရေးရာဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ထောပတ်ပဲကို မြန်မာပြည်အလယ်ပိုင်းဒေသ မကွေးတိုင်းမှာ မင်းဘူး၊ စလင်း၊ မန္တလေးတိုင်းမှာ မလိုင်၊ တောင်သာ၊ နွားထိုးကြီးနဲ့ စစ်ကိုင်းတိုင်းမှာ ဂန့်ဂေါ၊ ကလေး၊ ကလေးဝ၊ ရွှေဘို၊ ကဘော်ချိုင့်ဝှမ်းဒေသတွေမှာ အဓိကစိုက်​ပျိုးပြီး ဧရာဝတီတိုင်းရှိ ပုသိမ်၊ ဟင်္သာတ၊ မအူပင်နဲ့ ဝါးခယ်မမြို့မှာလည်း အနည်းငယ်စိုက်ပျိုးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013