Home
မြန်မာသတင်း
စစ်ကောင်စီကျင်းပမည့် ငြိမ်းချမ်ရေးညီလာခံမတက်ဟု မြောက်ပိုင်းအဖွဲ့များ ငြင်းဆို 
အောင်သူ
·
July 24, 2023

စစ်ကောင်စီနဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်ရေးညီလာခံကို တက်မှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ငြင်းဆိုခဲ့တယ်လို့  ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အတွင်းရေးမှူး ၂ က ဒီဗွီဘီကို  ပြောပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ ပါတဲ့ ငြိမ်းချမ်းရေးညီလာခံ ကျင်းပချင်တာကြောင့်  ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) အပါအဝင် မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိနေတဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို  တက်ရောက်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ဒါပေမဲ့ မြောက်ပိုင်းအဖွဲ့တွေဘက်ကတော့ လက်ရှိ နိုင်ငံရေးအခြေအနေတွေအရ အားလုံး ပါဝင်နိုင်မှုမရှိရင် တက်ရောက်မှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ငြင်းဆိုခဲ့တယ်လို့ စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အတွင်းရေးမှူး ၂  ဗိုလ်မှူးကြီး ဆိုင်းဆုက ဒီဗွီဘီကို ပြောပါတယ်။

မြောက်ပိုင်းက အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ ‘ဝ’ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့က ကိုယ်စားလှယ်တွေဟာ ဇူလိုင် ၂၀ ရက်ကနေ ၂၁ ရက်အထိ ၂ ရက်အထိ နေပြည်တော်ကို သွားရောက်ပြီး  ထပ်မံတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ချိန်မှာ စစ်ကောင်စီဘက်က တောင်းဆိုခဲ့တာပါ။

အဲဒီတွေ့ဆုံဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး  စစ်ကောင်စီဘက်ကတော့  အပြီးသတ်ဆွေးနွေးမှုတွေအတွင်းကနေ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ ဘယ်အချက်တွေလဲ ဆိုတာကိုတော့ တိတိကျကျ ပြောဆိုခြင်းမရှိပါဘူး။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ နိုင်ငံရေးဆိုင်ရာ သဘောတူညီမှုတွေကို ဆွေးနွေးခဲ့တာမရှိဘဲ ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ဆိုင်တဲ့ အချက်တွေကိုသာ ဆွေးနွေး သဘောတူခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က တောင်းဆိုတဲ့ တချို့အချက်အလက်တွေကိုသာ သဘောတူ လက်မှတ်ထိုးခဲ့တာလို့ ပြောပါတယ်။ 

UWSP အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဘက်က နိုင်ငံရေးနဲ့ဆိုင်တဲ့ အချက်တချို့ကို ဆွေးနွေးခဲ့ကြပေမဲ့ စစ်တပ်ဘက်က လက်ခံသဘောတူညီမှုမရှိခဲ့ဘဲ လူထုက ရွေးကောက်ထားတဲ့ အစိုးရနဲ့ လွှတ်တော် ပေါ်ပေါက်လာမှသာ အတည်ပြုလို့ရမယ့် အချက်တွေ ဖြစ်တယ်လို့ တုံ့ပြန် ပြောဆိုတာရှိတယ်လို့ ဗိုလ်မှူးကြီးဆိုင်းဆုက ပြောပါတယ်။

စစ်ကောင်စီက လက်ရှိအချိန်မှာ တစ်နိုင်ငံလုံး ပစ်ခက်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့လည်း ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိတဲ့အခြေအနေ ဖြစ်ပေါ်နေပါတယ်။

လက်ရှိကြုံနေရတဲ့ နိုင်ငံရေးဖိအားကို ရှောင်လွှဲလိုတာကြောင့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေပါတဲ့ ငြိမ်းချမ်းရေးညီလာခံတစ်ခုကို မဖြစ်မနေ ကျင်းပနိုင်ဖို့ ပြင်ဆင်နေတာလို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စစ်ကောင်စီအဖွဲ့ဝင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊  အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ဒုတိယဥက္ကဋ္ဌ(၃) စဝ်ဆေပိုင်ဖတို့ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

PHOTO-DSINFO

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024