DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်ခရိုင်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ဒေသခံ ၆ ဦး ဒဏ်ရာရ
DVB
·
July 24, 2023
ညောင်လေးပင်ခရိုင်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ဒေသခံ ၆ ဦး ဒဏ်ရာရ
1 / 3
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ တပ်မဟာ ၃ နယ်မြေ ကျေးရွာတွေထဲကို ၃ ရက်အတွင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးအလုံး ၇၀ ကျော် ပစ်ခတ်ခဲ့ကြပြီး ဒေသခံ ၆ ယောက် လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သလို ကျေးရွာပေါင်း ၇၀ ကျော်က ဒေသခံတွေ ထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ ကေအန်ယူ−ဗဟိုက ထုတ်ပြန်ပါတယ်။

မူး၊ ဆောထိနဲ့ လယ်ဒိုမြို့နယ်တွေထဲက ကျေးရွာတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်ကနေ ၂၂ ရက်အတွင်း စစ်ကောင်စီ ခမရ-၂၀၊ ခလရ-၂၆၄၊ ခမရ-၃၀၆ တပ်တွေက ပစ်ခတ်တိုက် ခိုက်ခဲ့ကြတာဖြစ်ပြီး နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၁ ရက်မှာ ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီလက်နက်ကြီးကျည်ထိမှန်ခဲ့သူတွေကတော့ မူးမြို့နယ်၊ ကြက်တက်ညောင်ပင် အနောက်ဘက်ကမ်းကျေးရွာက အသက် ၃၅ နှစ် အရွယ် ကိုစိုးသူ နဲ့ အသက် ၁၃ နှစ်အရွယ် မောင်ဖြိုးထက်ဦးတို့ ဖြစ်ကြပြီး လယ်ဒိုမြို့နယ်၊ ချွဲတလဲကျေးရွာက အသက် ၄၆ နှစ်အရွယ် နော်အေးဆေးဖော၊ ငဖယ်အင်းကျေးရွာက အသက် ၄၂ နှစ် အရွယ် စောဝါးဂေ၊ အသက် ၃၆ နှစ်အရွယ် နော်အယ်ဆဲနေမူးနဲ့ အသက် ၁၂ နှစ်အရွယ် စောအယ်စယ်ထူးတို့ကတော့  ၂၂ ရက်မှာ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့ကြတာပါ။

လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့သူတွေထဲမှာတော့ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၂ ယောက် ပါဝင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆောထိမြို့နယ်ထဲမှာ ညောင်လေးပင်အခြေစိုက် ခမရ-၂၀ က ပြည်သူ ၃ ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ၁ ယောက်ကိုသာ ပြန်လွှတ်ပေးခဲ့ကာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်က ခလရ-၂၆၄ က လယ်ဒိုမြို့နယ်ထဲမှာ ဖမ်းဆီးထားတဲ့ အရပ်သား ၁၈ ယောက်ကိုလည်း အခုအချိန်ထိ ပြန်လွှတ်မပေးသေးဘူးလို့ ပြောပါတယ်။

ကေအန်ယူ တပ်မဟာ ၃ နယ်မြေတွေထဲမှာတော့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့်  နောက်ထပ်ကျေးရွာတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် စစ် ဘေးရှောင် ကျေးရွာပေါင်းအရေအတွက်နဲ့ လူဦးရေစာရင်းကို အတည်ပြုလုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် ပထမ ၆ လတာအတွင်းမှာတော့ ကေအန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေတွေထဲမှာ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်းအကြိမ် ၂,၅၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဘက်က တပ်ရင်းမှူး ၅ ယောက်၊ ဒုရင်းမှူး ၅ ယောက်တို့အပါအဝင် စုစုပေါင်း ၂၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကေအန်ယူ-ဗဟိုက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကေအန်ယူနယ်မြေထဲမှာတော့ တိုက်ပွဲတွေ နေ့စဉ်မပြတ် ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေ ၆ သိန်းနီးပါးထိ ရှိလာခဲ့ကာ မိုးရာသီဖြစ်တာကြောင့် နေရာထိုင်ခင်းအတွက် အမိုးအကာတွေ၊ စားနပ်ရိက္ခာ မလုံလောက်မှု  အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့နေရပြီး အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013