DVB Logo
Home
မြန်မာသတင်း
ရွှေဘို ပျူစောထီးစခန်းကို PDF က စီးနင်းတိုက်ခိုက် 
DVB
·
July 23, 2023
ရွှေဘို ပျူစောထီးစခန်းကို PDF က စီးနင်းတိုက်ခိုက် 
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ညောင်ပင်လှပျူစောထီးကျေးရွာမှာ ပြည်သူ့စစ်အသွင်ပြောင်း စနစ်တကျဖွဲ့စည်းထားတဲ့ ပျူစောထီးစခန်းကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီးတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး သေနတ် ၃ လက်အပါအဝင် ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

ဇူလိုင် ၂၃ ရက် ဒီကနေ့မနက်အစောပိုင်း ၃ နာရီ ၄ မိနစ်လောက်မှာ အင်အား ၂၆ ယောက် အနည်းဆုံးနဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံပျူစောထီးတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်စီးနင်းနိုင်ခဲ့ပေမဲ့ တပ်ကူတွေ ရောက်လာပြီး လက်နက်ကြီး ပစ်ကူပေးခဲ့တဲ့အတွက် သိမ်းပိုက်နိုင်ခြင်းတော့ မရှိခဲ့ဘူးလို့ ရွှေဘိုမြို့နယ် ပကဖ တာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။

"စခန်းကို ဝင်စီးနိုင်ခဲ့တယ်၊ စခန်းတော့ မသိမ်းနိုင်ခဲ့ဘူး။ ရွာမြောက်ဘက်ခြမ်းက ကင်းတကင်းတော့ ကျန်ခဲ့တယ်ဗျ။ အဲ့ဘက်က ညောင်ကိုင်းပျူရွာနဲ့ ကပ်လျက်မို့ စစ်ကူရောက်လာပြီး လက်နက်ကြီးပစ်ကူပေးတဲ့အတွက် ရွာမြောက်ခြမ်းက ကင်းတကင်းတော့ကျန်ခဲ့တယ်ဗျ။ ပျူရွာတွေက တအားကပ်တယ်၊ တရွာနဲ့ တရွာက လယ် ၃/၄ ဧက လောက်ပဲခြားတာဗျ။ အဲ့စခန်းက ပျူတွေကို ကျေးရွာပြည်သူ့စစ်အဖြစ်ပြောင်းပြီး စနစ်တကျဖွဲ့ထားတယ်၊ ဘန်ကာတွေလည်း အခိုင်အမာ ဆောက်လုပ်တပ်စွဲထားတာပါ။ ပထမတော့ ပြန်ဆုတ်တဲ့အချိန် စခန်းကို မီးရှို့ခဲ့ဦးမလို့၊ ညကို ကျနော်တို့မီးရှို့ရင် လမ်းပြသလိုဖြစ်မှာမို့ မရှို့ခဲ့တာဗျ။ ဆုတ်လမ်းကလည်း သိပ်မသာလို့ပါဗျ။ တိုက်ပွဲဖော်ချိန်ကလည်း မနက် ၃ နာရီ ၄ မိနစ်ဆိုတော့လေ။" 

တိုက်ခိုက်မှုအပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပျူစောထီးအဖွဲ့ဆီက ကာဘိုင်သေနတ် ၂ လက်၊ ကိုးလုံးသေနတ် ၁ လက်၊ ကိုးလုံးကျည် ၂၅ တောင့်၊ ကာဘိုင်ကျည် ၂၀၉ တောင့်၊ ကျည်ဘောက် ၁ ခုနဲ့ စစ်ဝတ်ကျည်ကာ ၇ ခု၊ Huawei ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ပျူစောထီးအဖွဲ့ဝင် ၉ ဦး သေဆုံးတာနဲ့ ပတ်သက်ပြီး DVB သတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဆိုပါတိုက်ခိုက်မှုတွေကို ရွှေဘိုမြို့နယ်ပကဖ Shwebo Justice Force အဖွဲ့၊ ရွှေတောသားအဖွဲ့၊ ကျားပျံအဖွဲ့၊ ရွှေဘိုမြို့နယ်တိုက်နယ် ၃ ပကဖအဖွဲ့၊ ဒီပဲယင်းမြို့နယ်ပကဖ Group 3 (ဂဠုန်မင်းအဖွဲ့၊ စံရှားအဖွဲ့၊ ဒေါင်းမင်းအဖွဲ့၊ သရဲကြီးအဖွဲ့၊ မတထောင်တကောင်ဘွားအဖွဲ့) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂ဝ ရက်ကလည်း ရွေဘိုမြို့နယ် ဆင်အင်းကျေးရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေထဲက ၄ ဦး ကင်းပုန်းဝပ်နေစဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီးတပ်ဖွဲ့ဝင် ၄ ဦးစလုံးသေဆုံးကာ ကာဘိုင်သေနတ် ၃ လက်၊ AK47 သေနတ် ၁ လက်၊ ကျည် ၂၉၆ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည်ဘောက် ၄ ခုနဲ့ စစ်ဝတ်ကျည်ကာ ၄ ခုတို့ကို သိမ်းဆည်းရမိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013