
မကွေးတိုင်း၊ မြိုင်မြို့နယ်က သရက်ကန် ပျူစောထီးစခန်းကို ဒေသတွင်း မဟာမိတ်အင်အားစုတွေ ပူးပေါင်းပြီး “တမာမြေစစ်ဆင်ရေး” အဖြစ် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway PDF) က မေ ၂၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
မကွေး PDF နဲ့အတူ ပခုက္ကူခရိုင် တပ်ရင်းတွေ၊ ABSDF၊ ဒရုန်းတပ်ဖွဲ့တွေနဲ့ မြိုင်၊ ပေါက်၊ ပခုက္ကူ ပကဖ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ မေ ၂၂ ရက် မနက်ပိုင်းကစပြီး အဆိုပါ ပျူစောထီးစခန်းကို စတင်ထိုးစစ်ဆင်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းပစ်ကူ ၄၀ ထက်မနည်း အသုံးပြုပြီး ခုခံခဲ့ပေမဲ့ မေ ၂၃ ရက် မနက် ၅ နာရီကျော်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ Magway PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း ရန်သူ့ထံက ကာဘိုင် ၁၁ လက် အပါအဝင် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့သလို ၅ နှစ်ကြာ ဖိနှိပ်ခံခဲ့ရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၄၉ ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေကိုလည်း အလေးပြုရင်း စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
လက်ရှိမှာတော့ ဒေသတွင်း စစ်ရေးပြင်းထန်လာနိုင်တာကြောင့် သရက်ကန်ကျေးရွာအတွင်းမှာ တိုက်မိုင်းနဲ့ နင်းမိုင်းတွေ ထောင်ထားတာမို့ ပြည်သူတွေအနေနဲ့ ဝင်ထွက်သွားလာခြင်း မပြုလုပ်ကြဖို့ကိုပါ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်က သတိပေး ထုတ်ပြန်ထားပါတယ်။










