DVB Logo
Home
မြန်မာသတင်း
ကျပ် ၂၀,၀၀၀ တန် ထုတ်မည့်သတင်းကြောင့် ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်း
DVB
·
July 23, 2023
ကျပ် ၂၀,၀၀၀ တန် ထုတ်မည့်သတင်းကြောင့် ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်း
Donate to DVB

၂၀၂၃ ဇူလိုင် ၃၁ ရက်နေ့မှာ စစ်ကောင်စီ၊ ဗဟိုဘဏ်က ထုတ်ဝေမယ့် ကျပ် ၂၀,၀၀၀ တန် သတင်းကြောင့် ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းသွားပြီး နိုင်ငံခြားငွေကြေးတချို့ အရောင်းပိတ်ထားရတယ်လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ကျပ်နှစ်သောင်းတန်ကို စစ်ကောင်စီက နေပြည်တော်မှာ မာရဝိဇယရုပ်ပွားတော် တည်ပြီးတဲ့ အထိမ်းအမှတ်နဲ့ ဆင်ဖြူတော် ရဋ္ဌနန္ဒ တနှစ်ပြည့်မွေးနေ့အတွက် ရည်ရွယ်ပြီး အကန့်အသတ်နဲ့ ထုတ်တာလို့ ဇူလိုင် ၂၃ ရက်က ကြေညာထားပါတယ်။

ငွေစက္ကူအသစ်ကို မသုံးစွဲသင့်တော့တဲ့ ကျပ်ငွေတွေအတွက် အစားထိုးထုတ်ဝေတာနဲ့ လဲလှယ်ပေးတာလို့ စစ်ကောင်စီက ကြေညာထားပေမဲ့ နိုင်ငံခြားငွေလဲကောင်တာတွေမှာ ဈေးနှုန်းအတက်မြန်နေတာကြောင့် နိုင်ငံခြား‌ငွေ အဝယ်သာရှိပြီး အရောင်းပိတ်ထားရတယ်လို့ သိရပါတယ်။

စစ်ကောင်စီ ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေတာ‌ကြောင့် နိုင်ငံခြားငွေလဲလှယ်တာနဲ့ပတ်သက်ပြီး ရန်ကုန်မြို့က ငွေလဲလုပ်ငန်းလုပ်ကိုင်သူတဦးက အခုလို ပြောပါတယ်။

“ရုံးပိတ်ရက်အတွင်း ဒီလို ဖြစ်သွားတာမျိုးက ရှားတယ်၊ ပြည်သူက အာမခံချက်ကိုပဲ လိုချင်တာ၊ အသစ်ထုတ်တာက ငွေဖောင်းပွတာကို ပိုဆိုးဖို့ပဲ မြင်ပါတယ်။ ‌ဒီနေ့ဆို မနက်‌ဈေးဖွင့်ကတည်းက တက်လိုက်တဲ့ အတက်၊ ဘတ်ကို မနေ့က ၂၂ ရက် ညနေအထိ ၈၈.၉နဲ့ ပိတ်ထားတာ၊ ဒီမနက်စဖွင့်တာနဲ့ ၉၀ ကျော်ပြီ ၁၂ ခွဲ၊ ၁ နာရီလောက်က ၉၆ လောက်အထိ တက်သွားတယ်၊ နယ်စပ်နဲ့ကတော့ နည်းနည်းကွာတယ်၊ ဘတ်နဲ့ USD ဆို အရောင်းပါ ပိတ်ထားရတယ်၊ ဆိုင်က အဝယ်ပဲ ရှိတယ်၊ ငွေလာလဲရင် အရောင်းဆို ပေါက်ဈေးအတိုင်း ဝယ်ထားလိုက်တယ်၊ ဝယ်မယ်ဆို ခဏရပ်ထားလိုက်တယ်၊ customer တွေကို ပြန်တောင်းပန်ထားရတဲ့ အခြေအနေပါပဲ” လို့ ပြောပါတယ်။

ပြည်သူတွေကြားမှာ ငွေဖောင်းပွနှုန်းမြင့်လာမှာ၊ ကုန်ဈေးနှုန်းတက်လာမှာတွေကို စိုးရိမ်နေတဲ့အပြင် အရေးကြီးကုန်စည်တွေ ဖြစ်တဲ့ ဆေးဝါး၊ စားသုံးဆီ၊ လက္ကားဆိုင်ကြီးတချို့ပါ အရောင်းပိတ်ထားပါတယ်။

အာမခံချက်မရှိတဲ့ အခြေအနေမှာ ငွေစက္ကူအသစ်ထုတ်ဝေခြင်းရဲ့ နောက်ဆက်တွဲက ငွေဖောင်းပွနှုန်းအပြင် နိုင်ငံခြားထုတ်ကုန်တွေ၊ ကုန်ဈေးနှုန်းမတည်ငြိမ်တာတွေ၊ ကုန်သွယ်တဲ့အခါ ငွေကြေးဆုံးရှုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာနိုင်တယ်လို့ ငွေကြေးစီမံခန့်ခွဲမှုပညာရှင်တဦးက သုံးသပ်ပြောဆိုထားပါတယ်။

ငွေကြေးစီမံခန့်ခွဲမှုပညာရှင်တဦးက “အဓိက ၂ ပိုင်း ရှိတယ်၊ လက်ရှိက သတင်းပဲ ထွက်သေးတဲ့ အခြေအနေမှာ ငွေလဲနှုန်းတွေ ရာခိုင်နှုန်းတော်တော်ပြောင်းသွားတာက အာမခံချက်ရရှိဖို့နဲ့ ဈေးကွက်အရ နိုင်ငံခြားငွေက ဝယ်လိုအားများလာတာကြောင့်ပါပဲ။ ဝယ်လိုအားများ ရောင်းလိုအားက နည်းရင် နိုင်ငံ‌ခြား‌ငွေက ဈေးတက်မှာပဲ၊ ဘာလို့နည်းတာလဲဆို ပြည်တွင်းမှာ အသုံးများတဲ့ နိုင်ငံခြားငွေ နည်းနေလို့ ဖြစ်တာ ဥပမာဆို ဒေါ်လာတို့ ဘတ်တို့ ယွမ်တို့၊ အကောင်းဆုံးကတော့ အချိန်ခဏစောင့်တာပဲ။ ဒုတိယအပိုင်းက ပိုက်ဆံတကယ်ထွက်တဲ့အချိန်လို့ ပြောရမယ်၊ တကယ်ထွက်လာရင် ဘယ်လိုကိုင်တွယ်မလဲ။ သူတို့ ပြောသလို သုံးလို့မဖြစ်တော့တဲ့ ပိုက်ဆံဟောင်းကို အစားထိုးဖို့ပဲလား၊ ဘဏ္ဍာရေးလိုအပ်ချက်နဲ့ နိုင်ငံခြားအရန်ငွေလိုလို့ တမင်ရိုက်ထုတ်တာမျိုးလားဆိုတာ သိလာရမယ်၊ USD အစားထိုးဖို့ တရုတ် ယွမ်၊ ရုရှားဆို ရူဘယ်ငွေနဲ့ စစ်တပ်က စီစဉ်နေတာပဲ၊ အခြေအနေကတော့ နိုင်ငံခြားကို မှီခိုနေတဲ့ပစ္စည်းတွေ အချိန်တခုအထိ ဈေးတက်သွားမယ်” လို့ ပြောပါတယ်။

ဇူလိုင် ၂၃ ရက်၊ ညနေ ၄ နာရီအထိ နောက်ဆုံးစာရင်းအရ ငွေလဲလုပ်ငန်းတွေမှာ ဘတ်ဈေး ၁ ဘတ် - ၉၉.၉၀ ကျပ်အထိ ပေါက်ဈေးရှိပြီး ‌ဒေါ်လာဈေး ၁ USD - ၃၂၅၀ ကျပ်အထိ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ပြင်ပမှာ ငွေစက္ကူအသစ်သတင်းကြောင့် မြန်မာကျပ်ငွေလဲနှုန်းတွေ ဆက်တိုက်ကျဆင်းလာပေမဲ့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ ဝက်ဘ်ဆိုက်မှာတော့ ၁ ဒေါ်လာ- ၂၁၀၀ ကျပ်၊ ၁ ဘတ် - ၆၀.၉၄၉ ကျပ်၊ ၁ ယွမ်- ၂၉၂.၃၉ ကျပ်၊ ၁ ရင်းဂစ် - ၄၆၀.၃၇ ကျပ်သာ သတ်မှတ်ထားတာကို တွေ့ရပါတယ်။

ကမ္ဘာဘဏ်ကထုတ်ပြန်တဲ့ ဇွန်လစစ်တမ်းအရ မြန်မာပျမ်းမျှနှစ်အလိုက် ငွေကြေးဖောင်းပွမှုဟာ၂၀၂၂ ခုနှစ်က ၁၈.၃ ရာခိုင်နှုန်း မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်မှာ ၁၄ ရာခိုင်နှုန်းအထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013