DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဝင်ငွေရလမ်းမှန်သမျှ ပိတ်ဆို့ဖြတ်တောက်ရန် တော်လှန်ရေးအင်အားစုများတိုက်တွန်း
DVB
·
July 23, 2023
စစ်ကောင်စီဝင်ငွေရလမ်းမှန်သမျှ ပိတ်ဆို့ဖြတ်တောက်ရန် တော်လှန်ရေးအင်အားစုများတိုက်တွန်း
1 / 2
Donate to DVB

အာဏာသိမ်း စစ်အုပ်စုကို တော်လှန်နေကြတဲ့ ပြည်သူတွေနဲ့ တော်လှန်ရေး အင်အားစုတွေဟာ စစ်ကောင်စီကို စစ်ရေး၊ ဘဏ္ဍာရေး၊ သံတမန်ရေးနဲ့ စိတ်ဓာတ်ရေးရာ မျက်နှာစာ ၄ ခုကနေ တွန်းလှန် တိုက်ပွဲဝင်နေကြပါတယ်။ 

အဲဒီ မျက်နှာစာ ၄ ခုမှာ ဘဏ္ဍာရေး မျက်နှာစာကနေ ပြည်သူတွေ ပါဝင်ပေးကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်း တောင်းဆိုလိုက်တာပါ။

စစ်ကောင်စီရဲ့ ဝင်ငွေရပေါက် ရလမ်းမှန်သမျှကို ပြည်သူတွေ တတ်နိုင်သလောက် ပိတ်ဆို့ ဖြတ်တောက်ပြီး တော်လှန်ရေး ဘဏ္ဍာငွေ တိုးပွားအောင် ပါဝင်ပေးကြဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က တိုက်တွန်းလိုက်ပါတယ်။

"သူတို့ (စစ်ကောင်စီ) ရတာက ပြည်ပက ရတာရှိတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့လိုပေါ့။ ပြည်တွင်းက ရတာရှိတယ်။ ပြည်ပက ရတာမှာ သွေးစွန်းငွေ လှုပ်ရှားမှုလိုမျိုး ရသလောက် ပါဝင်ကြပါ။ မိမိတတ်နိုင်တဲ့အားနဲ့ ပါဝင်ကြပါ။ အဲ့လိုပဲ ပြည်တွင်းမှာလည်း သူတို့ ရပေါက်ရလမ်းဖြစ်တဲ့ ပြည်သူ့ပိုက်ဆံကို လိုချင်လို့ ဘဏ်တွေနဲ့ ပေါင်းပြီး ငွေတိုက် စာချုပ်လုပ်တာဟာ တဖက်မှာ တခြားအာရုံပြပြီး သူတို့ အသက်ဆက်ဖို့ ကြိုးစားနေပါတယ်။ အဲဒါတွေကို တာဝန်က ၂ ရပ်ပါပဲ။ ဖက်ဆစ်တပ် ရပေါက်ရလမ်းမှန်သမျှ ပိတ်ဆို့ ဖြတ်တောက်ရေးနဲ့ တော်လှန်ရေး အင်အားစုတွေ ဘဏ္ဍာငွေ တိုးပွားရေးပါ။ အဲဒီအတွက် အလုပ်လုပ်ကြရင် ဖက်ဆစ်တပ်ကို ဘဏ္ဍာငွေ ဖြတ်မယ်ဆိုရင် လက်တွေ့ကျတဲ့ အနေနဲ့ စစ်တပ်က ထုတ်တဲ့ ထုတ်ကုန်တွေ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ဘိလပ်မြေကအစ သပိတ်မှောက်ရမယ်။ အဲ့လို သပိတ်မှောက်တာအပြင် စစ်တပ်နဲ့ ပိုက်ဆံအားဖြင့် ငွေအားဖြင့် လုံးပန်းနေတဲ့ ဘဏ်တွေကို ပြည်သူလူထုက ဆုံးမရမှာပဲ။ ဘဏ်တွေကနေ ပိုက်ဆံ ပြန်ထုတ် သူတို့ လည်ပတ်လို့ မရအောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ကြရမှာပဲ။ ဒါဖြင့်ရင် တော်လှန်ရေး ဘဏ္ဍာငွေတိုးအောင် NUG အစိုးရက စပြီး တည်ထောင်လိုက်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်မှာ အကောင့်တွေ ဖွင့်ကြရမှာပါ။ ပြည်သူတွေ အန္တရာယ်ကင်းကင်းနဲ့ အွန်လိုင်းပေါ်ကနေ ဒီတိုက်ပွဲကို ဆင်နွှဲလို့ရအောင် စီစဉ်ထားပါတယ်။"

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်ဟာ နွေဦးတော်လှန်ရေးမှာ ဦးဆောင်လှုပ်ရှားခဲ့ကြတဲ့ ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ ၄ ဦးကို အကျဉ်းထောင်ထဲမှာ အဓမ္မ ကြိုးပေး ကွပ်မျက်ခဲ့တဲ့ ပထမ နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။

ဒီလို နှစ်ပတ်လည် နေ့မျိုးမှာ တော်လှန်ရေးအတွက် အသက်ပေးသွားသူတွေကို သတိရ အောက်မေ့သလို စစ်အာဏာရှင် တော်လှန်ရေးမှာ ပြည်သူတွေ ဆက်လက် ပါဝင်ပေးကြဖို့ နွေဦးတော်လှန်ရေးခေါင်းဆောင် ဒေါက်တာ တေဇာဆန်းက တိုက်တွန်း ပြောပါတယ်။

ဒါ့အပြင် စီးပွားရေးနဲ့ ဘဏ္ဍာရေးတိုက်ပွဲဟာ ခုခံတွန်းလှန်စစ် လက်နက်ကိုင် တိုက်ပွဲအတွက်လည်း အရေးကြီးတဲ့ မျက်နှာစာဖြစ်တာကြောင့် ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ကြဖို့ သူက ပြောပါတယ်။

"စစ်အုပ်စုက သူတို့ ပိုက်ဆံမရှိတဲ့အခါ နည်းလမ်းပေါင်းစုံနဲ့ လုပ်ကြတယ်။ ဒီနေ့ဆို တွေ့ရတယ်။ ငွေစက္ကူအသစ်တွေ ၂ သောင်းတန်တွေ ထပ်ရိုက်ပြီး ထုတ်လိုက်ပြန်ဦးမယ်။ ပြောချင်တာက စစ်အုပ်စုမှာလည်း သူတို့ရဲ့ ဖက်ဆစ်တပ်ကြီးကို လည်ပတ်ဖို့ရာ သူ့နည်းသူ့ဟန်နဲ့ ငွေကြေးအရ အခက်အခဲရှိတာ သေချာတယ်။ ကမ္ဘာကြီးမှာလည်း သူတို့ကို စီးပွားရေးပိတ်ဆို့မှုတွေလုပ်၊ အဲဒီ စီးပွားရေး ပိတ်ဆို့မှုတွေကလည်း သူတို့ကို အင်မတန် ထိခိုက်တယ်။ ဒီအခါမှာ လူထုအနေနဲ့ စီးပွားရေးတိုက်ပွဲ မျက်နှာစာကို အလေးအနက်ထားပြီး စစ်အုပ်စုဆီ ပြည်သူ့ငွေ တပြားတချပ်မှ မရောက်သွားဖို့ ဂရုစိုက်ကြဖို့ အရေးကြီးတယ်။ ပြည်ပငွေတွေလည်း မရောက်သွားအောင် နည်းလမ်းပေါင်းစုံနဲ့ ပြည်သူ့အသံတွေ ပါဝင်ဖို့ လိုတယ်။ ဘူးသပိတ်နဲ့ ပြည်သူတွေက စစ်တပ်ပိုင် ပစ္စည်းတွေ မဝယ်ယူကြဖို့ လိုတယ်။ ပြည်သူ့ဖိအား ပြည်သူ့အသံနဲ့ သွေစွန်းငွေတွေ ဖြတ်တောက်ဖို့ လိုတယ်။ သွေးစွန်းငွေတွေနဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာ။ လေယာဉ်တွေ ဗုံးကြဲနေတာ။ ကျနော်တို့ တိုင်းပြည်ကို ကျည်ဆံတွေနဲ့ ပစ်နေတယ်။ ပြည်သူတွေကို မီးရှို့နေတယ်။ စစ်ကောင်စီရဲ့ ဝင်ငွေ ရပေါက်ရလမ်း ဖြတ်တောက်နိုင်ဖို့ တဖက်က စစ်ရေးတိုက်ပွဲလို ဘဏ္ဍာရေးတိုက်ပွဲကလည်း အရေးကြီးတယ်။ သူ့ရဲ့ ဝင်ငွေ ရေသောက်မြစ်ကို ဖြတ်တောက်ခြင်းဖြင့် အင်မတန်ကြီးမားတဲ့ လှုပ်ရှားမှုတခု ဖြစ်သွားမယ်။"

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီး အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၀၀၀၀ ကျော် ရှိပါပြီ။

အာဏာသိမ်းကာလ ၂ နှစ်ခွဲအတွင်း စစ်ကောင်စီ တပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း ကျဆုံး ပြည်သူ အယောက် ၃,၈၂၀ နီးပါး၊ ဖမ်းဆီးခံရသူပေါင်း၂၃,၉၈၀ ကျော် ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ဇူလိုင် ၂၁ ရက်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013