မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က လူငယ် ၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး PDF အဖွဲ့ဝင်တွေဖြစ်တယ်ဆိုတဲ့အကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေက ဖော်ပြလာပြီး အဲဒီအဖွဲ့ကတော့ ငြင်းဆိုပါတယ်။
ဇူလိုင် ၂၂ ရက်နေ့မှာ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာ ကျိုက်ထီးရိုး တောင်တက်လမ်းမှာရှိတဲ့ လေးဖာတောတံတားကို ဖောက်ခွဲတဲ့ အကြမ်းဖက်တွေဖြစ်ပြီး ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဖော်ပြလာပါတယ်။
ဇူလိုင် ၇ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်မှာ နေထိုင်သူတွေဖြစ်တဲ့ မောင်ပြည့်စုံမောင်မောင်၊ မောင်ဧပရယ်ဟိန်းနဲ့ မောင်အာကာပိုင်စိုးတို့ကို စစ်ကောင်စီက ဆိုင်ကယ်စစ်ဆေးနေရင်း မသင်္ကာမှုနဲ့ ဖမ်းဆီးခဲ့တာပါ။
“သူတို့က ညနေဘက် ရေသွားကူးပြီးပြန်လာကြတာ။ ကျိုက်ထို-ကင်မွန်းစခန်းလမ်းမှာ ဆိုင်ကယ်စစ်ပြီး လူငယ်တွေဆိုတော့ မသင်္ကာမှုနဲ့ဖမ်းလိုက်တာ။ ဒီနေ့ သူတို့ ချန်နယ်တွေမှာတင်မှ သိရတာ။ ဒီကလေးတွေက ရပ်ကွက်ထဲမှာ အေးဆေးနေသူတွေပါ။ နိုင်ငံရေး စိတ်ဝင်စားသူတွေလည်းမဟုတ်ပါဘူး” လို့ မြို့ခံတယောက်က ဆိုပါတယ်။
စစ်ကောင်စီဘက်ကစွပ်စွဲသလို ကေအန်ယူ တပ်မဟာ-၁ နယ်မြေမှာ စစ်သင်တန်းတက်ခဲ့တာ မဟုတ်ဘူးလို့ ရပ်ကွက်နေသူတွေကပြောကြပြီး ကျိုက်ထိုတော်လှန်ရေး အင်အားစု(KRF)ကလည်း ဒီလူငယ်တွေဟာ သူတို့အဖွဲ့ဝင် မဟုတ်ဘူးလို့ ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။