
ယူကရိန်းတပ်တွေဟာ ဘာ့ခ်မုထ်မှာ ထိုးစစ်တွေဆက်လက်ဆင်နွှဲနေကြောင်း ပြောနေချိန်မှာ ရုရှားတပ်ဖွဲ့တွေက ယူကရိန်းရှိနေရာတွေကို တာဝေးပစ်-ပစ်မှတ်တိကျတဲ့ ပင်လယ်ပြင်လက်နက် တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ဒွန်နက်စ်ခ်၊ ကရာစ်နီ လီမန်နဲ့ တောင်ပိုင်း ဒွန်နက်စ်ခ် လမ်းကြောင်းတွေမှာ ယူကရိန်း တိုက်ခိုက်မှုအများအပြားကို အောင်မြင်စွာချေမှုန်းနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ယူကရိန်းရဲ့ ထိုးစစ်တွေဟာ စစ်သားတွေရဲ့ အသက်တွေအပြင် စရိတ်စကတွေ ကြီးမြင့်နေပေမဲ့ သိသာတဲ့ ရလဒ်တွေမရရှိခဲ့လို့ အနောက်နိုင်ငံတွေကို စိတ်ပျက်စေခဲ့ကြောင်း ဇူလိုင် ၂၁ ရက်က နိုင်ငံရဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။
ပြည်ပလက်နက်တွေ ထောက်ပံ့မှု၊ ပြည်ပက ကြေးစားစစ်သားတွေ သို့မဟုတ် အကြံပေးတွေ ပါ၀င်မှုဟာ ထိုးစစ်တွေကို အထောက်အကူမပြုဘူးလို့လည်း ပူတင်က အလေးပေး ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ ဆက်ဖြစ်ပွားနေဆဲ တိုက်ပွဲတွေကနေ အကျိုးအမြတ်တွေ ဆက်ရရှိနေသေး ကြောင်း နဲ့ ဥရောပနိုင်ငံတွေရှိ လူထုရဲ့ သဘောထားအမြင်လည်း ပြောင်းလဲနေပြီ လို့ ဆိုပါတယ်။
အနောက်တိုင်းမီဒီယာ အများအပြားရဲ့အဆိုအရ ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားတပ်ဖွဲ့တွေအပေါ် အမေရိကန်က ထောက်ပံ့ပေးတဲ့ဗုံးတွေကို စတင်အသုံးပြုနေပြီလို့ အမေရိကန်နဲ့ယူကရိန်း အရာရှိတွေက ပြောကြပါတယ်။
ယူကရိန်းဟာ ခဲယမ်းတွေကို ထိထိရောက်ရောက်နဲ့ သင့်လျော်စွာ အသုံးပြုနေတယ် လို့ အမေရိကန် လုံခြုံရေးပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီ က ပြောဆိုပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ဘာ့ခ်မုထ် ဘက်ကို နေ့စဉ် မီတာရာနဲ့ချီပြီး ချီတက်နေတယ် လို့ ယူကရိန်း စစ်ဌာနချုပ်အရှေ့ခြမ်း ပြောရေးဆိုခွင့်ရှိသူ ဆာဟီး ချယ်ရယ်ဗတ်ယီက ဇူလိုင် ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရုရှားစစ်တပ်ဟာ ကရာ့စ်နီ လီမန် နဲ့ ကူဖျန့်စ်ခ် တို့မှာ ကာကွယ်နေချိန်မှာ ယူကရိန်းစစ်တပ်ဟာ အဓိက အာရုံစိုက်နေဆဲ စစ်ဆင်ရေးဒေသဖြစ်တဲ့ဘာ့ခ်မုထ်လမ်းကြောင်းပေါ်မှာ ဆက်လက်ဖိ အားပေးနေပါတယ်။
Source-Reuters










