DVB Logo
Home
Lead Story
သဖန်းဆိပ်ဆည်ရေကို စစ်အာဏာရှင်က ဒုတိယအကြိမ် ထပ်မံဖောက်ချ
သုတချမ်းသာ
·
October 5, 2026
သဖန်းဆိပ်ဆည်ရေကို စစ်အာဏာရှင်က ဒုတိယအကြိမ် ထပ်မံဖောက်ချ
1 / 8
Photo: CJ
Donate to DVB

သဖန်းဆိပ်ဆည်ကို စစ်အာဏာရှင်လက်အောက်ခံ အမှုထမ်းတွေက ဒုတိယအကြိမ် ဖောက်ချလိုက်တာကြောင့် ရွှေဘို၊ ဒီပဲယင်း၊ ခင်ဦး၊ မြင်းမူနဲ့ ဝက်လက် စတဲ့ မြို့နယ် ၅ ခုက စိုက်ပျိုးဧက သောင်းနဲ့ချီ ထိခိုက်ပျက်စီးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ထဲက မူးမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ သဖန်းဆိပ်ဆည် ရေပိုလွှဲတံခါးအားလုံးကိုဖွင့်ပြီး ဆည်ရေလွှတ်ချခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက် မိုးများချိန်တုန်းကလည်း ပထမအကြိမ် ဆည်ရေလွှတ်ချခဲ့တာကြောင့် မြို့နယ် ၁၀ ခုထက်မနည်းက ပြည်သူတွေ ဒုက္ခရောက်ခဲ့ကြပါတယ်။ အဲဒီတုန်းက ရေဘေးသင့်ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ပြီး စစ်အာဏာရှင်တပ်က နယ်မြေထိန်းချုပ်ဖို့ ဖိအားပေးခဲ့တာပါ။

အခု ဒုတိယအကြိမ် ဆည်ရေဖောက်ချတာဟာ ဆည်ရဲ့ ခံနိုင်ဝန်ထက်ပိုပြီး ရေလျှံနေလို့ မဟုတ်ဘဲ တမင်သက်သက် လွှတ်ချတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလောမှာ ရေတဖြည်းဖြည်း တက်လာနေပြီး ရွှေဘို၊ ဒီပဲယင်း၊ ခင်ဦး၊ မြင်းမူနဲ့ ဝက်လက် စတဲ့ မြို့နယ် ၅ ခုက စိုက်ပျိုးဧက သောင်းနဲ့ချီ ထိခိုက်ပျက်စီးနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရွှေဘိုခရိုင်ကို စစ်ရေးပြင်ချင်တာကြောင့် စစ်အာဏာရှင်က ဆည်ရေဖောက်ချတဲ့နည်းနဲ့ ရိက္ခာပြတ်လပ်အောင် ဗျူဟာသုံးတာဖြစ်တယ်လို့ ဒေသခံတွေက မှတ်ချက်ပေးပါတယ်။ စစ်တပ်ဘက်က ထွက်လာတဲ့ သတင်းတွေအရ နောက်နှစ်တွေအတွက် စစ်တပ်ဘက်က ရိက္ခာတွေ စုဆောင်းထားပြီးမှ အခုလို လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေဘိုနယ်ခံ ကာကွယ်ရေးအဖွဲ့ဝင်တယောက်က “ဧရာဝတီတိုင်းကလည်း စပါးက အခု အဲဒီလောက်ကြီး မထွက်တော့ဘူး။ ဆန်ရေစပါး အကုန်ပျက်စီးကုန်ပြီ။ အားထားစရာ စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းပဲ ရှိတာကိုးဗျ။ စစ်ကိုင်းတိုင်းကို ဖိနေတော့ စစ်ကိုင်းတိုင်းက အခု တဝက်လောက်က ပျက်စီးဆုံးရှုံးမှုတွေက တအားများ၊ ကျန်တဲ့ တဝက်ကလည်း တော်လှန်ရေးကိစ္စတွေနဲ့ဆိုတော့ မလုပ်နိုင်တော့ ၃ ပုံ ၁ ပုံလောက်ပဲ ဒီဘက် စစ်ကိုင်းတိုင်းက လုပ်နိုင်တာပေါ့။ ဘာမှဖြေရှင်းချက် မပေးဘူး၊ ဖြတ် ၄ ဖြတ် လုပ်နေတာ။ ကျနော်တို့ ရွှေဘိုနယ်မှာ အခု စစ်ကြောင်းထိုးဖို့ သူတို့ အလားအလာတွေ အများကြီးရှိတယ်။ စိုက်ပျိုးရေးခြံမှာလည်း သူတို့ ထိုင်နေတာလေ။ အဲဒီကနေပြီးတော့ သူတို့ ညောင်ပင်သာဘက်ကို ထိုးချင်တာ၊ ညောင်ပင်သာ-ခင်ဦး အစပ်ပေါ့။ အကုန်နစ်တာပဲလေ ခင်ဦးနယ်က။ အခုက ဒီပဲယင်း အရှေ့ခြမ်းက မေးတင်နေပြီ။ ၈ လပိုင်းက ကျနော်တို့ဆီမှာ ရေကောင်းကောင်းကို မကျသေးဘူး ဒီပဲယင်း အရှေ့ခြမ်းက။ အခု ထပ်လွှတ်လိုက်တော့ ပိုဆိုးတာပေါ့၊ ရေကျန်တွေနဲ့ဆိုတော့ ပိုနစ်တာပေါ့။ စစ်ကြောင်းထိုးချင်တာ၊ ဒီဘက်ကနေပြီးတော့ ရေကြောင်းလွှတ်ချလိုက်တော့ ကျနော်တို့ ရွှေဘိုနယ်နဲ့ ဒီပဲယင်းနယ်အစပ်ကြား နတ်မူးချောင်းကိုးဗျ။ ရေနစ်တာက တပိုင်း၊ တိုက်ခိုက်ရမှာက တပိုင်းဆိုတော့ သူသေကိုယ်သေ ပစ်ရမဲ့ပွဲလားတော့ မပြောတတ်ဘူး” လို့ ပြောပါတယ်။

သဖန်းဆိပ်ဆည်ဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး ဘက်စုံသုံး ရေလှောင်တမန်တွေထဲက တခုဖြစ်ပြီး မြို့နယ် ၁၀ ခုက စိုက်ဧက သိန်းနဲ့ချီပြီး ရေဖြန့်ဝေနိုင်ဖို့ တည်ဆောက်ခဲ့တဲ့ဆည် ဖြစ်ပါတယ်။

ပထမအကြိမ် ရေနစ်တုန်းက မပျက်ဘဲ ကျန်နေတဲ့ စိုက်ပျိုးဧကတချို့ဟာ အခု နောက်ထပ်တကြိမ် ရေနစ်ရင်တော့ အလုံးစုံ ပျက်စီးဆုံးရှုံးဖို့ပဲ ရှိတော့တယ်လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။

ပထမအကြိမ် ရေနစ်ခဲ့တဲ့အချိန် ဩဂုတ် ၁၁ ရက်နေ့တုန်းက ခင်ဦးမြို့နယ် ကွမ်းတိုင်းကျေးရွာကို စစ်တပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်အထိ ပြုလုပ်ခဲ့တာပါ။

ခင်ဦးမြို့နယ် ပရဟိတသမားတယောက်က “၈ လပိုင်း ၆ ရက်နေ့က ပထမအကြိမ်၊ ဒါဆို ဒုတိယအကြိမ် ဖြစ်တဲ့အတွက် ပြည်သူတွေက မနေရဲ မထိုင်ရဲပေါ့နော်။ ပစ္စည်းတွေဆိုရင်လည်း အတည်တကျ မထားရဲဘူး။ ထုပ်သိမ်းတဲ့နေရာ သိမ်း၊ ပြောင်းတဲ့နေရာ ပြောင်း၊ ရွှေ့တဲ့နေရာ ရွှေ့နေရတဲ့ အနေအထားမျိုးမှာ ရှိနေပါတယ်။ ပရဟိတအသင်းတွေ အနေနဲ့ကတော့ ၈ လပိုင်း ၆ ရက်နေ့မှာ ရေစကြီးတယ်၊ ကျမတို့ ၈ လပိုင်း ၁၀ ရက်နေ့ကနေပြီးတော့ ယနေ့အချိန်အထိ မနားရဘူးပေါ့နော်။ ပထမအကြိမ် ရေကြီးတဲ့အချိန်မှာ ထမင်းထုပ်တွေပို့တယ်၊ ဆန်တို့ ဆီတို့ လှူပေးခဲ့တယ်။ ကျေးရွာပေါင်း ၂၂ ရွာ၊ အိမ်ထောင်စုပေါင်း ၅,၆၀၀ ကျော် ဖြစ်ပါတယ်။ ပထမတုန်းက ကျန်းမာရေးစောင့်ရှောက်မှုလည်း ရွာတိုင်းလို ကျမတို့ ကူညီခဲ့ရပါတယ်။ တအိမ်ထောင်ကို ဆန် ၃ ပြည်ခွဲနဲ့ ဆီ ၅၀ သားဘူးပေါ့၊ ကျမတို့ အခုမှပဲ လှူလို့ပြီးခါ ရှိသေးတယ်၊ အခု ဒုတိယအကြိမ် ရေထပ်လွှတ်တဲ့အတွက် ပြည်သူတွေကတော့ တော်တော်လေးကို ဒုက္ခရောက်မှာ သေချာပါတယ်။ ကုန်ဈေးနှုန်းကလည်းကြီး၊ ဒုတိယအကြိမ်သာ ဒီလိုမျိုး ထပ်ပြီး ပျက်စီးဆုံးရှုံးရမယ်ဆိုရင် လုံးဝမုချ ကျမတို့ ခင်ဦးမြို့နယ်က ရေဘေးသင့်ပြည်သူတွေဟာ အငတ်ဘေးကို ဆိုက်ရောက်မှာ ဖြစ်ပါတယ်ရှင့်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတဝန်း အဆိုးရွားဆုံး အကြမ်းဖက် ဖိအားပေး တိုက်ခိုက်တာ ခံခဲ့ရတဲ့ဒေသ ဖြစ်ပါတယ်။

သိန်းနဲ့ချီတဲ့ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့သလို သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ဘေးကြောင့် အခက်အခဲ ကြုံနေရတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်က နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ဒေသတွင်းကို ဝင်ရောက်ခွင့်မပေးဘဲ အကြမ်းဖက် ထိန်းချုပ်နိုင်ရေးကိုသာ ဖိအားပေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013