DVB Logo
Home
Lead Story
ရန်သူကို မိတ်ဆွေလုပ်ခြင်း
DVB
·
July 23, 2023
ရန်သူကို မိတ်ဆွေလုပ်ခြင်း
Donate to DVB

တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီး ရှီကျင့်ဖျင်ဟာ တုန်တုန်ချိချိ ခါးကိုင်းစပြုပြီဖြစ်တဲ့ အဘိုးအိုတစ်ဦးကို နိုင်ငံတော်ဧည့်ဂေဟာ အမှတ်-၅ “ဒိုင်ယုထိုင်”မှာ ဇူလိုင် ၂၀ ရက်နေ့က လက်ခံတွေ့ဆုံခဲ့တယ်။

အသက် ၁၀၀ ရှိပြီဖြစ်တဲ့ အဘိုးအိုဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ ဝါရင့် ထိပ်တန်းသံတမန် ဟင်နရီကစ်ဆင်းဂျားဖြစ်ပြီး စစ်အေးခေတ်မှာ သံတမန်ရေးအထီးကျန်ဖြစ်နေတဲ့ တရုတ်နိုင်ငံကို ကမ္ဘာ့ဇာတ်ခုံပေါ် ဆွဲတင်ခဲ့သူဖြစ်သလို တရုတ်နဲ့ အမေရိကန်ကြား ဆက်ဆံရေးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က စတင် လမ်းဖောက်ပေးခဲ့သူလည်း ဖြစ်တယ်။

သူဟာ တရုတ်နိုင်ငံရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တစ်ဦးဆိုလည်း မမှားပါဘူး။ သူ အခု တရုတ်ကို လာရောက်ခြင်းဟာ အမေရိကန်နိုင်ငံ ကိုယ်စားပြုခေါင်းဆောင်တစ်ဦးအနေနဲ့ မဟုတ်ဘဲတစ်သီးပုဂ္ဂလ Private citizen တစ်ယောက်အနေနဲ့ လာခဲ့တာဖြစ်တယ်။

ပြောရရင် ဒီရက်ထဲ အမေရိကန်လုပ်ငန်းရှင်တွေနဲ့ ခေါင်းဆောင်ပိုင်းတွေဟာ တရုတ်ကို အလာစိပ်နေကြတယ်။ တစ်ယောက်ပြီး တစ်ယောက်လို့ ဆိုရမယ်။

ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဒီနေ့ မနက်ဖြန်ပဲ ထချကြတော့မလို ရန်စောင်နေကြပေမယ့် ဒီနှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးက မပြတ်လှဘူး။

ပြီးခဲ့တဲ့လ ကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် လာသွားခဲ့တယ်။ ဘလင်ကင် လာပြီး သိပ်မကြာခင်မှာပဲ ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယဲလင် လာသွားတယ်။ ဒီရက်ထဲမှာ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အထူးကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျွန်ကယ်ရီ လာတယ်။

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အစောကြီးကတည်း လာဖို့ဖြစ်ပေမယ့် အမေရိကန်ကောင်းကင်မှာ တရုတ်မိုးပျံပူဖောင်း တွေ့ရှိ ပစ်ချရာက နှစ်နိုင်ငံတင်းမာသွားပြီး မလာဖြစ်ဘဲ နောက်ဆုတ်သွားတာဖြစ်တယ်။

ဒီကြားထဲမှာ အမေရိကန်နည်းပညာစီးပွါးရေးလုပ်ငန်းရှင် ဘီလ်ဂိတ် လာသွားသလို ပြီးခဲ့တဲ့တစ်လက အီလွန်မတ်စ် လာသွားသေးတယ်။

ဒီလို ထိပ်တန်းပုဂ္ဂိုလ်တွေ တစ်ယောက်ပြီးတစ်ယောက် လာကြပေမယ့် ဘီလ်ဂိတ်ကလွဲပြီး တရုတ်ရဲ့ မဟာခေါင်းဆောင်ကြီး ရှီကျင့်ဖျင်က ဘယ်သူ့ကိုမှ လက်ခံတွေ့ဆုံခြင်း မရှိခဲ့ဘဲ အခု ဝါရင့်သံတမန်အိုကြီး ကစ်ဆင်ဂျားကျမှပဲ ဂရုတစိုက်နဲ့ လက်ခံတွေ့ဆုံခဲ့တာဖြစ်တယ်။

ကစ်ဆင်းဂျားဟာ တစ်သီးပုဂ္ဂလအနေနဲ့ တရုတ်ကို လာခဲ့တာဖြစ်တယ်။ အမေရိကန်အစိုးရကိုယ်းစားပြုမဟုတ်ဘူး။ အလွတ်သဘောလာရောက်တဲ့ ဧည့်သည်ဖြစ်ပေမယ့် တရုတ်ခေါင်းဆောင်တွေက ကစ်ဆင်းဂျားကို လေးလေးစားစား ကောင်းကောင်းမွန်မွန် ဧည့်ခံခဲ့တယ်။

တကယ်တော့ ၁၉၂၃မှာ မွေးဖွားတဲ့ ကစ်ဆင်ဂျာနဲ့ ၁၉၅၃ မှာ မွေးဖွားတဲ့ ရှီကျင့်ဖျင်က သားအဖအရွယ်လောက် ကွာပါတယ်။ အသက်အရွယ်အားဖြင့် ကွာခြားတာက တစ်ကြောင်း၊ တရုတ်-အမေရိကန်ဆက်ဆံရေး သမိုင်းကြောင်းရဲ့ ကနဦးလမ်းဖောက်ခဲ့သူတစ်ဦးဖြစ်တာက တစ်ကြောင်း၊ တရုတ်နိုင်ငံကို ထူထောင်ခဲ့ကြတဲ့ ခေါင်းဆောင်ကြီး မော်စီတုန်း၊ ချူအင်လိုင်းတို့ ခေတ်ကတည်းက တရုတ်ခေါင်းဆောင်ကြီးများနဲ့ ထိတွေ့ဆက်ဆံဖူးသူ ဝါရင့်သံတမန်ဟောင်း တစ်ဦးအနေနဲ့ပါ ကစ်ဆင်ဂျာအပေါ် စိတ်ချယုံကြည်မှုနဲ့ လေးစားမှု ရှိခဲ့ကြတယ်။

အခု အသက် ၁၀၀ ရှိပြီဖြစ်တဲ့ ဝါရင့်အမေရိကန် သံတမန်အဘိုးအိုဟာ ခုချိန်ထိ တရုတ်နိုင်ငံကို အကြိမ် ၁၀၀ ကျော် ရောက်ရှိခဲ့ပြီးပါပြီ။ သူနောက်ဆုံး ရောက်ခဲ့တာ ၂၀၁၉ ပါ။

“ကျွန်တော်တို့ရဲ့ မိတ်ဆွေဟောင်းကို ဘယ်တော့မှ မေ့မှာမဟုတ်သလို နှစ်နိုင်ငံပြည်သူတွေရဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ အမေရိကန်-တရုတ်ဆက်ဆံရေးအတွက် သမိုင်းဝင် ကြိုးပမ်းအားထုတ်ခဲ့မှုတွေကိုလည်း မေ့မှာမဟုတ်ပါဘူး”လို့ ဒိုင်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာခန်းမဆောင်မှာ  ရှီကျင့်ဖျင်က ပြောခဲ့တယ်။

ဒီဧည့်ခန်းဆောင်ဟာ ၁၉၇၁ ခုနှစ်က ကစ်ဆင်းဂျားနဲ့ ချူအင်လိုင်းတို့ ပထမဦးဆုံး တရုတ်နိုင်ငံမှာ တွေ့ဆုံခဲ့တဲ့ သမိုင်းဝင်နေရာပါ။

သမ္မတနစ်ဆင်လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးဖြစ်ခဲ့တဲ့ ဟင်နရီကစ်ဆင်းဂျားဟာ သံတမန်ရေးအရ အထီးကျန်ဖြစ်နေတဲ့ ရုတ်နိုင်ငံကို ကမ္ဘာ့အလယ်မှာ လူရာဝင်လာအောင် လုပ်ဆောင်ပေးခဲ့သူဖြစ်တယ်။

သမိုင်းကြောင်းအရ စစ်အေးကာလမှာ တရုတ်ဟာ အမေရိကန်ရဲ့ ရန်ဘက်ဖြစ်ခဲ့တယ်။ ၁၉၅၀ ကိုးရီးယားစစ်ပွဲမှာ တရုတ်က ကိုးရီးယားဘက်က ပါဝင်ခဲ့ပြီးတဲ့နောက် ရန်သူတွေဖြစ်ခဲ့ပြီး နှစ်နိုင်ငံကြား သံတမန်အဆက်အသွယ်လုံးဝ မရှိခဲ့သလို အမေရိကန်ဟာ ထိုင်ဝမ်ကိုသာ တရားဝင် တရုတ်အစိုးရအဖြစ် ထောက်ခံအားပေးခဲ့တယ်။

၁၉၇၀ နှစ်များဟာ ကမ္ဘာကြီးမှာ အရှေ့နဲ့အနောက်၊ ကွန်မြူနစ်နဲ့ အရင်းရှင် အုပ်စုကြီးနှစ်ခု ကွဲပြားနေချိန်ဖြစ်သလို တစ်အုပ်စု နဲ့ တစ်အုပ်စု ရန်စောင်ကောင်းနေကြချိန်ဖြစ်တယ်။

အမေရိကန်-ဆိုဗီယက် အုပ်စုနှစ်ခုကြားမှာ ကွန်မြူနစ်တရုတ်ဟာ နောက်ပိုင်းမှာ ဆိုဗီယက်နဲ့ နယ်ခြားဒေသမှာ ပြဿနာတွေရှိခဲ့ပြီး ခွါပြဲမှုတွေ ရှိလာတယ်။

၁၉၇၀ ပြည့်လွန်ကာလမှာ တရုတ်ဟာ ကမ္ဘာ့အလယ်မှာ သံတမန်ရေးအရ အထီးကျန်ဖြစ်နေသလို ယဉ်ကျေးမှုတော်လှန်ရေးအပြီး တံခါးပိတ်ဝါဒနဲ့ နေထိုင်ချိန်ဖြစ်တယ်။

အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုဟာ အရှေ့တောင်အာရှမှာ ကွန်မြူနစ်တွေ လွှမ်းမိုးလာမှာကို မလိုလားသလို ကွန်မြူနစ်တရုတ်ကလည်း နယ်ချဲ့အရင်းရှင် အမေရိကန်နဲ့ အင်္ဂလိပ်ဟာ ကမ္ဘာကြီးကို လက်ဝါးကြီးအုပ်သွေးစုပ်ဖို့ ကြိုးပမ်းနေတယ်လို့ မြင်တယ်။

သံကန့်လန့်ကာခြားနေတဲ့ လူ့အဖွဲ့အစည်းနှစ်ခုဟာ ရန်သူတွေ ဖြစ်နေကြတယ်။ တရုတ်ဟာ အမေရိကန်-အင်္ဂလိပ် နယ်ချဲ့အရင်းရှင်ကို အသွေးအသားထဲက မုန်းတီးနေတယ်။

ဒီလိုအခြေအနေမျိုးမှာ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး အစပြုခဲ့တာဖြစ်တယ်။ အံ့အားသင့်စရာကောင်းလှတယ်။

တရုတ်-အမေရိကန် ဆက်ဆံရေးအကြောင်းပြောရင် (Ping Pong Diplomacy )“ စားပွဲတင် တင်းနစ် သံခင်းတမန်ခင်း”  အကြောင်း ချန်လှပ်ထားလို့မရဘူး။

သမ္မတ နစ်ဆင်လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားတဲ့ ကစ်ဆင်ဂျာနဲ့ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း၊ ဝန်ကြီးချုပ် ချူအင်လိုင်းတို့ တွေ့ဆုံစကားပြောဖို့ သံတမန်ရေး နိဒါန်းအစဟာ ပင်ပေါင်ဒီပလိုမေစီ ပါပဲ။

အမှန်တော့ ရန်သူတွေ ဖြစ်နေကြပေမယ့် နှစ်နိုင်ငံစလုံးက တစ်ဦးကိုတစ်ဦး လိုအပ်နေချိန်ပါ။ ဒီအချိန်မှာ နှစ်နိုင်ငံချစ်ကြည်ရေး စားပွဲတင်တင်းနစ်ပြိုင်ပွဲတစ်ခုက အခေါ်အပြောစဖို့ ဖြစ်လာတာပါ။

၁၉၇၁ မှာ ကမ္ဘာ့စားပွဲတင် တင်းနစ်ပြိုင်ပွဲကြီးတစ်ခု ဂျပန်နိုင်ငံ နာဂိုယာမှာ ကျင်းပတော့ တရုတ်အသင်းလည်း ပါဝင်တယ်။ ဒီပြိုင်ပွဲမှာ တရုတ်ကစားသမား ချောင်စီတုန်းနဲ့ အမေရိကန်ကစားသမား ဂလင်းကိုဝမ်တို့အကြား မမျှော်လင့်ဘဲ တွေ့ဆုံမှုက အမေရိကန်-တရုတ်ဆက်ဆံရေးရဲ့ နိဒါန်းဖြစ်လာခဲ့တယ်။

ဒီပြိုင်ပွဲမှာ ပါဝင်တဲ့ အမေရိကန်တင်းနစ်သမား ဂလင်းကိုဝမ်ဟာ တစ်ခုသောနေ့မှာ လေ့ကျင့်ရင်း အသင်းဘတ်စ်ကားနဲ့ လွဲချော်ခဲ့တယ်။ သူဟာ တရုတ်စားပွဲတင်တင်းနစ်သမားတွေ စီးတဲ့ ဘတ်စ်ကားနဲ့ လိုက်ပါပြီး ဟိုတယ်ပြန်ခဲ့ရတယ်။

အမေရိကန်နဲ့ တရုတ် ရန်သူတွေဖြစ်နေချိန်မှာ အမေရိကန်ကစားသမားတစ်ယောက် တရုတ်ကစားသမားတွေ ကြားရောက်သွားတယ်။

ဒီအချိန်မှာ တရုတ်တင်းနစ်သမား ချောင်စီတုန်းက ရုတ်တရက် ဂလင်းကိုဝမ်ကို လက်ဆွဲနှုတ်ဆက်လိုက်တယ်။ ကိုဝမ်က ချောင်စီတုန်းကို လက်ဆောင်တစ်ခုခုပေးဖို့ အိတ်ထဲစမ်းကြည့်တော့ ဘီးတစ်ချောင်းပဲတွေ့တယ်။ ဒါနဲ့မပေးဖြစ်လိုက်ဘူး။ ချောင်စီတုန်းက သူ့အိတ်ထဲက ပိုးပန်းချီကားတစ်ချပ် လက်ဆောင်ပေးတယ်။

ဒီအကြောင်းကို ၂၀၀၂ မှာ ချောင်စီတုန်းက ရုပ်သံအင်တာဗျူးတစ်ခုမှာပြန်ပြောတော့.. “ အသင်းကားပေါ်မှာ ရုတ်တရက်အမေရိကန်တစ်ယောက် ရောက်လာတော့ ကျွန်တော်တို့အားလုံး အံ့အားသင့်သွားတယ်။ ယဉ်ကျေးမှုတော်လှန်ရေးမှာ “အမေရိကန်နယ်ချဲ့ ကျဆုံးပါစေ” Down with American imperialism လို့ကြွေးကြော်ခဲ့တာကို သတိရသွားတယ်။ အသင်းသားအားလုံး ကြောင်ပြီး တိတ်ဆိတ်နေချိန်မှာ ကျွန်တော်က သူ့ကို လက်ဆွဲနှုတ်ဆက်လိုက်တာပါ”

“ဒီအချိန်မှာ ကျွန်တော်ဟာ နံပါတ် ၁ ရန်သူနဲ့လက်ဆွဲနှုတ်ဆက်သင့်မသင့် စဉ်းစားမိပါသေးတယ်။ ဒါပေမယ့် အက်ဂါစနိုးနဲ့ မော်စီတုန်းတို့ တိန့်အင်မင်ရင်ပြင်မှာ ဆုံတွေ့ကြတာကို မြင်ယောင်မိပြီး အရဲစွန့်နှုတ်ဆက်လိုက်တယ်”

အမေရိကန် စားပွဲတင်တင်းနစ်ကစားသမား ဂလင်းကိုဝမ်နဲ့ ချောင်စီတုန်းတို့ နှစ်ဦး အသင်းဘတ်စ်ကားပေါ်က ဆင်းလာတဲ့ သတင်းဓာတ်ပုံဟာ နောက်နေ့ ဂျပန်သတင်းစာတွေမှာ ပါလာတယ်။ စစ်အေးခေတ်အခါမှာ ဒါဟာ သတင်းတစ်ခုဖြစ်ခဲ့တယ်။

ဘတ်စ်ကားပေါ်မှာ လက်ဆောင်မပေးဖြစ်တဲ့ ဂလင်းကိုဝမ်ဟာ နောက်တစ်နေ့မှာ ချောင်စီတုန်းကို တီရှပ်တစ်ထည် လက်ဆောင်ပေးခဲ့တယ်။ တီရှပ်ပေါ်မှာ အနီ၊ အဖြူ၊အပြာနဲ့ရေးထားတဲ့ Peace သင်္ကေတနဲ့ အတူ Let it be ဆိုတဲ့ ဘီးတဲလ်အဖွဲ့စာသားပါတယ်။

ဂျပန်မှာ ပြိုင်ပွဲကစားပြီးတဲ့နောက် အမေရိကန်စားပွဲတင်တင်းနစ်အသင်းဟာ တရုတ်ပြည်မှာ ကစားဖို့ ဖိတ်ခေါ်မှုတစ်ခုဖြစ်လာတယ်။ ဒီဖိတ်ခေါ်မှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းပယ်ထားတယ်။ မော်စီတုန်းနဲ့ ချူအင်လိုင်းက လာစေချင်တဲ့ဆန္ဒရှိနေတယ်။ ဟိုတုန်းက အားကစားနဲ့ပတ်သက်ရင်တရုတ်ရဲ့ ဆောင်ပုဒ်တစ်ခုက “ ချစ်ကြည်ရင်းနှီးမှုက ပထမ၊ ယှဉ်ပြိုင်မှုက ဒုတိယ”။

မော်စီတုန်းဟာ ထိပ်တန်းခေါင်းဆောင်တွေဖတ်ဖို့အတွက်ပဲ ထုတ်တဲ့သတင်းစာထဲမှာ ချောင်စီတုန်း နဲ့ ဂလင်းကိုဝမ်တို့အကြောင်းကို ဖတ်လိုက်ရတယ်။ ချောင်စီတုန်းဟာ တင်းနစ်ကစားရုံသာမက နိုင်ငံခြားဆက်ဆံရေးမှာလည်းတော်တယ် ဆိုပြီး ချီးကျူးတယ်။ အမေရိကန် စားပွဲတင် တင်းနစ်အဖွဲ့ကိုလည်း တရုတ်ပြည် လာကစားဖို့ မီးစိမ်းပြလိုက်တယ်။

“ ပင်ပေါင် ဒီပလိုမေစီ” ဟာ အဲဒီက အစပြုခဲ့တယ်။

၁၉၇၂ ခုနှစ်မှာ အမေရိကန်သမ္မတနစ်ဆင် တရုတ်ပြည်ကိုလာပြီး မော်စီတုန်းနဲ့ မတွေ့မီ ၁၉၇၁ ထဲမှာပဲ နိုင်ငံခြားရေးဝန်ကြီး ဟင်နရီ ကစ်ဆင်းဂျား တရုတ်ပြည်ကို ပထမဆုံး လျှို့ဝှက်ရောက်လာပြီး ချူအင်လိုင်းနဲ့တွေ့တယ်။

ဒီလိုနဲ့ တရုတ်နိုင်ငံကို အမေရိကန်အပါအဝင် ကုလသမဂ္ဂနိုင်ငံတွေက တရားဝင်အသိအမှတ်ပြုမှုတွေ ဖြစ်လာခဲ့တယ်။

ဒါဟာ လွန်ခဲ့တဲ့ ၅၂ နှစ်၊ ကစ်ဆင်းဂျာ အသက် ၄၈ နှစ်အရွယ်က အဖြစ်အပျက်တွေပါ။ ခုတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ နိုင်ငံရေးအတွေးအခေါ်ပညာရှင် ဟင်နရီ ကစ်ဆင်းဂျား အသက် (၁၀၀) ပြည့်ပါပြီ။

အတိတ်က နှစ်နိုင်ငံဆက်ဆံရေးကို အစပြုခဲ့သူတစ်ဦးအနေနဲ့ လက်ရှိတရုတ်မျိုးဆက်ခေါင်းဆောင် ရှီကျင့်ဖျင် အပါအဝင် ခေါင်းဆောင်တွေဟာ သူ့ကို တလေးတစားနဲ့ လက်ခံတွေ့ဆုံခဲ့ကြတယ်။

တကယ်တော့ သူဟာ မော်စီတုန်း၊ တိန့်ရှောက်ဖိန်၊ ကျန်ဇီမင်း၊ ဟူကျင်းတောင် အစရှိတဲ့ တရုတ်ခေါင်းဆောင်မျိုးဆက်အားလုံးနဲ့ ထိတွေ့ခဲ့သူ ဝါရင့်သံတမန်ဟောင်းတစ်ဦးသာမက ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ခဲ့သူတစ်ဦး ဆိုရင် မမှားပါဘူး။

CWM

Ref: Xi Jinping meets Henry Kissinger as US Seeks to defrost China ties and Wikipedia.

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013