
အင်္ဂလန်ထိပ်သီးကလပ် ချဲလ်ဆီးအသင်းရဲ့တိုက်စစ်မှူး အူဘာမီယန်ကို ခေါ်ယူနိုင်ခဲ့တယ်လို့ မာဆေးအသင်းက ဇူလိုင် ၂၁ ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။
မာဆေးအသင်းဟာ အူဘာမီယန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ၃ နှစ် စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။
"အူဘာမီယန်ကိုကျေးဇူးတင်ပါတယ်။ သူ့ရဲ့ကစားသမားဘဝ ပြန်လည်စတင်နိုင်ပြီး အောင်မြင်မှုတွေရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်” လို့ ချဲလ်ဆီးအသင်းက ထုတ်ပြန်ခဲ့ပါတယ်။
အူဘာမီယန်ဟာ ချဲလ်ဆီး၊ ဘာစီလိုနာနဲ့ အာဆင်နယ်အပါအဝင် ကလပ်အသင်း ၁၀ သင်းမှာပါဝင်ကစားခဲ့ဖူးပြီး ၆၀၁ ပွဲကစားပြီး ၃၀၃ ဂိုးသွင်းယူကာ ဆုဖလား ၆ လုံး ဆွတ်ခူးခဲ့ပါတယ်။
ဂါဘွန်လက်ရွေးစင်အသင်းအတွက်လည်း ၇၃ ပွဲကစားကာ ဂိုး ၃၀ သွင်းယူပြီး ၂၀၁၅ ခုနှစ်မှာ အာဖရိက တနှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။










