DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ ကျောက်မျက်နှင့်သတ္တု တရားမဝင်တူးဖော်မှု၊ ပြည်ပတင်ပို့မှု ပိုတိုးလာ
DVB
·
July 22, 2023
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ ကျောက်မျက်နှင့်သတ္တု တရားမဝင်တူးဖော်မှု၊ ပြည်ပတင်ပို့မှု ပိုတိုးလာ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော်ကာလအတွင်း ကျောက်စိမ်း၊ သံဖြူနဲ့ မြေရှားသတ္တုတွေ တရားမဝင် တူးဖော်မှု သိသိသာသာ မြင့်တက်နေပါတယ်။ 

ဒါ့အပြင် ကျောက်မျက်နဲ့ သတ္တု ဥပဒေပြင်ပ တင်ပို့မှုလည်း တိုးမြင့်လာတယ်လို့ သွေးစွန်ငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ရဲ့ အစီအရင်ခံစာအရ သိရပါတယ်။

ပြည်ပကို အဓိက တင်ပို့မှုက ကျောက်စိမ်း၊ မြေရှား၊ ခဲမဖြူ၊ ကြေးနီ၊ နီကယ်နဲ့ ပတ္တမြားတို့ ဖြစ်ပြီး အဲဒီထဲမှာ တရုတ်နိုင်ငံကို ကျောက်မျက်နဲ့ သတ္တု တင်ပို့မှု အများဆုံး ဖြစ်ပါတယ်။ 

အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်နေပေမဲ့ တကယ့်လက်တွေ့မှာ အကောင်အထည်ဖော်တာ အားနည်းနေတယ်လို့ သွေးစွန်ငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"အနောက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်နိုင်ငံ၊ ဆွစ်ဇာလန်၊ အီတလီတို့တွေကနေ မြန်မာနိုင်ငံကနေ ပတ္တမြားတွေ ကျောက်မျက်ရတနာတွေ တင်ပို့နေတယ်လို့ ရှာဖွေတွေ့ရှိရတယ်။ ၂၀၂၁ ဆို ၉၆ သန်းလောက်ထိ သူတို့နိုင်ငံကို တင်သွင်းတာ တွေ့ခဲ့ရတယ်။ ၂၀၂၂ ကျတော့ နည်းနည်းတော့ ကျသွားတယ်။ ၇၅ သန်းဖိုးလောက် တင်သွင်းခဲ့တာ တွေ့ရတယ်။ တချက် စိုးရိမ်ရတာ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းတွေကို အီးယူအပါအဝင် ‌စီးပွားရေး ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တဲ့ အခြေအနေရှိတယ်။ တကယ့်လက်တွေ့မှာ အကောင်အထည်ဖော်တာ အားနည်းတာ တွေ့ရတယ်။"

"လွန်ခဲ့တဲ့ ၂ နှစ်ကျော်အတွင်းမှာ တရားမဝင်တူးဖော်မှု ဥပဒေပြင်ပကနေ တူးဖော်မှုတွေ မြင့်တက်လာတာ တွေ့ရတယ်။ ကျောက်စိမ်း၊ ခဲမဖြူ၊ မြေရှား တချို့အရာတွေဆို အစပေါင်းများစွာ တိုးလာတာ တွေ့ရတယ်။ နိုင်ငံခြားကို တင်ပို့မှု များလာတယ်ဆိုပေမယ့် စစ်ကောင်စီထဲကို ဝင်တဲ့ အခွန်ပမာဏက အရင်ကလောက် မရှိတော့ဘူး။ အထူးသဖြင့် သတ္တုတွင်းနဲ့ ကျောက်မျက်ကဏ္ဍပေါ့။ စကစ အနေနဲ့ မြေပြင်မှာ လွှမ်းမိုးနိုင်စွမ်း ထိန်းချုပ်စွမ်း အားနည်းတဲ့အတွက် နိုင်ငံခြားကို ထွက်နေတယ်ဆိုပေမယ့် တူးဖော်အနေနဲ့ စကစအတွက် ဝင်ငွေက အရင်လောက် မရှိတော့ဘူး" လို့ သွေးစွန်ငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အနောက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဆွစ်ဇာလန်နဲ့ အီတလီနိုင်ငံတွေမှာ မြန်မာနိုင်ငံကထွက်တဲ့ ပတ္တမြားနဲ့ ကျောက်မျက်ရတနာတွေ တင်ပို့တာ တွေ့ရှိရပြီး ၂၀၂၁ ခုနှစ်မှာ ၉၆ သန်းနဲ့ ၂၀၂၂ မှာ ၇၅ သန်းလောက် တင်သွင်းခဲ့တာ တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်ကလည်း ဥရောပသမဂ္ဂ (အီးယူ)က မြန်မာနိုင်ငံအပေါ် ၇ ကြိမ်မြောက် အရေးယူ ပိတ်ဆို့မှုအနေနဲ့ လူပုဂ္ဂိုလ် ၆ ဦးနဲ့ နိုင်ငံပိုင် အမှတ် ၂ သတ္တုတွင်းလုပ်ငန်းတို့ကို အရေးယူပိတ်ဆို့ ဒဏ်ခတ်လိုက်ပါတယ်။

အခုလို ဒဏ်ခတ်ပိတ်ဆို့မှုက အနောက်နိုင်ငံတွေကို တင်ပို့ရောင်းချမှု နည်းတာကြောင့် သက်ရောက်မှု မကြီးပေမယ့် နိုင်ငံတကာမှာ မြန်မာ့ ကျောက်မျက်တွေကို လေလံတင် ရောင်းချတဲ့ ကုမ္ပဏီတွေ ဖိအားပေးခံရတာ ရှိလာမယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"အမှတ် ၂ သတ္တုတွင်းလုပ်ငန်းမှာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၂ ခု ရှိတယ်။ ၂ ခုရှိတဲ့ထဲ အမေရိကန်နိုင်ငံက ပိတ်ဆို့ အရေးယူတာရှိတယ်။ အမှတ် ၂ ဆိုရင် ရွှေတူးတာ ပါတယ်။ အမှတ် ၁ က အရင်ကတည်းက ဆန်ရှင် လုပ်ထားပြီးသား။ သက်ရောက်မှုအနေနဲ့ဆို တကမ္ဘာလုံးအဆင့်မှာဆို သိပ်တော့ မရှိဘူး။ သတ္တုကဏ္ဍအနေနဲ့ဆို အနောက်နိုင်ငံတွေကို တင်ပို့ ရောင်းချတာ နည်းတာကိုး။ တော်တော်များများက တရုတ်နိုင်ငံကိုပဲ တင်ပို့တာဖြစ်တယ်။ အဲ့တော့ သက်ရောက်မှုအနေနဲ့က နည်းတယ်။ ကျောက်စိမ်းကို မကလ (မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း) ဘက်ကို စီးပွားရေး ပိတ်ဆို့မှု ချမှတ်သလိုပဲ။ ဒါ အနောက်နိုင်ငံတွေအနေနဲ့ trade အနေနဲ့ မရတော့ဘူး။ ဥပမာ နိုင်ငံတကာမှာ ပတ္တမြားတွေကို လေလံတင်ရောင်းချတဲ့ ကုမ္ပဏီက ဖိအားပေးခံရတယ်။ ဖိအားပေးတာတွေ အများကြီး ဖြစ်လာတယ်။ နောက်ဆုံး အဖြစ်ပျက်တခုဆိုရင် အဆိုတော် ရီဟားနားဆိုရင် မြန်မာနိုင်ငံက မိုးကုတ်က ပတ္တမြားလက်စွပ် တကွင်း ဝယ်လိုက်လို့ အများကြီး ဝေဖန်ခံရတာ ရှိတယ်။ ဒါအာဏာသိမ်းပြီး နောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့အရာပေါ့။ အဲတော့ ဖိအားပေးတဲ့ သဘောမျိုးဖြစ်သွားမယ်။ အမှတ် ၁၊ အမှတ် ၂၊ မကလ (မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်း) ဒီ ၃ ခုကို စီးပွားရေး ပိတ်ဆို့လိုက်တယ်ပေါ့။ တနည်းအားဖြင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၃ ခုက အနောက်နိုင်ငံတွေနဲ့ လုံးဝ တွဲလုပ်ခွင့်မရဖြစ်သွားတယ်။ စကစအတွက်တော့ သက်ရောက်မှု သိပ်မရှိဘူးပေါ့။"

အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း ကျောက်မျက်နဲ့ သတ္တုတွေ ပြည်ပကို တရားမဝင် တင်ပို့မှု မြင့်တက်လာပေမယ့် စစ်ကောင်စီရဲ့ ဘဏ္ဍာရေးကို ဝင်ရောက်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ စစ်ကောင်စီ ရာခိုင်နှုန်းပြည့် ထိန်းချုပ်နေတဲ့ ကြေးနီနဲ့ နီကယ် ရောင်းချမှုတွေကတော့ စစ်တပ်ရဲ့ ဘဏ္ဍာရေးကို အပြည့်အဝ စီးဆင်းနေဆဲလို့ သတ္တုတူးဖော်ရေးကဏ္ဍ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း မြန်မာနိုင်ငံကနေ ပြည်ပကို သတ္တုနဲ့ ကျောက်မျက် တင်ပို့မှု စုစုပေါင်း တန်ဖိုးဟာ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံကျော်ကနေ ၂၀၂၂ ခုနှစ်မှာ ၆.၂ ဘီလီယံအထိ ရှိခဲ့ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013