DVB Logo
Home
မြန်မာသတင်း
ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့အတွက် လက်တုံ့ပြန်မည်ဟု ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ ဆန္ဒပြ
DVB
·
July 22, 2023
ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့အတွက် လက်တုံ့ပြန်မည်ဟု ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ ဆန္ဒပြ
1 / 42
Donate to DVB

ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ ကွပ်မျက်ခံရတာ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဝါရှင်တန်ဒီစီ မြန်မာသံရုံးအရှေ့မှာ တက်ကြွလှုပ်ရှားသူတွေက လက်တုံ့ပြန်မယ့်အကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ 

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခ) ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ၄ ဦးကို ကြိုးပေးကွပ်မျက်ခဲ့တယ်လို့ စစ်ကောင်စီက ၂၀၂၂ ဇူလိုင် ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။ 

ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့အပါအဝင် ကျဆုံးခဲ့တဲ့သူရဲကောင်းတွေအတွက် ဒေသစံတော်ချိန် ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီလက်အောက်ခံ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ မြန်မာသံရုံးအရှေ့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက လက်တုံ့ပြန်မယ့်အကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

စစ်ကောင်စီက တော်လှန်ရေးမှာ ပါဝင်ခဲ့သူတွေကို သေဒဏ်ချမှတ်တာ၊ ကြိုးပေးကွပ်မျက်တာတွေပြုလုပ်ပြီး ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ပေမယ့် သူတို့မျှော်လင့်ထားသလို ပြည်သူတွေက နောက်ဆုတ်သွားမှာမဟုတ်ဘူးလို့ တက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။

ကိုရင်အေး (Anti Dictatorship in Burma - DC Metro Area) က "ကျနော်တို့ရဲ့ အာဇာနည်တွေဟာ ဘယ်တော့မှ သေမသွားဘူး။ တနှစ်ပြည့်သွားပေမယ့် သူတို့အတွက် ကျနော်တို့ရဲ့ ပေးဆပ်ဖို့အတွက် ကြိုးစားရုန်းကန်မှုတွေ၊ PDF တွေ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေရဲ့ အရှိန်အဟုန်တွေ ရပ်တန့်မသွားဘဲနဲ့ သူရဲ့ကောင်းတွေ အာဇာနည်တွေအတွက် ဆက်ပြီးတော့ ချီတက်နေတယ်၊ သွေးကြွေးတွေပြန်ဆပ်ဖို့အတွက် အောင်ပွဲတွေရယူနေတယ်၊ ဒီသတင်းကို ကျနော်တို့ လာပေးတာဖြစ်ပါတယ်။ လာပြီးတော့ သစ္စာအဓိဋ္ဌာန်ပြုတာဖြစ်ပါတယ။ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့လို အသက်ပေးသွားတဲ့ နွေဦးတော်လှန်ရေးမှာရော ခေတ်အဆက်ဆက် အာဏာရှင်တိုက်ပွဲအတွက် အသက်ပေးခဲ့တဲ့ သူရဲကောင်းတွေအတွက် ကျနော်တို့ ကျန်နေခဲ့တဲ့ မျိုးဆက်တွေ အကုန်လုံးက အောင်ပွဲမရမချင်း တာဝန်မကျေဘူးလို့ခံယူပြီးတော့ အောင်ပွဲကိုရအောင် ချီတက်နေကြတယ်။ တကယ်လည်းအောင်ပွဲက လက်တကမ်း ရောက်နေပြီဆိုတာကို ကျနော်တို့ပြောပြချင်ပါတယ်။"

စစ်ကောင်စီကို နိုင်ငံတကာက အစိုးရအဖြစ်အသိအမှတ်မပြုသေးသလို စစ်ကောင်စီ လက်အောက်ခံ သံရုံးတွေကိုလည်း နိုင်ငံတကာက နိုင်ငံရေးစင်မြင့်မှာ အဆင့်နှိမ့်ဆက်ဆံတာတွေ ပြုလုပ်ထားပါတယ်။ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာလည်း စစ်ကောင်စီကခန့်အပ်ထားတဲ့ တရားဝင်သံအမတ်ကြီး ခန့်အပ်ထားနိုင်တာမရှိတော့ဘဲ သံရုံးကိုယ်စားလှယ်အဆင့်နဲ့သာ အခြေအနေကို ထိန်းသိမ်းနေရပါတယ်။ 

တော်လှန်ရေးဘက်က ရပ်တည်ခဲ့တဲ့ သံရုံးဝန်ထမ်းတွေဟာ အလုပ်ကနေနုတ်ထွက်ခဲ့ကြပြီး စစ်ကောင်စီဩဇာကို ခံထားသူတချို့ကသာ သံရုံးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ကိုစံမန်းက "စုတ်ပြတ်နေတဲ့ မြန်မာသံရုံးရဲ့အရှေ့မှာ ကိုဂျင်မီ ကိုဇေယျာသော်တို့တင်မကဘူး၊ အညတရသူရဲကောင်းတွေ၊ အပြစ်မဲ့တဲ့ မိဘပြည်သူကလေးငယ်တွေအတွက် တချိန်မှာ မကြာတော့တဲ့ တော်လှန်ရေးအောင်ပွဲပြီးရင်တော့ ပြန်လည်ပေးဆပ်ရပါလိမ့်မယ်ဆိုတာ ဒီနေ့ ကိုဂျင်မီနဲ့ကိုဇေယျာသော်တို့ မတရားကွပ်မျက်ခံရတဲ့ တနှစ်ပြည့်တဲ့အချိန် မြန်မာသံရုံးရှေ့မှာ ကျနော်တို့ ဆန္ဒကို ထုတ်ဖော်လိုက်ပါတယ်။"

အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ ဧပြီလအထိ ၂ နှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ အရပ်သား ၁၅၁ ဦးကို သေဒဏ်အမိန့်ချမှတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။ 

သေဒဏ်ချမှတ်ခံထားရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၃၄ ယောက်ပါဝင်ခဲ့ပြီး အဲ့ဒီအထဲက ၅၈ ရာခိုင်နှုန်းဟာ အသက် ၃၀ အောက်လူငယ်တွေဖြစ်ပါတယ်။ စစ်ကောင်စီက တော်လှန်ရေးကာလအတွင်းမှာ ဖမ်းဆီးခံရတဲ့လူငယ်တွေကို အကြည်ညိုပျက်စေမှု၊ လက်နက်မှုတွေနဲ့ ပုဒ်မတပ်စွပ်စွဲထောင်ချတာတွေဆက်တိုက်ပြုလုပ်ခဲ့တာပါ။ 

ဇူလိုင် ၂၁ ရက်နေ့အထိ အေအေပီပီရဲ့ မှတ်တမ်းအရ အကျဉ်းထောင်တွေထဲမှာ စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားသူ ၁၅၉၀၀ ကျော်ကျန်ရှိနေပြီး ပြည်သူ ၃၈၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013