
၁။
“ကိုငြိမ်း ကင်ဆာရို ဝီဝါကိစ္စ ပရိုဂရမ်မလုပ်ဘူးလားဗျ”
ကျနော်က ကိုဒေါင်းညိုကို နားမလည်သလိုပြန်ကြည့်သည်။
“ဪ ခင်ဗျားခုထက်ထိ မသိသေးဘူးနဲ့တူတယ်၊ ကင်ဆာရို ဝီဝါကို မနေ့ကပဲ ကြိုးပေး သတ်ပစ်လိုက်တယ်လေဗျာ။”
အကြောင်းစုံမသိသဖြင့် ကျနော့်မှာ စကားမပြန်နိုင်သေး။ ကိုဒေါင်းညို (ဒေါက်တာမောင်မောင်မြင့်) က ရှင်းပြမှ ကျနော့်မှာ စိတ်မကောင်းဖြစ်ရတော့သည်။ “ကင်ဆာရို ဝီဝါ” ကိုမသတ်ဖို့ ဥရောပ ယဉ်ကျေးသည့် တိုင်းပြည်တွေက ဝိုင်းဝန်းကန့်ကွက်နေသည့်ကြားမှ နိုက်ဂျီးရီးယား စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး “ဆန်နီ အဘာချာ”က “ကင်ဆာရို ဝီဝါ” ကို လက်ရဲဇက်ရဲဖြင့် ကြိုးပေးသတ်လိုက်ပြီပဲ။
နောက်ထပ်တနာရီလောက်ရှိတော့ ကိုဒေါင်းညိုက သတင်းစာတစောင်နှင့် ပရင့်ထုတ်ထားသော စာရွက်တချို့ကျနော့်စားပွဲပေါ် လာချပေး၏။ ကဲ ခင်ဗျား ပရိုဂရမ်သာလုပ်ပေတော့ဆိုသည့်သဘော မေးထိုးပြပြီး ကိုဒေါင်းညိုက စားပွဲမှခွာသွား၏။
ကိုဒေါင်းညိုမှာ ၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးနောက် အော်စလိုကို ရောက်လာသူဖြစ်သည်။ မှတ်မှတ်ရရ သူသည် DVB စတင်အသံလွှင့်သည့်နေ့ အသံလွှင့်သမား ၄ ဦးထဲတွင် တဦးအပါအဝင် ဖြစ်သည်။ သူသည် တဖက်က ကျောင်းဆက်တက်နေသူဖြစ်သဖြင့် ထိုစဉ်ကတည်းက စနေ တနင်္ဂနွေနေ့တိုင်း DVB တွင် အခကြေးငွေမယူ အလုပ်ဆင်းနေသူဖြစ်သည်။ စာဖတ်နာသူ ဗဟုသုတကြွယ်ပြီး အင်္ဂလိပ်စာအားကောင်းသူဖြစ်သည်။ ထို့ကြောင့် ကျနော်က သူ့ကို မကြာခဏအကူအညီတောင်းရ၏။ ယခုလည်း ကင်ဆာရို ဝီဝါကိစ္စ အသံလွှင့်အစီစဉ်လုပ်ရန် ကျနော့်မှာ သူ့ကိုပဲ အကူအညီတောင်းရ၏။ အထူးသဖြင့် သူနှင့်ကျနော်က စာပေဝါသနာပါကြသူချင်းမို့ သူကလည်း အားတက်သရော ကူညီ၏
ထိုနေ့က နိုက်ဂျီရီးယားက နိုင်ငံရေးအကျဉ်းသား ကြိုးပေးအသတ်ခံရသည့် သတင်းအပေါ် အခြေခံကာ နိုက်ဂျီးယားတွင် အာဏာရှင်အစိုးရနှင့် ဖက်စပ်ရေနံတူးနေသော ရှဲရေနံကုမ္ပဏီအကြောင်း သိလာရ၏။ စီးပွားရေးရေနံကုမ္ပဏီဖြစ်သည့် “ရှဲ” ရေနံကုမ္ပဏီသည် နိုက်ဂျီးရီးယားပြည်သူများ၏မျက်နှာကိုမကြည့် စီးပွားရေးအကျိုးအမြတ်တခုတည်းကိုပဲကြည့်ကာ အာဏာရယူထားသည့် စစ်အစိုးရနှင့်ပေါင်းပြီး ရေနံတွင်းများ အကြီးအကျယ်တူး၏။ မည်သည့်စည်းကမ်းကိုမျှ မချမှတ်ဘဲ အိုဂိုနီလူမျိုးစုနယ်မြေတွင် ရေနံတွင်းများ အဆမတန်တူး၏။ စည်းမရှိကမ်းမရှိ တူး၏။ ရေနံတွင်းများ၏ စွန့်ပစ်ပစ္စည်းများက သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ်ထိခိုက်စေပြီး ဒေသခံလူများအတွက် ကျန်းမာရေး ထိခိုက်စေ၏။ ရေစီးရေလာ ပျက်စီးစေခြင်းကြောင့် တောင်ပြိုခြင်း ရေတိုက်စားခြင်းနှင့် ရေအားလုံး အဆိပ်သင့်စေခြင်းတို့ကြောင့် ဌာနေ အိုဂိုနီတိုင်းရင်းသားတို့မှာ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဒဏ် ခံကြရ၏။ ထိုအခါ သတင်းစာဆရာလည်းဖြစ်၊ စာရေးဆရာနှင့် သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေးသမား “ကင်ဆာရို ဝီဝါ” က အိုဂိုနီလူမျိုးစုများကို ခေါင်းဆောင်ကာ ကန့်ကွက်ဆန္ဒပြ၏။ ထို့ကြောင့် “ရှဲ” ရေနံကုမ္ပဏီနှင့် ဖက်စပ်လုပ်နေသော အာဏာရှင် ဗိုလ်ချုပ်ကြီး ဆန်နီ အဘာချာက ကင်ဆာရို ဝီဝါကို ရှင်းပစ်ဖို့ ပြင်ဆင်ခဲ့လေသည်။
ထိုအချိန်တွင် အိုဂိုနီလူမျိုး ၄ ဦး အသတ်ခံရသည့်ကိစ္စ ကင်ဆာရိုဝီဝါ ပါဝင်ပတ်သက်သည်ဟု စွပ်စွဲကာ ကင်ဆာရိုဝီဝါကို စစ်အစိုးရက ဖမ်းဆီး၏။ သေဒဏ်ပေးရန်အထိ စီစဉ်၏။ ထိုသတင်းကို ကြားတော့ ဥရောပတခွင် ယဉ်ကျေးသည့်တိုင်းပြည်များက ကင်ဆာရို ဝီဝါကို မသတ်ရန် ဝိုင်းပြောကြ ကန့်ကွက်ကြ၏။ သည်လိုအခြေအနေကြားထဲမှပင် ဗိုလ်ချုပ်ကြီး ဆန်နီအဘာချာက ကင်ဆာရို ဝီဝါကို ဒေဏ်စီရင်ကာ သတ်ပစ်လိုက်တော့၏။
ကင်ဆာရို ဝီဝါက သတင်းစာဆရာ၊ စာရေးဆရာ။ သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေးသမား။ နစ်နာထိခိုက်ပြီး လူ့အခွင့်အရေး ဆုံးရှုံးနေကြရသည့် အိုဂိုနီလူမျိုးစုရှေ့က ရပ်သူ။
အကျဉ်းထောင်ထဲတွင် ရှိနေစဉ် ကင်ဆာရိုဝီဝါ မည်သူနှင့်မျှ တွေ့ခွင့်မရ။ မည်သူမျှလည်း ထောင်ဝင်တွေ့ခွင့်မရ။ အစားအသောက် ပို့ခွင့်မရ။ အကျဉ်းထောင်အတွင်း အကျဉ်းရုံး စစ်ဆေးမှုဖြင့် သေဒဏ်ချမှတ်ခံရ၏။ ထိုသတင်း ထွက်လာသောအခါ ယဉ်ကျေးသော နိုင်ငံတကာအသိုက်အဝန်းက ဝိုင်းဝန်းကန့်ကွက်ကြ၏။ သို့သော် နိုက်ဂျီးရီးယား စစ်တပ်အကြီးအကဲ အာဏာရှင် ဗိုလ်ချုပ်ကြီးဆန်နီ အဘာချာက မည်သည့်ကန့်ကွက်မှုကိုမျှ ဂရုမစိုက်နိုင်လောက်အောင် အာဏာယစ်မူးစိတ် မွှန်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူ့နားထဲ မည်သည့်တောင်းဆိုမှုမျှ တိုးမဝင်။
ကင်ဆာရို ဝီဝါက အသတ်ခံရကာနီးသည့်အချိန် သူသောက်နေကျ ဆေးတံအိုးကလေး သူ့အဘိုးထံ ပို့ပေးဖို့တောင်းဆိုတော့လည်း စစ်အစိုးရက ခွင့်မပြုခဲ့။ ပို့မပေးခဲ့။ နောက်တော့ ကင်ဆာရို ဝီဝါ ကြိုးပေးအသတ်ခံရ၏။ အခုလို အကျပ်အတည်မျိုးစုံ ဖိနှိပ်မှုမျိုးစုံ ပိတ်ပင်မှုမျိုးစုံရှိနေသည့် ကြားးထဲကပင် “လ တလနှင့် နေ့တနေ့” စာအုပ်ကို ရေးဖြစ်အောင် ရေးသွားခဲ့သေး၏။
ကင်ဆာရို ဝီဝါကို ဗိုလ်ချုပ်ကြီး ဆန်နီ အဘာချာဦးဆောင်သည့် စစ်အာဏာရှင်အစိုးရက ၁၉၅၅ ခု၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကြိုးပေးသတ်ဖြတ်လိုက်၏။
ယခုကဲ့သို့ ကင်ဆာရို ဝီဝါ မတရားသဖြင့် ကြိုးပေးအသတ်ခံရသည့်တိုင် ကင်ဆာရို ဝီဝါ၏ စိတ်ဓာတ်နှင့် သူ့ဦးဆောင်မှု သူ့ရုန်းကန်တိုက်ပွဲဝင်မှုများက ရပ်မသွား။ အိုဂိုနီလူမျိုးစုများက ကင်ဆာရို ဝီဝါ၏ ကြွေးကြော်သံ “ကကြ ကကြ သေနတ်သံတွေ တိတ်သွားကည်အထိ ကကြ” ဟူသော ဆောင်ပုဒ်ကို ဆက်လက်ဆွဲကိုင်ခဲ့ကြ၏။ နောက်တော့ ကင်ဆာရို ဝီဝါ၏ ယင်းကြွေးကြော်သံမှာ နိုက်ဂျီးယားလူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆောင်ပုဒ်တခု ဖြစ်လာခဲ့လေသည်။
၂။
“ကင်ဆာရို ဝီဝါ” ၏ကြွေးကြော်သံနှင့် တဆက်တစပ်တည်းစ ဉ်းစားမိသည်မှာ ကင်ဆာရို ဝီဝါ ကဲ့သိုပင် မြန်မာစစ်အာဏာရှင်က ကြိုးပေးသတ်ပစ်လိုက်သည့် ကျောင်းသားခေါင်းဆောင် (ကို)ဂျင်မီ ၏ “တရားတဲ့သူသာ နိုင်ကြေးဟေ့” ဆိုသည့် ကြွေးကြော်သံကိုလည်း ကျနော်စိတ်ဝင်စား၏။ နှစ်သက်၏။
သည်နေရာတွင် အရေးမကြီးသည့်တိုင် ကျနော်နှင့်ကိုဂျင်မီ တွေ့ဆုံဖူး စကားပြောဖူးတာလေး တခုတော့ ထည့်ရေးချင်ပါသေးသည်။
၂၀၁၀ ပြည့်နှစ်တုန်းက ဖြစ်သည်။ ချစ်ခင်ရသည့် ကဗျာဆရာ ယောဟန်အောင်က စာမူတခု ပေးဖတ်ဖူး၏။ ကိုဂျင်မီ ထောင်ထဲမှာ ရေးသည့် ကဗျာတချို့ကို ဆရာယောက အင်္ဂလိပ်လို ဘာသာပြန်ထားသည့် စာမူ ဖြစ်၏။ ဘာသာပြန် စကားလုံးအထားအသိုများ တတ်နိုင်သလောက် ဝိုင်းဖတ်ကြည့်ပေးရန် ဆိုပြီး ကျနော့်ကို ဆရာယောက ပေးဖတ်ခြင်းဖြစ်သည်။ အဲဒီအခါကျမှပင် ကိုဂျင်မီက ကဗျာများ စာတွေ ရေးသည်ကို ကျနော် စတင်သိလာရခြင်း ဖြစ်သည်။ အကျဉ်းကျနေစဉ် ကိုဂျင်မီက နိုင်ငံရပ်ခြားဝတ္ထုအချို့ကို မြန်မာဘာသာ ပြန်ဆိုခဲ့သည်ကိုလည်း အဲဒီကျမှ ကျနော် သိလာရ၏။
၂၀၁၂ ခုနှစ်တွင် ကျနော် ပြည်တွင်းပြန်ဝင်ပြီး သတင်းစာတိုက်တခုတွင် အလုပ်လုပ်နေစဉ်က ဖြစ်သည်။ အခမ်းအနားတခုတွင် ကိုဂျင်မီနှင့် ကိုမင်းကိုနိုင်တို့ ရှိနေသည်ဟု ကြားသဖြင့် သူတို့နှစ်ဦးနှင့် လူချင်းတွေ့ဆုံနိုင်ရန် ယင်းအခမ်းအနားကို ကျနော် ရောက်သွား၏။ သို့သော် သူတို့နှစ်ဦး၏ဘေးတွင် လူများဝိုင်းနေ၏။ သူတို့နှစ်ဦးစလုံး လူတွေကြား စကားပြောနေ၏။ အလုပ် ရှုပ်နေကြ၏။ ထို့ကြောင့် နောက်မှပဲ လူချင်းတွေ့ရန် ကြိုးစားတော့မည်ဟုစဉ်းစားကာ ခန်းမထဲက ပြန်ထွက်၏။ ထိုစဉ်မှာပင် လူတယောက်က ကျနော့်နောက်မှ ကျနော့်ကို ကျော်တက်ရန်လုပ်၏။ ကျနော်က လမ်းဖယ်ပေးရန်လုပ်တော့ ထိုသူက ကျနော့်ကို ကြည့်၏။ ကျနော်ကလည်း သူ့ကို ကြည့်၏။ ကျနော် ချက်ချင်း သူ့ကိုမှတ်မိသွားသည်။ ကိုဂျင်မီပင်တည်း။
ကျနော်က တအံ့တဩဖြင့် သူ့ကိုကြည့်ကာ ပါးစပ်မှ နှုတ်ဆက်စကား အလိုလိုထွက်သွား၏။
“ကိုဂျင်မီ ကျနော် ငြိမ်းဝေပါ၊ RFA မှာ ကဗျာအသံလွှင့်အစီအစဉ် လုပ်နေတဲ့သူပါ၊ နှုတ်ဆက်တာပါ”ဟု ပြောလိုက်မိ၏။ ကိုဂျင်မီကလည်း ချက်ချင်းဆိုသလို ဖော်ရွေစွာပြုံးပြကာ ကျနော်တို့နှစ်ယောက် လက်ချင်းဆွဲ နှုတ်ဆက်လိုက်ကြ၏။ သို့သော် တဆက်တည်းဆိုသလို ကျနော်က ကိုဂျင်မီတို့ အလုပ်တွေ ရှုပ်နေတာမို့ နောက်မှပဲ လူချင်းထပ်တွေ့ပါဦးမယ်ဟု ပြောရ၏။ သူကလည်း နောက်မှ လူချင်း အသေအချာတွေ့ချင်ပါသေးတယ်ဟု ပြော၏။ ထိုစဉ်မှာပင် လူ သုံး လေးယောက် အနားကို ရောက်လာပြီး ကိုဂျင်မီကို စာရွက်စာတမ်းတချို့ ပေး၏။ အခမ်းအနားစတော့မည် ဖြစ်ကြောင်း ပြော၏။
ထိုနေ့က ကံအားလျော်စွာ ကိုဂျင်မီနှင့် ခဏတာဆုံပြီး ကိုမင်းကိုနိုင်နှင့်တော့ မတွေ့ဆုံနိုင်ခဲ့။
အမှန်တကယ်တော့ ကိုဂျင်မီက စာရေး၊ ကဗျာရေးသူ၊ ဘာသာပြန်အလုပ်လုပ်သူ ဖြစ်သည် ဆိုသည့် သတင်းကြားကတည်းက သူ့ကို စိတ်ဝင်စား၏။ သို့သော် သူက အလုပ်တွေကြား လူတွေကြားမို့ အေးအေးဆေးဆေးစကားပြောဖို့ရန် အခြေအနေက မပေးခဲ့။
ကိုဂျင်မီက ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကျောင်းသား ဖြစ်သည်။။ အားလုံး သိကြသည့်အတိုင်း ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်တဦး ဖြစ်လာခဲ့သည်။ စစ်အာဏာရှင်၏ အကြိမ်ကြိမ် ဖမ်းဆီး ထိန်းသိမ်းခံရသည်။ အကျဉ်းထောင်ထဲတွင် နှစ် ၂၀ နီးပါး နေခဲ့ရသည်။ သူသည် အကျဉ်းကျနေစဉ် ကဗျာရေးသည်။ ဝတ္ထုရေးသည်။ နိုင်ငံရပ်ခြားစာပေများကို မြန်မာဘာသာပြန်သည်။ ထို့ပြင် အင်္ဂလိပ်လိုပင် ကိုယ်ပိုင်ကဗျာများ ရေးခဲ့၏။
ကိုဂျင်မီနှင့် ကျနော် လူချင်းမူ ထပ်မတွေ့နိုင်ခဲ့။ သူက တကယ့်ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင် လူထုချစ်သည့် ကျောင်းသားခေါင်းဆောင်။ သူ့မှာ အမြဲတမ်းလိုလို အလုပ်တွေကြား သွားလာလှုပ်ရှားနေရ၏။ ကျနော်ကမူ သာမန်သတင်းသမား။ သာမန် ကဗျာရေးသူတဦးသာ ဖြစ်သည်။ ထို့ကြောင့် သူ့ကို အဝေးကပဲ လေးစားနေခဲ့၏။
၂၀၂၁ စစ်တပ်က အာဏာသိမ်းသည့်အခါ ကိုဂျင်မီက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးတွင် ထိပ်ဆုံးမှ ဝင်ရပ်၏။ သူ့ကို အာဏာသိမ်းစစ်အာဏာရှင်က ဖမ်းဆီး၏။
ကိုဂျင်မီကို ၂၀၂၂ ခု အောက်တိုဘာလ ၂၄ ရက် ရန်ကုန်မြို့ မြောက်ဒဂုံတွင် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားခဲ့၏။ ပထမတွင် ကိုဂျင်မီ အပါအဝင် ကိုဖြိုးဇေယျာသော်နှင့် အခြားသူနှစ်ယောက်ကို စစ်အာဏာရှင်အစိုးရက အကျဉ်းထောင်အတွင်း တံခါးပိတ်တရားရုံးဖြင့် စစ်ဆေး၏။ မည်သူမျှ တက်ခွင့် သတင်းယူခွင့်မရ။ ထို့နောက် လူအများ စိတ်ဝင်စားနေစဉ်မှာပင် ကိုဂျင်မီတို့ ၄ ဦးကို သေဒဏ်စီရင်ချက်ချကြောင်း ကြေညာ၏။ အာဏာသိမ်းစစ်အစိုးရ တရားစီရင်ရေးမှာ မပြည့်စုံကြောင်း တရားနည်းလမ်းမကျကြောင်း ဝိုင်းဝန်းကန့်ကွက်နေသည့်ကြားမှ ကိုဂျင်မီတို့ ၄ ဦးကို ကြိုးပေးစီရင်ပြီးကြောင်း စစ်အစိုးရက ၂၀၂၂ ဇူလိုင် ၂၅ တွင် ကြေညာ၏။
သည်နေရာတွင် နိုက်ဂျီးရီးယားမှ ကင်ဆာရို ဝီဝါ၏အမှုနှင့် ကိုဂျင်မီ၏ အမှုတွင် နိုင်ငံရပ်ခြား စီးပွားရေးကုမ္ပဏီကြီးနှစ်ခု ပါဝင်ပတ်သက်နေတာချင်း တူညီနေကြ၏။ ကင်ဆာရို ဝီဝါ၏အမှုတွင် ကမ္ဘာကျော် “ရှဲ” ရေနံကုမ္ပဏီကြီး ပါဝင်ပတ်သက်နေသလို ကိုဂျင်မီတို့ ကြိုးပေးအသတ်ခံရသည့် အမှုတွင်လည်း ကမ္ဘာကျော် “တယ်လီနော” အင်တာနက် တယ်လီဖုန်းကုမ္ပဏီကြီး ပါဝင်ပတ်သက်ကြောင်း ကြားကြရ၏။ တယ်လီနောတယ်လီဖုန်းကုမ္ပဏီသည် ကိုဂျင်မီတို့၏ တယ်လီဖုန်းအချက်အလက်များကို စစ်အစိုးရအား ထုတ်ပေးခဲ့သည်ဟု ဆို၏။ ယခုအခါ ယင်းတယ်လီနော တယ်လီဖုန်းကုမ္ပဏီမှာ ယင်းကိစ္စနှင့်ပတ်သက်ပြီး နော်ဝေနိုင်ငံ နော်ဝေအစိုးရ၏ စုံစမ်းစစ်ဆေးမှု ခံနေရသည်ဟုလည်း ကြားရ၏။
ကိုဂျင်မီသည် ၁၉၆၉ တွင် မွေးဖွားသူဖြစ်သဖြင့် မတရားသဖြင့် အသတ်ခံရချိန်၌ အသက် ၅၃ နှစ်သာ ရှိသေး၏။
ယခုအခါ “ကင်ဆာရို ဝီဝါ” နှင့် “ကိုဂျင်မီ”တို့နှစ်ဦးစလုံး ကွယ်လွန်သွားခဲ့ကြပြီ ဖြစ်သည်။ သို့သော် ကင်ဆာရို ဝီဝါ ၏ “ကကြ ကကြ သေနတ်သံတွေ တိတ်သွားသည်အထိ ကကြ” ဟူသော ကြွေးကြော်သံနှင့် ကိုဂျင်မီ၏ “တရားတဲ့သူသာ နိုင်ကြေးဟေ့” ဟူသော ကြွေးကြော်သံမှာမူ အသံတိတ်မသွားခဲ့ချေ။ တိတ်သွားမည်လည်း မဟုတ်ချေဟု ကျနော် ယုံကြည်နေမိ၏။











