DVB Logo
Home
Lead Story
ကြိုးပေးကွပ်မျက်ခဲ့သော်လည်း ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့၏ စိတ်ဓာတ်နှင့် ခွန်အားများ ဆက်လက်ရှင်သန်နေ 
ဝေဝေ
·
July 23, 2026
Photo: DVB
Photo: DVB
Donate to DVB

၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်ဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်အမတ်ဟောင်း ဟစ်ဟော့ပ်အဆိုတော် ကိုဇေယျာသော်၊ နိုင်ငံရေးလှုပ်ရှားသူ   ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ နိုင်ငံရေးအကျဉ်းသား ၄ ယောက်ကို စစ်အာဏာရှင်က ကြိုးပေးကွပ်မျက်ခဲ့တာ ၄ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ မတရားကြိုးစင်တင်ခံရတဲ့ သူရဲကောင်းတွေကို သူတို့ရဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေ၊  လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်တွေနဲ့ မြန်မာပြည်သူတွေကတော့ ၄ နှစ်ကြာအထိ အမှတ်တရ ရှိနေကြဆဲဖြစ်သလို သူတို့ချန်ထားရစ်ခဲ့တဲ့ စိတ်ဓာတ်နဲ့ ခွန်အားတွေက ဆက်လက်ရှင်သန်နေဆဲပဲလို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်က ထောင်တွင်းကြိုးပေးဖို့ အာဏာပိုင်တွေ စီမံနေချိန် ထောင်တွင်းက အဖြစ်အပျက်တွေကို ကိုဂျင်မီတို့နဲ့အတူ အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်က ပြန်ပြောပြပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း တွန်အိုးဝေက “ဇူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်း ၁ နာရီ ဝန်းကျင်လောက်မှာပဲ မိုးလေးတွေက ရွာပြီးတော့ မီးပျက်သွားတာပေါ့နော်။ ကျနော်လည်း နိုးသွားတယ်ပေါ့၊ နိုးသွားတော့ အဲဒီ Main Jail က မီးဆလိုက်ကြီးတွေ လင်းလာတယ်။ တောက်လျှောက် ထောင်တွေကို ကြည့်ကြ၊ လိုက်ထွန်းတာပေါ့၊ အသံတွေလည်း နားထောင်တာပေါ့။ အသံလည်း မကြားဘူးပေါ့နော်၊ မကြားဘဲနဲ့ မီးက ၂ နာရီခွဲဆိုတာနဲ့ ပြန်လာတယ်။ ပြန်လာတော့ မနက်ပိုင်းမှာလည်း အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ နိုင်ကျဉ်းတွေကြားထဲမှာ ဆွေးနွေးနေကြတယ်။ အဲဒီအချိန်ထိ မသိသေးဘူး” လို့ ပြောပါတယ်။

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ရဲ့ မိသားစုဝင်တွေနဲ့ ရင်းနှီးသူ ရဲဘော်တယောက်ကတော့ ကြိုးပေးကွပ်မျက်တဲ့သတင်းကို ၄ နှစ်ကြာတဲ့တိုင် လက်မခံနိုင်သေးဘဲ အမြဲအတူရှိနေသလို ခံစားရတယ်လို့ ပြောပြပါတယ်။

မိသားစုဝင်နဲ့ ရင်းနှီးသူတယောက်က “ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ရဲ့ မိသားစုဝင် အယောက်စီတိုင်း သူတို့ ချစ်ခင်ရင်းနှီးရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေ အယောက်စီတိုင်းက အခုချိန်ထိ သူတို့ မကျဆုံးသေးဘူး။ သူတို့ကို ကွပ်မျက်လိုက်တယ် ဆိုတာက  တော်လှန်ရေးမှာ ပါဝင်နေတဲ့ တော်လှန်ရေးသမားတိုင်းကို စိတ်ဓာတ်ရိုက်ချိုးဖို့ အကြောင်းပြချက် တခုအနေနဲ့ပဲ ကျမတို့ ခံယူထားတယ်။ အခုချိန်ထိ ကျမတို့နဲ့အတူ သူတို့ ရှိနေတယ်၊ သူတို့ ကျမတို့ကို ပေးခဲ့တဲ့ ခွန်အားတွေ၊ သူတို့ ဆုံးမခဲ့တဲ့ ဆုံးမစကားတွေ၊ သူတို့ရဲ့ စကားလက်ဆောင်တွေက ကျမတို့ဘေးနားမှာ အတူတူရှိနေတယ်” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင် ၂၄ ရက် စစ်အာဏာရှင်ရဲ့ သတင်းစာတွေမှာတော့ သေဒဏ်ကျ အကျဉ်းသား ၄ ယောက်ကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ပြစ်ဒဏ်ဆောင်ရွက်ပြီးစီးကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ဇူလိုင် ၂၄ ရက်အထိ ထောင်တွင်းမှာ ဘာသတင်းအချက်အလက်မှ မကြားသိရဘဲ ၂၅ ရက်ကျမှ တဆင့်စကားတွေနဲ့ ထောင်တွင်းကြိုးပေးတဲ့သတင်းတွေ ကြားပြီး နိုင်ငံရေးအကျဉ်းသားတွေ ခံပြင်းခဲ့ရပုံကိုလည်း ထပ်မံပြောပြပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း တွန်အိုးဝေက “အဲဒီနောက် နိုင်ကျဉ်းတယောက်ကနေပြီးတော့ ပြောပေးနေတယ် ကြိုးပေးတယ်ပေါ့။ ဦးဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးမပေးခင် မကြောက်တရား ပြောတယ်ပေါ့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ပေါ့။ နောက်တခုက ဦးဂျင်မီက မသေဘူး၊ တခါကြိုးပေးတဲ့ဟာကို၊ သူ အဲဒါကို မသေသေအောင် ပြန်ပြီးတော့ ပေးတယ်ပေါ့၊ အဲလိုတွေ ကြားရတယ်။ ဒီထောင်ထဲမှာ တော်တော်များများ သည်းခံလိုက်ရတဲ့ အနေအထားပေါ့နော်။ အဲဒီမှာလည်း အာဏာပိုင်တွေက တလျှောက်လုံး စောင့်ကြည့်နေတာ နိုင်ကျဉ်းတွေကို  ၅ ယောက်တဖွဲ့ မစုရတာတို့ ဘာတို့ကိုပေါ့” လို့ ပြောပါတယ်။

ကိုဂျင်မီဟာ ၈၈ ကျောင်းသားခေါင်းဆောင်တယောက် ဖြစ်ပြီးတော့ ခိုင်မာတဲ့ ယုံကြည်ချက်တွေ ဆွဲကိုင်ပြီး နိုင်ငံရေးထဲမှာ တစိုက်မတ်မတ် ပါဝင်လှုပ်ရှားနေသူဖြစ်သလို ကိုဖြိုးဇေယျာသော် ကလည်း ဟစ်ဟော့ပ်အဖွဲ့ အက်စစ်ရဲ့ အဆိုတော်တယောက်အဖြစ်နဲ့ စတင်ပြီး နိုင်ငံရေးလောကမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂ ကြိမ်တိုင် ရွေးကောက်ခံ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တယောက်လည်း ဖြစ်ပါတယ်။

သူတို့ ၂ ယောက်စလုံးရဲ့ ခံယူချက်တွေနဲ့ အနုပညာတွေကတော့ ရင်းနှီးသူတွေနဲ့ ချစ်ခင်သူတွေ ကြားထဲမှာ အမြဲပြောစမှတ် ဖြစ်နေမှာ ဖြစ်ပါတယ်။

ရဲဘော်မိတ်ဆွေတယောက်က “အနုပညာလောကက သူ စလုပ်တဲ့အချိန်၊ ပြီးတော့ နိုင်ငံရေးလောကထဲ သူ စဝင်တဲ့အချိန်ကနေစပြီး နောက်ဆုံး သူ မကျဆုံးခင် အချိန်ထိပေါ့နော်၊ သူ့ကို ဘယ်လိုပဲ ဖိနှိပ်မှုတွေ ကြုံလာကြုံလာ ဘယ်တော့မှ ဒူးထောက်အရှုံးမပေးဘူးဆိုတဲ့ စိတ်ဓာတ်ပေါ့နော်။ ကိုဂျင်မီ ဆိုရင်လည်း အနုပညာနဲ့အတူ တွဲပြီး မှတ်မိတတ်တဲ့ လူသားတယောက်ပေါ့၊ ကျနော့်အတွက်ကကျတော့။ ကျနော်တို့ စိတ်ဓာတ်ကျနေတဲ့ အချိန်တိုင်း ကျနော်တို့ တခုခု အားပေးဖို့လိုတဲ့ အချိန်တိုင်းမှာ အားပေးတယ်၊ ကျနော်တို့ကို ခွန်အားဖြစ်စေတဲ့ စကားတွေ ပြောပြတယ်။ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးက သူလုပ်စရာရှိတာကို လုပ်မယ်၊ ဘယ်သူပဲ သူ့ကို လာနှောင့်ယှက်နှောင့်ယှက် အဓိက သူလုပ်စရာရှိတာ လုပ်ရမယ်ဆိုတဲ့ အတွေးနဲ့ပေါ့နော်၊ ဒီလမ်းကို အပြီးဆုံးအထိပေါ့၊ သူ ရအောင်လျှောက်ခဲ့တယ်” လို့ ပြောပါတယ်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ၄ ယောက်ဟာ အကြမ်းဖက် အမည်တပ်ခံရပြီး ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ် မတရားကြိုးစင်တင်ခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဖြစ်ပြီး သူတို့ယုံကြည်ခဲ့တဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် ရပ်တည်ချက်တွေကတော့ ရင်းနှီးသူတွေနဲ့ ထောက်ခံသူတွေရဲ့ မှတ်ဉာဏ်ထဲမှာ ဆက်လက် ရှင်သန်နေဆဲ ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013