DVB Logo
Home
မြန်မာသတင်း
S.O.F က စခန်းသိမ်းအပါအဝင် တိုက်ပွဲ ၈၇ ကြိမ် ဖော်ဆောင်၊ စစ်အုပ်စုဘက်က ၂၆၀ ကျော်သေ
DVB
·
July 21, 2023
S.O.F က စခန်းသိမ်းအပါအဝင် တိုက်ပွဲ ၈၇ ကြိမ် ဖော်ဆောင်၊ စစ်အုပ်စုဘက်က ၂၆၀ ကျော်သေ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲ ရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ချိန် ၂ နှစ်အတွင်းမှာ စခန်း သိမ်းတိုက်ပွဲတွေ အပါအဝင် ကျေးလက်နဲ့ မြို့တွင်းစစ်ဆင်ရေးတိုက်ပွဲအကြိမ်ရေ ၈၇ ကြိမ်ရှိခဲ့ပြီး ရန်သူ ၂၆၂ ယောက် သေဆုံးတဲ့အထိ တိုက်ပွဲဝင် ချေမှုန်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီကာလတွေအတွင်း တောင်ပိုင်းစစ်ဒေသ ကွပ်ကဲရေးအဖွဲ့ရဲ့ စစ်ဆင်ရေးစီမံချက်တွေအတိုင်း ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနဲ့ မွန်ပြည်နယ်တို့မှာ ပျံလွှားအောင်၊ နန်းထိုက်အောင် စစ်ဆင်ရေး ဆောင်ရွက်ချက်တွေကို တာဝန်ယူဆောင်ရွက်ခဲ့ကြပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နဲ့ တပ်မဟာ (၄) နယ်မြေတွေမှာ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကာ စစ်ဆင်ရေးဆောင်ရွက်ချက်တွေကို တာဝန်ယူဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြို့တွင်းစစ်ဆင်ရေးတွေအနေနဲ့လည်း ရန်ကုန်မြို့မှာ ဗားကရာ၊ သန်လျင်တံတား၊ ထန်းတပင်တာဆုံ၊ လှိုင်သာယာဘုရားလမ်း၊ မြောက်ဥက္ကလာတံတား၊ ဗဟန်းစစ်တပ် အရာရှိရိပ်သာ၊ အင်းစိန်ထောင် အရာရှိရိပ်သာတွေ အပါအဝင် အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်တွေ၊ အကြမ်းဖက်လက်အောက်ခံ သာကေတရဲစခန်း၊ မြောက်ဥက္ကလာ ရဲစခန်းနဲ့  လှိုင်သာယာရဲစခန်းတွေကို လက်နက်ကြီး/ လက်နက်ငယ်တွေနဲ့ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့တဲ့အပြင် ဧရာဝတီတိုင်း စစ်ကောင်စီဝန်ကြီးချုပ်ယာဥ်တန်း ကြား ဖြတ်တိုက်ခိုက်မှုအပါအဝင် မွန်ပြည်နယ်ထဲက ရဲစခန်းတွေ၊ ပျူစောထီးဂိတ်တွေ၊ စစ်စခန်းတွေကိုလည်း အကြိမ်ပေါင်းများစွာ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ကျေးလက်စစ်ဆင်ရေးအနေနဲ့ကတော့ ဘုရားသုံးဆူမြို့ ဘုရားတောင်စခန်းသိမ်းပွဲ၊ သံဖြူဇရပ်မြို့ တောင်ကလေးစခန်းသိမ်းပွဲ၊ ကြာအင်းဆိပ်ကြီးမြို့ တောင်စွန်းစခန်းသိမ်း တိုက်ပွဲနဲ့ ကော့ကရိတ်မြို့ တောင်ကြာအင်းစခန်းသိမ်းတိုက်ပွဲတွေအပါအဝင် တိုက်ပွဲပေါင်း ၃၉ ကြိမ်၊ ဒရုန်း+လက်နက်ကြီးတိုက်ပွဲပေါင်း ၁၆ ကြိမ် ဆင်နွှဲနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီး/လက်နက်ငယ် ၅၄ လက် သိမ်းဆည်းရမိခဲ့ပြီး  တရားမဝင် မူးယစ်ဆေးဝါးတွေနဲ့ လိုင်စင်မဲ့ကားတချို့ကိုလည်း သိမ်းဆည်းရမိ ဖျက်ဆီးနိုင်ခဲ့တာပါ။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ SPECIAL OPERATION FORCE (S.O.F) ဟာ NUG အစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ အထူးတိုက်ခိုက်ရေးနဲ့ချေမှုန်းရေး လက် ရင်းတပ်ဖွဲ့ဖြစ်ကာ တပ်ဖွဲ့ကို တပ်မဟာ ၆၊ တပ်ရင်း ၁၈ နယ်မြေထဲမှာ စတင်လေ့ကျင့်သင်ကြားထားတဲ့ အထူးကွန်မန်ဒိုနဲ့ အထူးစနိုက်ပါသမား ၄၄ ယောက်ကို အခြေတည်ပြီး စတင်ဖွဲ့စည်းခဲ့တာလို့ ကနဦး ထုတ်ပြန်ထားခဲ့ပါတယ်။

ပထမဆုံးအထူးသင်တန်းဆင်းချိန်မှာတော့ တပ်ဖွဲ့ဝင်အင်အား ၁၇၀ ယောက်ရှိခဲ့ပြီး ဆက်လက်ပြီးတော့ အထူးသင်တန်းတွေကို သင်တန်းတဖြတ်ကို လူအယောက် ၅၀ ထက် မပိုဘဲ စုဆောင်းလေ့ကျင့် သင်ကြားနေတာလို့ သိရပါတယ်။

လေ့ကျင့်သင်ကြားပြီးတဲ့ တပ်ဖွဲ့ဝင်တွေကိုတော့ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ရန်ကုန်၊ ဧရာဝတီ၊ မွန်မြို့ပြစစ်ဆင်ရေးလုပ်ငန်းတွေမှာ တာဝန်ပေးဆောင်ရွက်စေခဲ့ပြီး ကျေးလက်စစ်ဆင်ရေးအနေနဲ့ တနင်္သာရီနဲ့ ကရင်ပြည်နယ်တပ်မဟာအသီးသီးက ရှိရင်းစွဲ စစ်ကြောင်းတွေမှာလည်း ပူးပေါင်းတပ်ဖွဲ့ဝင်တွေအနေနဲ့ တာဝန်ပေးဆောင်ရွက်နေတယ်လို့ NUG အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြို့ပြစစ်ဆင်ရေးလုပ်ငန်းတွေကိုတော့ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ခံနဲ့ တောင်ပိုင်းစစ်ဆင်ရေးဌာနတာဝန်ခံရဲ့ ညွှန်ကြားချက်တွေအတိုင်း S.O.F တပ်ဖွဲ့ရုံးက တိုက်ရိုက်ကွပ်ကဲစီမံကာ သက်ဆိုင်ရာ စစ်တိုင်းတာဝန်ခံတွေရဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုတွေနဲ့ မစ်ရှင်တွေဆောင်ရွက်ပြီး ကျေးလက်စစ်ဆင်ရေးအနေနဲ့လည်း တောင်ပိုင်း စစ်ဒေသ ဒုစစ်ဦးစီးမှူးရဲ့ လမ်းညွှန်ချက်နဲ့အညီ သက်ဆိုင်ရာ စစ်ကြောင်းမှူးတွေရဲ့ အစီအစဥ်အတိုင်း ပူးပေါင်းဆောင်ရွက်နေကာ ထောက်ပို့ကိစ္စတွေကို တောင်ပိုင်း ထောက်/ပို့တာဝန်ရှိသူတွေနည်းတူ S.O.F တပ်ဖွဲ့ရုံးက တိုက်ရိုက် စီစဥ်ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်း ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃ သောင်းလောက် ထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁ သောင်းကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013