
အမေရိကန်ပြည်ထောင်စု၊ အတ္တလန္တာမြို့မှာ ဒေသစံတော်ချိန် ဇွန် ၁၈ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (A) ရဲ့ ပွဲစဉ် ၂ မှာ ချက်သမ္မတနိုင်ငံနဲ့ တောင်အာဖရိကအသင်းတို့ ၁ ဂိုးစီ သရေကျသွားပြီး ၂ သင်းစလုံးအုပ်စုတက်ဖို့ အခွင့်အရေးကိုယ်စီ ရှိနေပါသေးတယ်။
ပွဲအစ ၆ မိနစ်မှာပဲ ချက်အသင်းအတွက် အဖွင့်ဂိုးကို မီကယ်လ်ဆာဒီလက်က သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ချက်အသင်းက အခွင့်အရေးတွေ ဆက်တိုက်ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ဘဲ ပွဲပြီးခါနီး ၉ မိနစ်အလိုမှာ ချက်ကစားသမား လက်နဲ့ဘောလုံးထိခဲ့လို့ တောင်အာဖရိကအသင်း ပယ်နယ်တီ ရရှိခဲ့တာပါ။
ဒီပယ်နယ်တီကို ကစားသမား မိုကိုအီနာက ချေပဂိုးအဖြစ် သွင်းယူပေးခဲ့တဲ့အတွက် တောင်အာဖရိကအသင်း ပထမဆုံးရမှတ်ကို ရရှိခဲ့ပါတယ်။
ဒီရလဒ်ကြောင့် အသင်း ၂ သင်းစလုံး အုပ်စုကနေ နောက်တဆင့်တက်ဖို့ အခွင့်အရေး ရှိနေပါတယ်။
လက်ရှိမှာတော့ ချက်အသင်းဟာ အုပ်စု (A) ရဲ့ အဆင့် ၃ မှာ ရပ်တည်နေပြီး တောင်အာဖရိက အသင်းကတော့ အဆင့် ၄ မှာ အသီးသီး ရပ်တည်နေပါတယ်။










