မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးကျေးရွာအုပ်စု အရှေ့ရွာကြီးကျေးရွာကို ဇူလိုင် ၂၀ ရက် မွန်းတည့် ၁၂ နာရီလောက်က စစ်ကား ၄ စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျေးရွာအတွင်းကို ဝင်ရောက်လာပြီး ဒေသခံပြည်သူ ၁၀ ဦးကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာ ကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းဝင်ရောက်ပြီး ဒေသခံ ၁၀ ဦးကျော်ကို ဖမ်းဆီးသွားပြီးနောက် အိမ်ခြေ ၃၀၀ နီးပါးက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်ပြီး ကျေးရွာဘုန်းကြီးကျောင်းနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။
စစ်ကောင်စီတပ်ဟာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့သူတွေကို ညနေ ၃ နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့ပြီးနောက် သပြေနီကျေးရွာဘက်ကို ထွက်ခွာသွားခဲ့တယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။
“မနေ့က နေ့လယ်လောက်မှာ စစ်ကား ၄ စီးနဲ့ ရောက်လာပြီး ပထမ ၆ ယောက်ဖမ်းတယ်။ နောက် လမ်းမှာတွေတဲ့ သူတွေပါဖမ်းသွားတာ ၁၀ ယောက်ကျော်တယ်။ ညနေ့ ၃ နာရီလောက်မှာ အကုန်ပြန်လွှတ်ပေးလိုက်တယ်။ စစ်တပ်က သပြေနီဘက်ကို ပြန်ထွက်ခွာသွားတယ်။ လူတွေဖမ်းတော့ ရွာကလူတွေ အကုန်ထွက်ပြေးရတယ်။ အခုထိ ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်။ ရွာကိုဘယ်သူမှ မပြန်ရဲသေးဘူး။”
အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီဗွီဘီက တပ်မဟာ ၁ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာ ဖြစ်စဉ်ဖြစ်ပွားတာမှန်ကန်ပြီး အသေးစိတ်အချက်အလက်ကို မသိရသေးဘူးလို့ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက် မနက် ၁၁ နာရီလောက်က ကျိုက်ထိုမြို့နယ်၊ ချောင်းစောက်ရွာသား အသက် ၂၅ နှစ်အရွယ် မောင်ချစ်လေးဟာ ဆိုင်ကယ်နဲ့ဈေးဝယ်ပြီးအပြန် သိမ်ဇရပ်စစ်ဆေးရေးဂိတ်မှာ ၃၁၀ အမြောက်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။