
အခုလာမယ့် သီတင်းပတ်အတွင်း ရခိုင်၊ ဧရာဝတီ၊ မွန်၊ တနင်္သာရီ ကမ်းရိုးတန်းဒေသတွေနဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့မှာ မိုးသည်းထန်နိုင်ပြီးတော့ ရေကြီး မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၀ ရက်ကနေ ၂၈ ရက်အထိ ရက်သတ္တပတ်အတွင်း မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်တွေကို ထုတ်ပြန်ထားတာဖြစ်ပြီး ၂၀ ရက်ကနေ ၂၂ ရက်နေ့တွေအတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်လာပြီး သိသိသာသာအားကောင်းလာခြင်းမရှိဘဲ ၂၂ ရက်နေ့မှာတော့ အိန္ဒိယကုန်းမြေပေါ် ဝင်ရောက်သွား မယ်လို့ ဆိုပါတယ်။
ဒုတိယအကြိမ် ဇူလိုင် ၂၃ ရက်မှာတော့ နောက်ထပ် လေဖိအားနည်းရပ်ဝန်းတခု ထပ်မံဖြစ်ပေါ် လာနိုင်ပြီး မုတ်သုံမုန်တိုင်းငယ် (Monsoon Depression) အဖြစ် ရောက်ရှိလာ နိုင်ကြောင်း ခန့်မှန်းထားပြီး လေတိုက်နှုန်းကတော့ အပူပိုင်း မုန်တိုင်းတွေလို မပြင်းထန်တော့ဘဲ အများဆုံး မိုင် ၃၀ ကနေ ၃၅ မိုင်လောက်အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ ဇူလိုင် ၂၄ ရက်မှာ မုတ်သုံမုန်တိုင်းအဆင့်ကို ရောက်ရှိလာနိုင်ပြီး အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေဆီ ၂၈ ရက်မှာ ဝင်ရောက်နိုင်ကာ မုတ်သုံ မုန်တိုင်းငယ် ဖြစ်ပေါ်နေချိန် မုတ်သုံလေ အလွန်အားကောင်းနိုင်တာကြောင့် မြန်မာ့ ကမ်းရိုးတန်းဒေသ ၄ ခုနဲ့ ပြည်နယ်နဲ့တိုင်း ၃ ခုတို့မှာ မိုးသည်းထန်၊ ရေဘေး၊ မြေပြိုဘေးတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားတာပါ။
ခုရက်ပိုင်းအတွင်း မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေဘက်မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကြောင့် ကလေးငယ်တွေ အပါအဝင် လူတချို့သေဆုံးပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ရွေ့ပြောင်းနေကြရပါတယ်။