DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဝန်ကြီးတွေအပါအဝင် လူပုဂ္ဂိုလ် ၆ ဦးနှင့် သတ္တုတွင်းလုပ်ငန်းကို အီးယူ ပိတ်ဆို့ ဒဏ်ခတ်
DVB
·
July 21, 2023
စစ်ကောင်စီဝန်ကြီးတွေအပါအဝင် လူပုဂ္ဂိုလ် ၆ ဦးနှင့် သတ္တုတွင်းလုပ်ငန်းကို အီးယူ ပိတ်ဆို့ ဒဏ်ခတ်
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေမြင့်တက်လာပြီး ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဥရောပသမဂ္ဂ (အီးယူ)က  မြန်မာနိုင်ငံအပေါ် ၇ ကြိမ်မြောက် အရေးယူပိတ်ဆို့မှုအနေနဲ့  လူပုဂ္ဂိုလ် ၆ ဦးနဲ့ နိုင်ငံပိုင် အမှတ် ၂ သတ္တုတွင်းလုပ်ငန်းတို့ကို  ဇူလိုင် ၂၀ ရက်မှာ အရေးယူပိတ်ဆို့ဒဏ်ခတ်လိုက်ပါတယ်။

အရေးယူပိတ်ဆို့ခံရတဲ့ လူပုဂ္ဂိုလ်တွေကတော့ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်မှာ ခန့်အပ်ခံရတဲ့ ဦးအောင်ကျော်မင်းနဲ့ ဦးပိုရယ်အောင်သိန်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းတို့ ဖြစ်ပါတယ်။

ဦးအောင်ကျော်မင်းဟာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး ဦးပိုးရယ်အောင်သိန်းကတော့ ကြံခိုင်ရေးပါတီဝင် ဖြစ်ပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်အနေနဲ့ မြန်မာပြည်သူတွေအပေါ် လူ့ခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဖိနှိပ်မှုတွေမှာ တိုက်ရိုက်တာဝန်ရှိသူဖြစ်လို့ အရေးယူပိတ်ဆို့ခံရတာ ဖြစ်ပါတယ်။

ဦးမြင့်ကြိုင်ဟာ လဝက ဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး အဲဒီတိုင်ခင်မှာ အာဏာသိမ်းစစ်ကောင်စီက အလုပ်သမားဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒေါက်တာပွင့်ဆန်းကတော့  ဩဂုတ်လ ၂၀၂၂ မှာ  ဦးမြင့်ကြိုင်နေရာကို ဆက်ခံပြီး လဝက ဝန်ကြီးဖြစ်လာခဲ့သူဖြစ်ပါတယ်။ အဲဒီမတိုင်ခင်မှာ စီးပွားကူးသန်းဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်ကနေ ၂၀၂၂ ခုနှစ် ဩဂုတ် ၁၉ရက် အထိ ခန့်အပ်ခံခဲ့ရပါတယ်။

ဒေါက်တာ သက်ခိုင်ဝင်းဟာ အာဏာမသိမ်းခင်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ အမြဲတမ်းအတွင်းဝန်အဖြစ် ခန့်အပ်ခံရပြီး အာဏာသိမ်းအပြီးမှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဖြစ်လာခဲ့ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို စစ်ကောင်စီက ခွဲခြားလိုက်တဲ့အခါမှာ ကျန်းမာရေးဝန်ကြီး ဖြစ်လာပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းဟာ ၂၀၂၀ ခုနှစ် မေလမှာ စစ်ထောက်ချုပ်ဖြစ်လာခဲ့ပါတယ်။ ဒီရာထူးဟာ စစ်တပ်မှာ ဆဋ္ဌမမြောက် အမြင့်ဆုံးရာထူးဖြစ်ပါတယ်။ သူဟာ စစ်တပ်အတွက် ငွေရှာပေးနေတဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင် (MEC)ကိုလည်း ဦးဆောင်ပါတယ်။

အခုလို ထပ်မံ အရေးယူပိတ်ဆို့လိုက်တာကြောင့်  ဥရောပသမဂ္ဂရဲ့ အရေးယူပိတ်ဆို့ခံထားရသူ ပေါင်းဟာ အခုဆိုရင်  စုစုပေါင်း လူပုဂ္ဂိုလ် ၉၉ ဦး၊ အဖွဲ့အစည်းပေါင်း ၁၉ ခုရှိသွားပြီ ဖြစ်ပါတယ်။

ဒီအထဲမှာ စာရင်းသွင်းခံရသူတွေဟာ ပိုင်ဆိုင်မှု ထိန်းချုပ်ခံရတာ၊ ဥရောပသမဂ္ဂ နယ်မြေအတွင်း ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းကို တားမြစ်ခံရပါတယ်။ ဒါ့အပြင် ဥရောပသမဂ္ဂမှ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေဟာလည်း အခုလို အရေးယူဒဏ်ခတ်ပိတ်ဆို့ စာရင်းသွင်းခံထားရသူတွေ ဝင်ငွေရစေတဲ့ လုပ်ငန်းအဆက်အဆံလုပ်ခြင်းကိုလည်း တားမြစ်ထားပါတယ်။

မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ နှိပ်စက်ညှဉ်းပန်းတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ ကျားမအခြေပြု အကြမ်းဖက်မှုတွေအပြင် အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ သတင်းသမားတွေကို ဆက်လက်နှိပ်စက်ညှဉ်းပန်းနေတာတွေကို လည်း ဥရောပသမဂ္ဂကရှုတ်ချထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013