DVB Logo
Home
နိုင်ငံတကာ
အစိုးရဖွဲ့နိုင်ရေး အဖြေမထွက်သေးသည့် ထိုင်းနိုင်ငံရေး အကျပ်အတည်းနှင့် စိန်ခေါ်မှုများ
DVB
·
July 20, 2023
အစိုးရဖွဲ့နိုင်ရေး အဖြေမထွက်သေးသည့် ထိုင်းနိုင်ငံရေး အကျပ်အတည်းနှင့် စိန်ခေါ်မှုများ
1 / 2
Donate to DVB

ထိုင်းနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးသွားတာ အချိန် ၂ လကျော် ကြာလာတဲ့အထိ ဝန်ကြီးချုပ်သစ်လည်း မရွေးချယ်နိုင်၊ အစိုးရအဖွဲ့သစ်လည်း မဖွဲ့နိုင်သေးဘဲ အခက်အခဲ အကျပ်အတည်းတွေ၊ စိန်ခေါ်မှုတွေနဲ့ မရေမရာ နိုင်ငံရေးအခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ လူငယ်တွေကြား ရေပန်းစားတဲ့ လိမ္မော်ရောင် MFP (Move Forward Party) က အမတ် ၁၅၁ နေရာ၊ ပါတီရေပန်းစားမဲ ၁၄ သန်းကျော်နဲ့ မဲအများဆုံးရပြီး အနိုင်ရခဲ့ပါတယ်။

အနိုင်ရပါတီခေါင်းဆောင် ဖိထား လိုမ့်ကျရွန်းရတ်ဟာလည်း စွဲချက်အမျိုးမျိုးခံခဲ့ရပြီး ဇူလိုင် ၁၉ ရက်မှာ လွှတ်တော်အမတ်အဖြစ်ကနေ ရပ်စဲခံရပြီး ဒုတိယအကြိမ် ဝန်ကြီးချုပ် ပြန်ရွေးခံဖို့လည်း ပယ်ချခံလိုက်ရလို့ သူ့ရဲ့ ဝန်ကြီးချုပ်အိပ်မက် အလှမ်းဝေးသွားခဲ့ရပါတယ်။

အဓိကမှာ အရင်စစ်အစိုးရလက်ထက်က တင်မြှောက်ခဲ့တဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ထံက ထောက်ခံမဲ မရခဲ့သလို အရင်အာဏာရခဲ့တဲ့ ပါတီဘက်က လွှတ်တော်အမတ်တွေ ကလည်း ဖိထား ဒုတိယအကြိမ် ဝန်ကြီးချုပ်ရွေးခွင့်ကို အပြင်းအထန် ကန့်ကွက်ခဲ့ကြလို့ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်‌အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ရွေးကောက်ပွဲဥပဒေအရ ဝန်ကြီးချုပ် ရွေးချယ်ရာမှာလည်းကောင်း၊ အစိုးရတရပ် ဖွဲ့နိုင်ရေးမှာလည်းကောင်း အထက်လွှတ်တော် ၂၅၀၊ အောက်လွှတ်တော် ၅၀၀ နှစ်ရပ်လုံး စုစုပေါင်းထဲက ၃၇၆ မဲနဲ့အထက် ရရှိရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အမတ်အများဆုံးရတဲ့ MFP ပါတီက လိုအပ်တဲ့မဲအရေအတွက် ပြည့်မီဖို့  ဒုတိယမဲအများဆုံးရတဲ့ ဖွေ့ထိုင်းပါတီ အပါအဝင် စုစုပေါင်း မဟာမိတ် ၈ ပါတီနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ ရည်မှန်းထားပါတယ်။ ၈ ပါတီက အနိုင်ရအမတ်ဦးရေပေါင်း ၃၁၃ မဲပဲ ရရှိလို့ နောက်ထပ် ၆၃ မဲ လိုအပ်နေပါသေးတယ်။

အဲဒီလိုအပ်နေတဲ့ ထောက်ခံမဲ ၆၀ ကျော်ကို အထက်လွှတ်တော်အမတ်တွေထံက ရမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ ဇူလိုင် ၁၅ ရက် ပထမအကြိမ် ဝန်ကြီးချုပ်ရွေးချယ်တင်မြှောက်ပွဲမှာ ၁၂ မဲသာ ရခဲ့လို့ ဝန်ကြီးချုပ်ရွေးပွဲ မအောင်မြင်ခဲ့ပါဘူး။

ဇူလိုင် ၁၉ ရက်မှာလည်း အထက်လွှတ်တော်အမတ်တွေဘက်က ဖိထားကို ဒုတိယအကြိမ် ဝန်ကြီးချုပ် အရွေးခံဖို့ သဘောမတူတာကြောင့် ပယ်ချခံလိုက်ရပါတယ်။

အထက်လွှတ်တော်အမတ်တွေက ဖိထားနဲ့ MFP ပါတီကို မထောက်ခံတဲ့ အဓိက အကြောင်းရင်းက MFP ပါတီရဲ့ မူဝါဒမှာ ဘုရင့်နန်းတော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ပါရှိတာကြောင့် ဖြစ်တယ်လို့ အကြောင်းပြပါတယ်။ သူတို့အနေနဲ့ အမျိုးဘာသာ သာသနာ ဘုရင့်ထီးနန်းကို ဦးထိပ်ထား ကာကွယ်စောင့်ရှောက်ဖို့အတွက် ပုဒ်မ ၁၁၂ ပြင်မယ့် ဘယ်ပါတီကိုမဆို မထောက်ခံနိုင်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ MFP ပါတီဘက်ကတော့ သူတို့ဘက်က ပုဒ်မ ၁၁၂ ဖြုတ်ချလိုက်ရင်လည်း နောက်ထပ် အကြောင်းအမျိုးမျိုးရှာပြီး အစိုးရမဖွဲ့နိုင်အောင် လုပ်ဦးမှာပဲ၊ အဓိကက အာဏာဟောင်းကို လက်လွှတ်မခံချင်တာ၊ MFP ရဲ့ မူဝါဒသစ်ဟာ သူတို့အကျိုးစီးပွားတွေ ထိခိုက်စေနိုင်တာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့် အထက်လွှတ်တော်အမတ်တွေ အစိုးရဖွဲ့ရေးမှာ မဲထည့်ရမယ်ဆိုတဲ့ မူဝါဒကို ဖျက်သိမ်းဖို့ MFP ပါတီက လွှတ်တော်ဥက္ကဋ္ဌထံ ပန်ကြားလွှာ တင်သွင်းခဲ့ပါတယ်။

ထိမ်းဖိထားအနေနဲ့ ဝန်ကြီးချုပ် အရွေးမခံရရင် ဒုတိယမဲအများဆုံးရတဲ့ ဖွေ့ထိုင်းပါတီကို ဝန်ကြီးချုပ် တင်မြှောက်ဖို့နဲ့ အစိုးရတရပ် ဦးဆောင်ဖွဲ့စည်းဖို့ လမ်းဖွင့်ပေးမယ်လို့ ပြောထားခဲ့တာ ရှိပါတယ်။

ဒါကြောင့် ဖွေ့ထိုင်းပါတီဘက်ကလည်း အသက် ၆၀ အရွယ်ရှိ စီးပွားရေးလုပ်ငန်းရှင် ဆေထာ ထဝီးဆင်ကို ဝန်ကြီးချုပ်အဖြစ် အရွေးခံမယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်တကြိမ် ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ပွဲကို လာမယ့်အပတ် ဇူလိုင် ၂၆ ရက် ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ကြေညာထားပါတယ်။

အထက်လွှတ်တော်အမတ်နဲ့ အာဏာရပါတီတွေကတော့ ပုဒ်မ ၁၁၂ ပြင်မယ့် ပါတီနဲ့ ပူးတွဲနေတဲ့ ဘယ်ပါတီကိုမှ ထောက်ခံမဲမပေးဘူးလို့ အပြတ်ပြောထားပါတယ်။

ဒါကြောင့် ဖွေ့ထိုင်းပါတီအနေနဲ့ ပုဒ်မ ၁၁၂ ပြင်ဖို့ မူဝါဒမရှိပေမဲ့ MFP ဦးဆောင်တဲ့ ညွန့်ပေါင်း ၈ ပါတီထဲ ဝင်ထားတာကြောင့် ထောက်ခံမဲအရေအတွက်ရဖို့ မသေချာပါဘူး။

ဝန်ကြီးချုပ် ရွေးချယ်ခံခွင့်လည်း တကြိမ်သာရှိရမယ်လို့ မနေ့က လွှတ်တော်မှာ ဆုံးဖြတ်တာကြောင့် ဖွေ့ထိုင်းပါတီအနေနဲ့ အစိုးရဖြစ်လိုပါက MFP လိမ္မော်ရောင်ပါတီနဲ့ လက်တွဲဖြုတ်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။ အဲဒီလို လက်တွဲဖြုတ်လိုက်ရင် MFP ပါတီဟာ အစိုးရမဖွဲ့နိုင်တော့ဘဲ အတိုက်အခံပါတီအနေနဲ့သာ ဆက်သွားရတော့မှာ ဖြစ်ပါတယ်။

ဖွေ့ထိုင်းပါတီဟာ အရင်အစိုးလက်ထက်က MFP ပါတီနဲ့အတူ အတိုက်အခံဘက်က နေခဲ့ပြီး ၈ ပါတီ ညွန့်ပေါင်းအဖွဲ့ ဖွဲ့တော့လည်း ဘယ်တော့မှမခွဲဘဲ ဒီမိုကရေစီခရီးဆုံးထိ ရောက်အောင် သွားကြမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒီကြားထဲမှာ ဖွေ့ထိုင်းပါတီဟာ MFP ပါတီနဲ့ ပေါင်းလို့ အခြေအနေမဟန်ရင် သူတို့အာဏာရဖို့ အာဏာဟောင်းပါတီဘက်ပေါင်းပြီး ဘက်ပြောင်းသွားနိုင်တယ်လို့ သုံးသပ်ဝေဖန်မှုတွေ ထွက်ပေါ်လာတာကို အဖြစ်ခံမှာ မဟုတ်ဘူးဆိုပြီး ထပ်မံကတိပေးခဲ့ပါသေးတယ်။

တကယ်လို့ ဖွေ့ထိုင်းပါတီဟာ ညွန့်ပေါင်း ၈ ပါတီထဲက နုတ်ထွက်ပြီး အရင်အာဏာဟောင်း ပါတီနဲ့ ပူးပေါင်းရင် အထက်လွှတ်တော်အမတ်တွေဆီက ထောက်ခံမဲတွေလည်း ရမှာမို့ ဝန်ကြီးချုပ်လည်းရ အစိုးရလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ သူတို့အနေနဲ့ ထွေးပြီးသားတံတွေး ပြန်မြိုချရသလို စစ်အာဏာရှင်နောက်ခံ ပါတီတွေနဲ့ မပူးပေါင်းပါဘူးလို့ ပြောခဲ့တဲ့ ကတိကဝတ်အတွက် ပြည်သူတွေကို လုံလောက်တဲ့ အကြောင်းပြချက် ပေးရပါလိမ့်မယ်။

ဒီတခါ အစိုးရဖြစ်နိုင်ပေမဲ့ နောက်တကြိမ် ရွေးကောက်ပွဲမှာတော့ ပြည်သူ့ဆန္ဒမဲတွေရဖို့ မလွယ်တဲ့အပြင် ပါတီအင်အားပါ ချည့်နဲ့သွားမယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

ဖွေ့ထိုင်းအနေနဲ့ ပေးထားတဲ့ကတိအတိုင်း ၈ ပါတီ ညွန့်ပေါင်းကနေ ခွဲမသွားဘူးဆိုရင်တော့ လွှတ်တော်ဥပဒေက သတ်မှတ်ထားတဲ့ ၃၇၆ မဲ မပြည့်မီလို့ MFP ပါတီနဲ့အတူ အတိုက်အခံ ပါတီဘက် ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။

တဖက်မှာလည်း အာဏာဟောင်းပါတီဘက်က အထက်လွှတ်တော်အမတ် ၂၅၀ ရဲ့ မဲကို အားကိုးပြီး အစိုးရနေရာပြန်ယူဖို့ ကြံစည်နေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဇူလိုင် ၂၆ ရက် ဝန်ကြီးချုပ် ထပ်ရွေးမယ့်နေ့ဟာ တိုက်တိုက်ဆိုင်ဆိုင် ဖွေ့ထိုင်းပါတီ ထူထောင်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ မွေးနေ့လည်း ဖြစ်နေတာမို့ ဖွေ့ထိုင်းပါတီအနေနဲ့ ၅ ရက်တာကာလအတွင်း ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နန်းမြနဒီ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013