
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ဇူလိုင် ၁၄ ရက်ကနေ ၁၇ ရက်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ကြလို့ စစ်ကောင်စီဘက်က ၁၈ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ဒေသအခေါ် မြင်းကာတောင်၊ ကြိမ်ချောင်းလမ်း ခွဲ၊ နဂါးမောက်ခြံတောင်ပေါ်တွေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်မ(၅၅၊၇၇၊၁၀၁) ပူးပေါင်းအင်အား ၁၃၀ လောက်ကို ဂန့်ဂေါခရိုင်အမှတ် (၈၊၁၃)၊ ပခုက္ကူခရိုင် အ မှတ်(၅၊၁၉)၊ မကွေးခရိုင်အမှတ် (၁) PDF တပ်ရင်းတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြချိန်မှာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့တာပါ။
ဒါ့အပြင် ဇူလိုင် ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာတော့ အကြည်ကတင်းကျေးရွာအနီး ရောက်ရှိလာတဲ့ စစ်ကောင်စီပူးပေါင်းအင်အား ၁၈၀ လောက်ကို ဂန့်ဂေါခရိုင်အမှတ် ၃/၅၊ မင်းဘူးခရိုင်အမှတ် ၁/၂/၅ PDF တပ်ရင်းတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာမှာတော့ စစ်ကောင်စီဘက်က ၁၅ ယောက်လောက် ထပ်မံ သေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ် ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃ သောင်းလောက် ထိခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁ သောင်းကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။











