DVB Logo
Home
မြန်မာသတင်း
ကျောက်ရစ်ရဲစခန်း တိုက်ခိုက်ခံရ၊ စစ်တပ် လက်နက်ကြီးကြောင့် ကလေးမြို့က နေအိမ်အချို့ ပျက်စီး
DVB
·
July 20, 2023
ကျောက်ရစ်ရဲစခန်း တိုက်ခိုက်ခံရ၊ စစ်တပ် လက်နက်ကြီးကြောင့် ကလေးမြို့က နေအိမ်အချို့ ပျက်စီး
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲမှာ ကျေးရွာတွေကိုမီးရှို့ကာ ပြည်သူပိုင်နေအိမ်တွေကို အတင်းအဓမ္မ ဝင်ရောက်ပြီး ပစ္စည်းယူ၊ အမျိုးသမီးတွေကို ဖမ်းဆီးလေ့ရှိတဲ့ စစ်တပ်စစ်ကြောင်း တပ်စွဲထားတဲ့ ကျောက်ရစ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Bagan Ogre Force PDF တပ်ဖွဲ့ ပြန်ကြားရေးဘက်က သိရပါတယ်။

ဇူလိုင် ၁၉ ရက်က အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မနက် ၉ နာရီလောက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြောင်နယ်ထဲက ကျောက်ရစ်ရဲစခန်းကို ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ Bagan Ogre Force PDF တပ်ဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။

“မြောင်နယ်မှာတော့ ကျောက်ရစ်စခန်းက နာမည်ကြီးပါပဲ။ ရဲအင်အားက နည်းတယ်၊ စစ်သားပဲ များတယ်ဗျ။ အနည်းဆုံး အင်အား ၁ဝဝ ကျော်မှာရှိတယ်။ ကျနော်တို့ စခန်းနဲ့ အနီးဆုံးနေရာထိ ဝင်ပစ်ခဲ့တာပါ။ စခန်းထဲကို တလုံးက အတိအကျ ကျတာဗျ။ တလုံးကတော့ စခန်းအပြင်ဘက်ကို ကျတယ်။ အတွင်းသတင်းနဲ့ အဆက်အသွယ်ပြတ်နေလို့ ထိခိုက်မှုရှိပေမဲ့ အတည်မပြုနိုင်သေးပါဘူး။ ဟိုတလောကပဲ အဲဒီစခန်းက စစ်တပ်စစ်ကြောင်းနဲ့ ပရိမ္မရွာဘက်မှာ တိုက်ပွဲဖြစ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော် သားအဖနှစ်ဦးလည်း သေဆုံးခဲ့ပါသေးတယ်။”

တိုက်ခိုက်မှုကိုတော့ Bagan Orge Force PDF၊ RBDF၊ MGN 9 Star တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကိုင်းတိုင်း၊ မြောင်နယ်ထဲက ရဲစခန်းတော်တော်များများကို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က သိမ်းပိုက်ထားနိုင်ပြီး ကျောက်ရစ်ရဲစခန်းကိုတော့ လက်နက်ခဲယမ်း အခြေအနေအရ တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်း မရှိဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

ကျောက်ရစ်ရဲစခန်းက စစ်ကောင်စီ၊ ရဲ ပူးပေါင်းတပ်တွေကတော့ အရက်သေစာ သောက်စားကာ အကြောင်းမဲ့ သေနတ်ပစ်ဖောက်တာ၊ ကျေးရွာတွေထဲ ပြည်သူပိုင်ပစ္စည်းတွေကို သေနတ်ပြ ယူဆောင်တာမျိုးတွေ ပြုလုပ်နေပါတယ်။

၇၆ နှစ်မြောက် အာဇာနည်‌နေ့ ဇူလိုင် ၁၉ ရက်နေ့ညက စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင်း စစ်ဌာနချုပ်တွေကနေ မြို့နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းကကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ၁၂၀ မမလက်နက်ကြီးကြောင့် ပြည်တော်သာရွာ၊ လက်ပံချောင်းရွာနဲ့ နန်းချောင်းရွာ ထဲ လက်နက်ကြီး ကျ‌ရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၃ လုံး လက်နက်ကြီးကျည်မှန်ခဲ့ပြီး လူတွေတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ကလေးဒေသခံတဦးက “ညက လက်နက်ကြီးတွေနဲ့ တော်တော်ထုတယ်။ ဘာတိုက်ပွဲမှလည်း မရှိဘဲ အကြောင်းမဲ့ထုတာပါ။ အရင်လကတည်းကစ နေ့တိုင်းလိုလို လက်နက်ကြီးတွေနဲ့ ထုနေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကလေးမြို့တွင်း စစ်ဌာနချုပ်က စစ်ကောင်စီတပ်သားတွေဟာ ဇွန်လလယ်ပိုင်းကစတင်ပြီး နေ့စဉ်နီးပါး ကလေးမြို့အနီးတဝိုက်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာပါ။

ဇူလိုင် ၁၃ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးမြို့ အနောက်တောင်ပိုင်းက စီးစံရွာမှာ ဒေသခံလင်မယား ၂ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါသေးတယ်။

ကလေးမြို့နယ်မှာ ဇွန် ၁ လအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့ပေါ် တာဟန်းရပ်ကွက် အပါအဝင် သာစည်ရွာ၊ စံသာရွာ၊ ထိုမာရွာ၊ နဂါးပွတ်ရွာနဲ့ လက်ပံချောင်းရွာတွေမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၈ ဦး သေဆုံးခဲ့ပြီး အယောက် ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါ‌သေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013