ရန်ကုန်မြို့ကနေ Alphard ခဲရောင်ကားကို ခိုးပြီး ထွက်ပြေးလာတဲ့ အမျိုးသားနှစ်ဦးကို ဇူလိုင် ၁၉ ရက် ညနေ ၄ နာရီက နတ္တလင်းမြို့ဝင်ဂိတ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ညနေ ၄ နာရီက ရန်ကုန်ဘက်ကနေ မောင်းနှင်လာတဲ့ ခဲရောင် Alphard ကားကို နတ္တလင်းမြို့အဝင်ဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ရပ်တန့်စစ်ဆေးရာ မရပ်ဘဲ ထွက်ပြေးသွားတဲ့အတွက် လိုက်လံဖမ်းဆီးခဲ့တာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မြို့ဝင်ဂိတ်မှာ စစ်နေတော့ ပြည်လမ်းအတိုင်း မမောင်းဘဲ ကျခတ်ဝါးရုံရွာဘက်ကို မောင်းပြေးတာ။ အဲ့ဒါမှ စစ်သားတွေ ရဲတွေ လိုက်ဖမ်းတာ၊ တယောက်ပဲ မိတာ၊ နောက်တယောက်က ရွာသားတွေဖမ်းပေးတာ။”
စစ်တပ်နဲ့ ရဲတွေက အမျိုးသားတဦးကို ဖမ်းမိပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အမျိုးသားကို ဂျိတ်တောရွာနဲ့ ကျွန်းတောရွာကြားရှိ လယ်ကွင်းထဲမှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက ဖမ်းဆီးပေးခဲ့တာလို့ ဂျိတ်တောကြီးကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အုပ်ချုပ်ရေးအဖွဲ့တွေ စုပြီး ဖမ်းပေးလိုက်တာ၊ ကြိုးကြာကန်၊ မဲဇလီတန်း၊ ရှားဖြူကုန်း၊ ကညင်ကန်၊ ပန်းတင်ကြီး၊ အဲ့ရွာက လူကြီးတွေ၊ ညပိုင်းပဲ မှော်ဘီရဲစခန်းကို လွှဲပေးလိုက်တယ်။”
ဖမ်းဆီးရမိသူနှစ်ဦးမှာ မှော်ဘီမြို့နယ်၊ အောင်သုခရပ်ကွက်နေ ထွန်းထွန်းနိုင်နဲ့ အောင်မင်္ဂလာကျေးရွာနေ ဟိန်းမင်းသူတို့ဖြစ်ပြီး နတ္တလင်းမြို့မရဲစခန်းကနေ မှော်ဘီမြို့မရဲစခန်းကို ည ၇ နာရီခွဲမှာ လွှဲပြောင်းပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။
ရန်ကုန်မြို့အတွင်းမှာရှိတဲ့ မြို့နယ်တွေမှာလည်း ညအချိန် ရပ်ထားတဲ့ ကားတွေရဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို ဖြုတ်ခိုးတဲ့သူတွေ များလာတာကြောင့် ကားပိုင်ရှင်တွေအနေနဲ့ စုပေါင်းပြီး ညစောင့်ပေးတဲ့ သူတွေကို နေ့စဥ်ငှားရမ်းနေရတယ်လို့ သိရပါတယ်။
အရင်ကလည်း ဒီလို ညစောင့်တွေကို ကားပွဲစားတန်းတွေမှာသာ ငှားတာမျိုး ရှိပေမယ့် ဇွန်လ အစပိုင်းလောက်ကစပြီး ကားပစ္စည်းဖြုတ်ခိုးတဲ့သူတွေ များလာတာကြောင့် လူနေရပ်ကွက်တွေမှာ ရှိနေတဲ့ ကားပိုင်ရှင်တွေကပါ စုပေါင်းပြီး ငှားနေရတာဖြစ်ပါတယ်။
အခုလို ညစောင့် ငှားရမ်းရာမှာ တညကို ၂ သောင်းကျပ်ဝန်းကျင်ပေးရပြီး ညနေ ၆ နာရီကနေ မနက် ၆ နာရီထိ စောင့်ပေးတယ်လို့ အလုံမြို့နယ်မှာ နေထိုင်တဲ့ ကားပိုင်ရှင်တဦးက ပြောပါတယ်။
ယခင်က ကားပစ္စည်းဖြုတ်ခိုးတဲ့သူတွေရဲ့ ပုံတွေကို CCTV မှတ်တမ်းတွေကတဆင့် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းကို တိုင်ကြားခဲ့ပေမယ့် ရှာဖွေဖမ်းဆီးပေးမယ် အကြောင်းပြန်ပြီး အချိန်တွေ ကြန့်ကြာ နေခဲ့တာကြောင့် ယခုလို မိမိကားရဲ့ လုံခြုံရေးအတွက် ညအစောင့် ငှားနေရတယ်လို့ တာမွေမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတဦးက ပြောပါတယ်။
ဇူလိုင် ၁၃ ရက်ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ် စက်ရုံလမ်းပေါ်မှာ ရပ်ထားတဲ့ ကားတစီး ဘီးလေးဘီးဖြုတ်ခိုးခံခဲ့ရပြီး ကားအတွင်းပိုင်းမှာရှိတဲ့ TV နဲ့ Blackbox တို့ ခိုးယူခံခဲ့ရပါတယ်။











