
မွန်ပြည်နယ်မှာ အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းလို့ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး စတဲ့မြို့နယ်တွေမှာ ရေကြီးရေလျှံနေပြီး လူတချို့ ရေနစ်သေဆုံးကာ ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းထားရပါတယ်။
ဇူလိုင် ၁၈ ရက်က စတင်ပြီး မော်လမြိုင်မြို့နယ်အတွင်းရှိ မြိုင်သာယာရပ်ကွက်၊ ကျွဲခြံကုန်းရပ်ကွက်၊ ဈေးကြိုရပ်ကွက် ဖက်ခင်းလမ်း၊ ဥယျာဉ်လမ်း၊ သီရိမြိုင်ရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ လှိုင်ရပ်ကွက်၊ ရွှေမြိုင်သီရိ၊ သာယာအေးနဲ့ ဇေယျာသီရိတို့မှာ ရေကြီးရေလျှံနေလို့ ကယ်ဆယ်ရေးသမားတွေက သက်ကယ်လှေတွေနဲ့ ရေဘေးလွတ်ရာကို ပြောင်းရွှေ့ပေးထားရတယ်လို့ မြို့ခံ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ဈေးကြိုရပ်ကွက် တောင်ဝိုင်းရပ်ရှိ ဥယျာဉ်လမ်းအတွင်း ရေကြီးရေလျှံနေမှုကြောင့် ပိတ်မိနေသူတွေကို အရေးပေါ် ပြောင်းရွှေ့ပေးရတာပါ။
မော်လမြိုင် မြို့ခံတယောက်က “အခုရက်ပိုင်းက မိုးရွာသွန်းမှုက အားကောင်းလာတော့ ပင်လယ်ရေက တက်လာပြန်၊ မြစ်ရေတွေနဲ့ တောင်ကျရေတွေက များလာတော့ မြစ်ရေကြီးမှုဒဏ်ကို ခံစားလာနေရတယ်” လို့ ပြောပါတယ်။
မွန်ပြည်နယ်ထဲမှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ မော်လမြိုင်မှာ တယောက်နဲ့ ပေါင်မြို့နယ် ဥတ္တံတားကျေးရွာ ကားလမ်းတံတားအမှတ် ၃/၁၇၀ (ဘီလူးမကျောင်းအနီးချောင်း) ထဲ တောင်ကျရေတွေ ကျဆင်းလာပြီး ထင်းဆင်းဆယ်တဲ့ ကိုဇော်လတ် ရေစီးနဲ့အတူ မျောပါပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သီရိမင်္ဂလာရပ်ကွက်၊ ၁၇ လမ်းမှာ ဇူလိုင် ၁၉ ရက် မနက် ၁၀ နာရီလောက်က မြစ်ရေတက်ချိန် တနှစ်ခွဲအရွယ် ကလေးငယ် မဆုပန်ထွာ နေအိမ်ပေါ်က ပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတဦးက “အခု ဇူလိုင် ၁၉ ရက် ညနေအထိ မော်လမြိုင်မြို့ သီရိမြိုင် ၈ လမ်း အောက်ပိုင်းမှာ ကလေးနှစ်ယောက် ထပ်မံ ရေနစ်နေပါတယ်။ ရေထဲမြုပ်ပြီး ပျောက်ဆုံးသွားလို့ ရှာဖွေကယ်ဆယ်ရာ အသက်မရှိတော့ဘူး” လို့ ပြောပါတယ်။
မိုးသည်းထန်မှုကြောင့် ပေါင်မြို့နယ်မှာလည်း နေရာအများအပြားမှာ တောင်ကျရေတွေကြောင့် ကားလမ်းရေကျော်နေသလို မွန်ပြည်နယ်အတွင်း မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ် စတဲ့မြို့နယ်တွေမှာ ကားလမ်းရေကျော်ပြီး တောင်ပြိုတာတွေလည်း ဖြစ်ပွားနေကာ ထိခိုက်ဒဏ်ရာရသူ ၂ ယောက် ရှိပါတယ်။
မွန်ပြည်နယ်မှာ အခုရက်ပိုင်း မြစ်ရေကြီးရေလျှံမှုတွေကြောင့် လူ ၄ ယောက် သေဆုံးထားရာမှာ ကလေး ၃ ယောက်ပါဝင်ပြီး လူ ၂ ယောက် ထိခိုက်ဒဏ်ရာရထားတယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးသမားတဦးက ပြောပါတယ်။
“အခုရက်တွေ မိုးများတယ်။ မွန်ပြည်နယ်အတွင်းမှာ လူနေအိမ်တွေရေမြှုပ်၊ ကားလမ်းတွေ ရေကျော်တာ၊ လူတွေသေတာ ထိခိုက်ဒဏ်ရာရတာ တောင်ပြိုတာတွေနဲ့ ကြုံရတယ်။”
မော်လမြိုင်မြို့နယ်၊ မော်လမြိုင်-ဘားအံကားလမ်းဘေး၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ အတ္ထရံတံတားထိပ်မှာ မနေ့မနက်က အဆောက်အဦ အုတ်တံတိုင်းပြိုကျလို့ လူ ၂ ယောက် ပိတ်မိနေခဲ့လို့ ကယ်ထုတ်ပြီး မော်လမြိုင်ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ဥယျာဉ်လမ်းမှာ ရေကြီးရေလျှံလို့ ဒေသခံပြည်သူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရသလို မုဒုံမြို့နယ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့မ ၄ ရပ်ကွက်၊ အုတ်ကျင်းရပ်ရှိ ရေဝင်တဲ့နေအိမ်တွေက မိသားစုတွေကို ဘုန်းကြီးကျောင်းဆီ ကူညီရွှေ့ပြောင်းပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ နှစ်ပေါင်း ၇၁ နှစ်အတွင်း ဇူလိုင်လရဲ့ မိုးရေချိန် စံချိန်သစ် တင်သွားခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မော်လမြိုင်မှာ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၇ ရက်က စံချိန်ဟောင်း မိုးရေချိန်လက်မဟာ ၁၁ ဒသမ ၈၅ ရှိပြီး အခုနှစ် ဇူလိုင် ၁၉ ရက်နေ့ရဲ့ မိုးရေချိန်စံချိန်သစ်က ၂၂ ဒသမ ၇၅ ဖြစ်တဲ့အတွက် နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ ထပ်မံစံချိန်တင်သွားခဲ့တာ ဖြစ်ပါတယ်။
အခုရက်တွေမှာ မိုးရွာသွန်းမှု အားကောင်းလာသလို မိုးသက်လေပြင်း တိုက်ခတ်မှုတွေကြောင့် အနိမ့်ပိုင်းက လူနေအိမ်တွေမှာ တောင်ပြိုတာတွေ မြစ်ရေကြီးမှုတွေ ဖြစ်လာနိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။










