DVB Logo
Home
Lead Story
ဘရာဇီးမှာ အမျိုးသမီးတွေ ဘောလုံးကစားခွင့် ပိတ်ပင်ခံခဲ့ရစဉ်အခါက 
DVB
·
July 20, 2023
ဘရာဇီးမှာ အမျိုးသမီးတွေ ဘောလုံးကစားခွင့် ပိတ်ပင်ခံခဲ့ရစဉ်အခါက 
Donate to DVB

ဒယ်လ်မာမန်ဒက်စ်ဟာ ကလေးဘဝတုန်းက ဘယ်နှကြိမ်အဖမ်းခံခဲ့ရလဲဆိုတာ မမှတ်မိ‌တော့ပါဘူး။ သူရဲ့ ပြစ်မှုကတော့ ဘရာဇီးမှာ ဘောလုံးကစားတာကြောင့်ပါ။

ဘရာဇီးနိုင်ငံဟာ လှပတဲ့ ဘောလုံးကစားနည်းနဲ့ ထပ်တူကျနေပေမဲ့  ၁၉၇၉ ခုနှစ်အထိ ဆယ်စုနှစ် ၄ ခု နှစ်ပေါင်း ၄၀ နီးပါး အမျိုးသမီးတွေကို ဘောလုံးကစားခွင့် ပိတ်ပင်ထားခဲ့ဖူး ပါတယ်။

ဇူလိုင် ၂၀ ရက် ဒီနေ့ သြစတြေးလျနဲ့ နယူးဇီလန်မှာ အိမ်ရှင်အဖြစ်  စတင်ကျင်းမယ့် ဖီဖာအမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာတော့ ဘရာဇီးအမျိုးသမီးလက်ရွေးစင် အသင်း ဝင်ရောက်ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။

ဒီမတိုင်မီဟိုးအရင်တုန်းကတော့ ဘရာဇီးမှာ အမျိုးသမီး ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ မန်ဒက်စ်က ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကို ပြန်ပြောပြခဲ့ပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်းက ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းက ဆင်းရဲနွမ်းပါးတဲ့ မန်ဒက်စ်ဟာ  သူနဲ့အတူ ဘောလုံးကန်တဲ့ ယောက်ျားလေးတွေကို ရေခဲမုန့်ကျွေးပြီး  ရဲတွေလာဖမ်းတဲ့အခါမှာ သူ့ကို ကြိုတင်သတိပေးဖို့ ပြောထားလို့ အဖမ်းမခံရပဲ လွတ်မြောက်ခဲ့ပါတယ်။

တားမြစ်ချက်မလိုက်နာဘဲ ဘောလုံးကန်နေတဲ့  မိန်းကလေးတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့အတွက် ရောက်ရှိလာတဲ့အခါ သူဟာ ကွင်းဘေးမှာ တွင်းတတွင်းတူးပြီး ပုန်းအောင်းနေခဲ့ရကာ ရဲတွေပြန်သွားတဲ့အချိန်ကျမှ ယောက်ျားလေးသူငယ်ချင်းတွေနဲ့အတူ ဘောလုံးဆက်ကန်ဖို့ ထပ်မံ ထွက်လာခဲ့ပါတယ်။

တခါတလေမှာတော့ သူရဲ့ကြိုတင်ကာကွယ်မှုအားလုံး မအောင်မြင်ဘဲ ရဲစခန်းကို ခေါ်ဆောင်သွား ခံခဲ့ရပါတယ်။

ခုအသက် ၅၉ နှစ်အရွယ် မန်ဒက်စ်က “ကျမ ငယ်ငယ်တုန်းက အမှားလုပ်မိသူတွေကို ရဲတွေက တားခဲ့တယ်လို့ထင်ရပေမဲ့ အမှားလုပ်မိတယ်လို့ မခံစားရပါဘူး”လို့ AFP  သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“ရဲတွေက ကျမကို ကောင်းကောင်း ဆက်ဆံပေမဲ့၊ ဘောလုံးက အမျိုးသားတွေအတွက်ဆိုတော့ ကစားလို့မရဘူးလို့ တချို့က ပြောကြတယ်။"

အဲ့ဒီအချိန်က ဘရာဇီး သမ္မတ ဂက်တူလီအိုဗာဂတ်စ်ဟာ မိန်းကလေးတွေနဲ့အမျိုးသမီးတွေ ဘောလုံးကစားတာကို တားမြစ်ဖို့ ၁၉၄၁ ခုနှစ်မှာ အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး အားကစားမှာ ပါဝင်ကစားတာဟာ ကလေးမွေးဖွားနိုင်မှုကို အဟန့်အတားဖြစ်စေတယ်လို့ လူအများက ယုံကြည်ခဲ့ကြပါတယ်။

ဒီအမိန့်ဟာ အမျိုးသမီးတွေကို "သူတို့ရဲ့ သဘာဝအခြေအနေတွေနဲ့မကိုက်ညီတဲ့ အားကစားတွေ" လေ့ကျင့်တာကို တားမြစ်ထားပါတယ်။

တိကျတဲ့ အရေးယူမှုတွေ မဖော်ပြထားဘဲ ဘောလုံးကန်တဲ့ပြစ်မှုကျူးလွန်တဲ့ အမျိုးသမီးတွေကို  ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ဆုံးဖြတ်ဖို့ ရဲအရာရှိတယောက်ချင်းစီကို လုပ်ပိုင်ခွင့်ပေးထားပါတယ်။

ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ်တို့လိုတခြားနိုင်ငံတွေရဲ့ ဘောလုံးအသင်းတွေဟာ အမျိုးသမီးတွေ ကစားတာကို တားမြစ်ထားပေမဲ့ ဘရာဇီးနိုင်ငံ တခုတည်းမှာသာ ဥပဒေအရ တားမြစ် အမိန့်ချမှတ်တာဖြစ်ပါတယ်။  ဒီအမိန့်ဟာ ၁၉၇၉ ခုနှစ်အထိ ဘရာဇီးမှာ တည်ရှိခဲ့ပါတယ်။

မန်ဒက်စ်လို အမျိုးသမီးတွေ အများအပြား ဆက်လက်ကစားနေကြပေမဲ့ ၃၈ နှစ်ကြာ တားမြစ်ထားတဲ့ ဒီတားမြစ်ချက်ဟာ ဘရာဇီးအမျိုးသမီးတွေကြားမှာသူတို့ရဲ့ အမျိုးသားတွေက ကမ္ဘာ့ဖလား ၅ ကြိမ်ကနေ ၃ ကြိမ်အထိ ရယူနိုင်ခဲ့တဲ့ ကာလတစ်ခုအတွင်း အားကစားတိုးတက်မှုကို တုန်လှုပ်သွားစေခဲ့ပါတယ်။

အမျိုးသမီးတွေကို အိမ်တွင်းနေရာအတွက် သီးသန့်ထားတဲ့ မိခင်ပုံစံအဖြစ်နဲ့ပဲ ရှုမြင်ခဲ့ကြတဲ့ လူမှုရေးအရ ရှေးရိုးဆန်တဲ့ အချိန်ကာလမှာ ဒီတားမြစ်ချက်ဟာ အားကစားကွင်းမှာ သူတို့ရဲ့ အစွမ်းအစကို စိန်ခေါ်တဲ့ အသွင်ဆောင်တယ်လို့ ဘရာဇီး အားကစားသုတေသီ ဆယ်လ်ဗာနာဂိုးလ်နာက ပြောပါတယ်။

တားမြစ်အမိန့်ကို ဖောက်ဖျက်ကျူးလွန်တဲ့အတွက် ထောင်ဒဏ်ကျခံရတဲ့ အမျိုးသမီးတွေရဲ့ မှတ်တမ်းမရှိပေမဲ့ သူတို့ကို ဖမ်းဆီးစစ်ဆေးမေးမြန်းပြီးမှသာ ပြန်လည်လွှတ်ပေးတာဖြစ်ပါတယ်။ အတော်များများက အဖမ်းခံရမယ်လို့ခြိမ်းခြောက်နေပေမဲ့  ကစားတာကို တခါမှ မရပ်တန့်ခဲ့ဘူးလို့ ဂိုးလ်နာက ပြောကြားခဲ့ပါတယ်။ 

“သူတို့က တားမြစ်ထားတဲ့ ဥပဒေကို ကျော်လွှားဖို့ ဗျူဟာတွေ ဖန်တီးပါတယ်။ တချို့က အမျိုးသားတွေလို ၀တ်ဆင်ကြပြီး တချို့က ညဘက်မှာ ဒါမှမဟုတ် လူမြင်ကွင်းက မမြင်နိုင်တဲ့ နေရာတွေမှာ ကစားကြပါတယ်။ ဖြိုခွင်းခံရတဲ့အခါမှာသူတို့ကို လိုက်ရှာတဲ့သူတွေကို စိတ်ထွေပြားသွားအောင် လမ်းကြောင်းအမျိုးမျိုးခွဲပြီး‌ထွက်ပြေးကြပါတယ်။”

မန်ဒက်စ်ဟာ ရဲစခန်းမှာထိုင်ပြီး သူရဲ့ စိတ်အားထက်သန်မှုကို ပံ့ပိုးပေးတဲ့ သူ့ရဲ့အဖေလာခေါ်ဖို့ ဆုတောင်းမိတာကို သတိရသေးတယ်လို့ ဆိုပါတယ်။

“အိမ်ပြန်ရောက်တာနဲ့ မင်းအမေနဲ့ ညီအစ်ကိုတွေက မင်းကို ရိုက်နှက်မယ်။ ဒါပေမဲ့ နောက်နေ့ ပြန်ကစားဖို့ အဆင်သင့်ဖြစ်နေရမယ်” လို့ မန်ဒက်စ် က ပြန်ပြောပြပါတယ်။

"ဒီလို ရက်စက်တဲ့ ဖြစ်စဉ်ကြောင့် သူငယ်ချင်း တော်တော်များများ ဘောလုံးကစားတာကနေ ထွက်သွားတာကို ကျမတွေ့ခဲ့ရတယ်။"

၁၉၉၅ ခုနှစ်မှာ ကစားသမားအဖြစ်ကနေ အနားယူပြီးနောက် မန်ဒက်စ်ဟာနည်းပြဘ၀ကို စတင်ခဲ့ပြီး ဘရာဇီးအမျိုးသမီးအသင်းရဲ့ ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း ဖော်မီဂါကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သူဟာ ၂၀၁၉ ခုနှစ် ၇ ကြိမ်မြောက်ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ ဘရာဇီးအမျိုးသမီးအသင်းကို  အောင်ပွဲခံဖို့လည်း သင်ကြားနည်းပြပေးခဲ့ပါတယ်။

ဘရာဇီးမှာ အခွင့်အရေးမရှိတဲ့ ကစားသမားကောင်းတွေ ရှိခဲ့ပြီး တောင်အမေရိကနိုင်ငံက အမျိုးသမီးဘောလုံးလောကရဲ့ သမိုင်းဝင်မှတ်တမ်းတစ်ခုဖြစ်တဲ့ "ရက်စက်ကြမ်းကြုတ်တဲ့" ပိတ်ပင်မှုရဲ့ နောက်ကွယ်မှာ မန်ဒက်စ်က ငိုကြွေးမြည်တမ်းခဲ့ဖူးပါတယ်။

ဒါပေမဲ့ ခုတော့ အခြေအနေတွေ ပြောင်းလဲသွားခဲ့ပြီး ဘရာဇီးလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းဟာ ၉ ကြိမ်မြောက် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေပါတယ်။

သူတို့ဟာ တခြားကစားသမား‌တွေထက် ကမ္ဘာ့ဖလားဂိုး ၁၇ ဂိုး ပိုမိုသွင်းယူထားတဲ့ ဝါရင့်အသင်းခေါင်းဆောင် မာတာရဲ့ ဦးဆောင်မှု အောက်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်ကစတင်ပြီး  ဘရာဇီးအမျိုးသမီးအသင်းရဲ့ အကောင်းဆုံးပွဲကတော့ ၂၀၀၇ ခုနှစ်မှာ ဂျာမနီကို ဖိုင်နယ်မှာ အနိုင်ရခဲ့တဲ့ ပွဲပဲဖြစ်ပါတယ်။

ဘာသာပြန်သူ - လီလီ

Ref-APF / Rodrigo ALMONACID 

(APF သတင်းဌာနမှာ  Rodrigo ALMONACID ရေးသားထားတဲ့   “Against their nature': When Brazil banned women from football” ဆောင်းပါးကို ဘာသာပြန်ဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013