DVB Logo
Home
မြန်မာသတင်း
NUG က ကြားကာလဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်
DVB
·
July 20, 2023
NUG က ကြားကာလဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်
Donate to DVB

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ကြားကာလဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ကို ဖွဲ့စည်းတာဝန်အပ်နှင်းလိုက်တယ်လို့ ဇူလိုင် ၁၉ ရက်စွဲနဲ့ ကြေညာပါတယ်။

ကြားကာလဗဟိုဘဏ် ဥက္ကဋ္ဌ ဦးတင်ထွန်းနိုင်က  ဒါရိုက်တာအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမင်းဇေယျာဦး၊ ဒါရိုက်တာအဖွဲ့ဝင်တွေအဖြစ် Dr. Johnny Ahtang နဲ့ ဦးအောင်ပိုင် တို့ကို တာဝန်ပေးအပ်လိုက်တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းကို ထိန်းကျောင်းဖို့နဲ့ အများပြည်သူပိုင် နိုင်ငံခြားအရန်ငွေကို အကြမ်းဖက်လုပ်ရပ်‌တွေမှာ သုံးနေတာကနေ တားဆီးဖို့အတွက် NUG အစိုးရက စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကို ကြားကာလဗဟိုဘဏ် (Interim Central Bank) အဖြစ် ပြီးခဲ့တဲ့ ဇွန် ၁ ရက်မှာ အာဏာအပ်နှင်းထားတာပါ။

ဒီအတွက် ယာယီသမ္မတ ဒူဝါလရှီးလက ဥပဒေလိုအာဏာတည်တဲ့အမိန့်ကို ထုတ်ပြန်ပြီး နိုင်ငံတကာနဲ့ ဒေသတွင်း ဗဟိုဘဏ်‌တွေနည်းတူ ဗဟိုဘဏ်တရပ်အနေနဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဗဟိုဘဏ်က ထိန်းချုပ်ထားတဲ့ ဘဏ်တွေဟာ ဘဏ်တခုအနေနဲ့ စောင့်ထိန်းရမယ့် အပ်ငွေအပ်နှံသူ ပြည်သူ‌တွေရဲ့ အကျိုးစီးပွားကို မကြည့်ရှုဘဲ အကြမ်းဖက် စစ်တပ် အလိုကျ ဆောင်ရွက်ခဲ့ကြတဲ့အတွက် ပြည်သူ နစ်နာဆုံးရှုံးမှု‌တွေ ခံစားနေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အများပြည်သူပိုင် နိုင်ငံခြားအရန်ငွေတွေကိုလည်း ပြည်သူ‌တွေကို အကြမ်းဖက် သတ်ဖြတ်ရာမှာသုံးတဲ့ လေယာဉ်ဆီ အပါအဝင် လက်နက်နဲ့ လက်နက် ထုတ်လုပ်ရေး ပစ္စည်း‌တွေ ဝယ်တာမှာ သုံးစွဲနေတာကြောင့် ပြည်သူ‌တွေရဲ့ နစ်နာဆုံးရှုံးတာ‌တွေကို အချိန်မီကုစားနိုင်ဖို့အတွက်လို့လည်း ဆိုပါတယ်။

ကြားကာလဗဟိုဘဏ်အနေနဲ့ ဘဏ်နဲ့ ငွေရေးကြေးရေး အဖွဲ့အစည်း လိုင်စင်လျှောက်ထားလာတဲ့ အဖွဲ့အစည်း၊ ကုမ္ပဏီတွေကို စိစစ်ပြီး လုပ်ငန်းလိုင်စင်ထုတ်ပေးဖို့၊ တာဝန်‌တွေကို ဆောင်ရွက်ရာမှာလိုအပ်တဲ့ အမိန့်၊ စည်းမျဉ်း၊ စည်းကမ်း၊ ကြေညာချက်တို့ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ပြန်ဖို့ လုပ်ပိုင်ခွင့်ပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013