Home
မြန်မာသတင်း
ကနီနှင့် တမူးမြို့တို့တွင် အာဇာနည်နေ့အခမ်းအနား ပြုလုပ်၊ ပျူရွာကို ဒရုန်းဖြင့်တိုက်ခိုက်
DVB
·
July 19, 2023

စစ်ကိုင်းတိုင်း၊ ကနီမြို့အခြေစိုက် ယင်းမာပင်ခရိုင် တပ်ရင်း-၂၁၊ ၂၂၊ ၂၃ (KLG PDF ကျောက်လုံးကြီး) အဖွဲ့က ၇၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အလံတဝက်ချ အလေးပြုခဲ့ကြပြီး ကနီမြို့နယ်ထဲက ​ပျူစောထီးရွာကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

ဇူလိုင် ၁၉ ရက် ဒီနေ့မနက် အစောပိုင်း အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်ရေးပြအခမ်းအနားနဲ့ အလေးပြုခဲ့ကြပြီး မနက် ၁၁ နာရီလောက်မှာ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းကာ Shar Htoo Waw Drone နည်းပညာ (မောင်းသူမဲ့လေယာဉ်) အသုံးပြုပြီး အလယ်ကျွန်းပျူရွာကို 1KG ဗုံးသီး ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ် ယင်းမာပင်ခရိုင် တပ်ရင်း-၂၁၊ ၂၂၊ ၂၃ (KLG PDF ကျောက်လုံးကြီး) ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ ပျူရွာဆိုတော့ သေဆုံးဒဏ်ရာရတာတွေကိုတော့ သတင်းမရဘူး။ မနက်ပိုင်း အလေးပြုအခမ်းအနားအပြီးမှာ တိုက်ခိုက်ခဲ့တာပါ။ မိဘပြည်သူတွေကို ဒရုန်းနဲ့ ဒရုန်းဗုံးသီးတွေ ပြုလုပ်ဖို့ ရန်ပုံငွေအခက်အခဲ ရှိနေလို့ ဝိုင်းဝန်းကူညီထောက်ပံ့ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ။”

တိုက်ခိုက်မှုတွေကိုတော့ ယင်းမာပင်ခရိုင် တပ်ရင်း-၂၁၊ ၂၂၊ ၂၃ (KLG PDF ကျောက်လုံးကြီး) အဖွဲ့နဲ့အတူ Northern Tigers Group Sagaing Region အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအပြီးမှာ ပျူစောထီးတွေဘက်က အထိအခိုက် ရှိနိုင်ပေမဲ့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

လက်ရှိမှာတော့ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း-၂၁၊ ၂၂၊ ၂၃ (KLG PDF ကျောက်လုံးကြီး) အဖွဲ့က ရန်ပုံငွေလိုအပ်ချက်တွေ ရှိနေတဲ့အတွက် ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်ကလည်း ကနီမြို့နယ်ထဲက ဘန့်ဘွေးကုန်းပျူရွာက စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့လို့ ဒရုန်းတစီး ဆုံးရှုံးခဲ့ရပြီး ဒရုန်းဗုံးသီးကတော့ ပျူစောထီး ဗိုလ်အဆင့်ရှိသူရဲ့ နေအိမ်ကို ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့၊ ကဘော်ချိုင့်ဝှမ်းဒေသက NUG ထိန်းချုပ်နယ်မြေမှာ National Liberation Army အဖွဲ့က ဦးစီးပြီး အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဇူလိုင် ၁၉ ရက် ဒီနေ့ကျရောက်တဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ပြည်သူ့ရဲတပ်ဖွဲ့နဲ့အတူ ကျေးရွာဒေသခံတချို့ တက်ရောက်ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင် ၉ ဦး ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် အလေးပြု ငြိမ်သက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

NLA တာဝန်ရှိသူတဦးက‌ “NLA တပ်တော် ဂုဏ်ပြုတပ်ဖွဲ့ ဦးစီးတာဝန်ခံနဲ့ ပြည်သူ့ရဲတပ်ဖွဲ့က လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြတယ်။၊ အာဇာနည် ၉ ဦးနဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် ရည်စူး ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

၇၆ နှစ်မြောက် အာဇာနည်နေ့မှာ နိုင်ငံတဝန်း တော်လှန်ရေးတပ်ဖွဲ့တွေက ဦးဆောင်ပြီး အာဇာနည် ၉ ဦးနဲ့တကွ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် အထိမ်းအမှတ် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024