
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဇူလိုင် ၁၈ ရက် မနက်ပိုင်းက စစ်ကောင်စီကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၇ ယောက် သေဆုံးခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၄၊ တပ်ခွဲ-၁ CAF-Spu PDF ကနေ သိရပါတယ်။
ဆိပ်ဖြူမြို့နယ် ဆိပ်ဖြူ-ဆော ကားလမ်းမှာ ဇူလိုင် ၁၈ ရက် မနက် ၉ နာရီ မိနစ် ၂၀ လောက်က ဆိပ်ဖြူမြို့ဘက်ကနေ ကန်ဇွန်းမနားက စစ်ကောင်စီ ခြေလျင်တပ်ကိုသွားတဲ့ အနက်ရောင် အိမ်စီးကား ၂ စီးအနက် စစ်ကောင်စီတပ်သား ၇ ယောက် လိုက်ပါလာတဲ့ နောက်ကကားကို ပဒေသာမိုင်း ၅ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ CAF-Spupdf တာဝန်ခံ မင်းရဲဆက်က ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီကား ၂ စီးအနက် ရှေ့ကားမှာက စစ်ကောင်စီတပ်သား ၄ ယောက် လိုက်ပါလာပြီး ရှေ့ကားကို မဆွဲလိုက်ဘဲ နောက်ကကားကို မိုင်းဆွဲလိုက်တာ။ အဲဒီကားပေါ်မှာ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား ၇ ယောက်လုံး သေဆုံးကာ ကားကလည်း သုံးမရအောင် ပျက်စီးသွားတယ်။ ရှေ့ကားမှာပါတဲ့ စစ်ကောင်စီတပ်သားတွေက ကားရပ်ပြီး သေနတ်အတိုတလက် အရှည်တလက်နဲ့ ကားခေါင်းထဲကနေ ပြန်ပစ်တာကြောင့် ကျနော်တို့ရဲဘော်တွေ မိုင်းဆွဲပြီး လွတ်ရာကျွတ်ရာကို ထွက်ပြေးခဲ့ရတယ်။ စစ်ကောင်စီတပ်သား အလောင်းတွေနဲ့ ကားစုတ်ကိုတော့ ဆိပ်ဖြူမြို့ဘက်ကို ပြန်သယ်သွားကြတယ်။”
အဲဒီတိုက်ခိုက်မှုကို မြေလတ်ပကဖနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး သတင်းပေါက်ကြားမှာစိုးလို့ လက်နက်တွေ ထုတ်မပေးလိုက်ဘဲ ခရီးသွားဟန်လွဲ ပုံစံမျိုး မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သူတို့ဘက်က လက်နက်ခဲယမ်းတွေကိုတော့ မသိမ်းဆည်းနိုင်ခဲ့ဘဲ ရဲဘော်တွေ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အလားတူ မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသနဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အစပ်မှာ ဇူလိုင် ၁၆ ရက်နဲ့ ၁၈ ရက်နေ့တွေက စစ်ကောင်စီယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး အယောက် ၈၀ ထက်မနည်း သေဆုံးကာ PDF ပကဖရဲဘော် ၅ ယောက် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က မေ ၁၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
ဆောမြို့နယ်၊ လောင်းရှည်ဒေသကနေ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို မဆွာတီနဲ့ လွဲလည်းကျင်းကြား သုံးထပ်ကွေ့ အရောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅၀ ထက်မနည်း သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကလည်း ဂျက်ဖိုက်တာ ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ လောင်းရှည်မြို့အထိ သယ်သွားကြတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲဒီ စစ်ကောင်စီယာဥ်တန်းကို ဇူလိုင် ၁၈ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ရင်းကဲရွာနားက ယွင်းချောင်းဘက်မှာ ဒုံးကျည်တွေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃၀ ဦးထက်မနည်း သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲ ၂ ကြိမ်အတွင်းမှာ စစ်ကောင်စီဘက်က ၈၀ ထက်မနည်း သေဆုံးဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား ၂ ယောက်၊ ပကဖ ၃ ယောက် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အတွက် အသက်ပေးလှူခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF၊ ဂန့်ဂေါခရိုင် တပ်ရင်း-၃၊ ၅၊ ၆၊ မကွေးခရိုင် တပ်ရင်း-၁၊ မင်းဘူးခရိုင် တပ်ရင်း-၁၊ ၃၊ ၄၊ ၆၊ စလင်းပကဖနဲ့ CDF ခေါနုတပ်ခွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။










