DVB Logo
Home
နိုင်ငံတကာ
MFP ပါတီခေါင်းဆောင် ဖိထားကို လွှတ်တော်အမတ်အဖြစ်မှ ယာယီရပ်စဲ၊ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခွင့် မရတော့ 
DVB
·
July 19, 2023
MFP ပါတီခေါင်းဆောင် ဖိထားကို လွှတ်တော်အမတ်အဖြစ်မှ ယာယီရပ်စဲ၊ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခွင့် မရတော့ 
Donate to DVB

ဝန်ကြီးချုပ်အဖြစ် ထပ်မံအရွေးခံရဖို့ ပြင်ဆင်နေတဲ့ Move Forward ပါတီ ခေါင်းဆောင် ထိမ်းဖိထားလိမ့်ကျရွန်းရတ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက သူ့အပေါ် စွပ်စွဲထားတဲ့ အမှုတွေစစ်ဆေးလို့ မပြီးပြတ်မချင်း လွှတ်တော်အမတ်ရဲ့တာဝန်ဝတ္တရားမှ ယာယီရပ်စဲထားဖို့ ဇူလိုင် ၁၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဖိထားဟာ လွှတ်တော်ဥပဒေက ကန့်သတ်ထားတဲ့ မီဒီယာလုပ်ငန်းမှာ ရှယ်ယာဝင်ထားတာ၊ အရည်အချင်းမပြည့်မီဘဲ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံတာ၊  ဘုရင်စနစ်နဲ့ ပတ်သက်တဲ့ အခြေခံဥပ‌ဒေပြင်ဆင်ဖို့ ကြိုးစားတာ စတဲ့ အချက်တွေနဲ့ ငြိစွန်းနေတယ်လို့  တိုင်ကြားစားရထားတဲ့အတွက် အခြေခံဥပဒေခုံရုံးအနေနဲ့ စစ်ဆေးစီရင်ဆုံးဖြတ်ဖို့  ထိုင်းရွေး ကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ 

ဇူလိုင် ၁၃ ရက်က သူဟာ ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်နေရာအတွက် ပြိုင်ဘက်မရှိ တစ်ဦးတည်းဝင်ရောက်အရွေးခံရပေမယ့်  စစ်အစိုးခန့် အထက်လွှတ်တော်အမတ် ၂၅၀ ယောက်ထံက ထောက်ခံမဲတွေ မရခဲ့လို့ မအောင်မြင်ခဲ့ပါဘူး။ 

ဒီကနေ့ ဇူလိုင် ၁၉ မှာ ဒုတိယအကြိမ် ထပ်မံရွေးချယ်တင်မြှောက်ဖို့ ပြင်ဆင်ခဲ့ပေမဲ့ စစ်တပ်ခန့် အထက်လွှတ်တော်အမတ်တွေနဲ့ အရင်အာဏာဟောင်းကို ဖက်တွယ်ထားလိုတဲ့ အောက်လွှတ်တော်အမတ်တွေက သဘောမတူဘဲ ကန့်ကွက်နေခဲ့ကြလို့ မနေ့ကရော ဒီကနေ့မှာပါ လွှတ်တော်တွင်း အခြေအတင် ဖြစ်နေကြတာပါ။

အဲဒီအခြေအနေမှာပဲ အခြေခံဥပဒေတရားရုံးက ဖိထားကို လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ယာယီရပ်စဲကြောင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဖိထားဟာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံလို့ မရတော့တာကြောင့် လွှတ်တော်ကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ 

စွပ်စွဲခံထားရတဲ့ အမှုတွေ ပြစ်မှုမြောက်ကြောင်း စီရင်ဆုံးဖြတ်ခံရပါက ဖိထားအနေနဲ့ လွန်ခဲ့တဲ့ ၄ နှစ်ကာလ လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ရယူထားတဲ့ လစာတွေအားလုံး အစိုးရကို ပြန်သွင်းရမှာဖြစ်ပြီး နိုင်ငံရေးပါတီထဲ လှုပ်ရှားခွင့် ၁၀ နှစ်တာ ရပ်စဲခံရမှာဖြစ်ပါတယ်။  ဒါ့အပြင် သူ လက်မှတ်ထိုးထောက်ခံခဲ့တဲ့ MFP ပါတီအမတ်တွေအားလုံးလည်း တရားမဝင်ဖြစ်ပြီး အခန့်မသင့်က ပါတီပါ ဖျက်သိမ်းခံရနိုင်တယ်လို့  နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ 

ဖိထားကတော့ ရွေးကောက်ပွဲကော်မရှင်ဟာ သူ့ကို တိုင်ကြားထားတဲ့အမှုတွေနဲ့ ပတ်သက်လို့  ကာယကံရှင်ကို အကြောင်းကြားတာ၊ ခေါ်ယူမေးမြန်းတာ၊ ဖြေရှင်းခွင့်မပေးဘဲ အခြေခံဥပဒေတရားရုံးကို ဆက်လက်လျှောက်ထားတာဟာ ဥပဒေမဲ့လုပ်ရပ် ဖြစ်တယ်၊ တရားမျှတမှုမရှိဘူးလို့ သတင်းဌာနတွေကို ဖြေကြားထားပါတယ်။ 

လူ့အခွင့်အရေးရှေ့နေတွေကလည်း ရွေးကောက်ပွဲကော်မရှင်ဟာ ဖိထားရဲ့အမှုကိရဲ့ အမှုကို လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုကို သေချာမစစ်ဆေးဘဲ ဥပဒေတရားရုံးကို ဆက်ပြီးလျှောက်ထားတာဟာ အဂတိမှု၊ တာဝန်လစ်ဟင်းမှု ဖြစ်တယ်ဆိုပြီး ရာဇဝတ်မှု တရားရုံးကို တိုင်ကြားထားပါတယ်။

အမျိုးသားလွှတ်တော်‌ရှေ့မှာ ဖိထားကို လာရောက်ဝန်းရံအားပေးနေသူတွေဟာ အဆိုပါ သတင်းကို ကြားသိရတဲ့နောက် လက်မခံနိုင်ဘဲ ဒေါသတကြီးနဲ့  အော်ဟစ် ဆန္ဒပြနေကြပါတယ်။ ရဲတွေကလည်း ဆန္ဒပြသူတွေကို အေးဆေးစွာအိမ်ပြန်ကြဖို့ မေတ္တာရပ်ခံနေပြီး တဘက်ကလည်း လူအုပ်ကြီး ရှေ့ဆက်မတိုးဖို့ ရာနဲ့ချီတန်းစီ စောင့်ဆိုင်းနေကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013