Home
မြန်မာသတင်း
စစ်အာဏာရှင်၏ အကြမ်းဖက်ဖိနှိပ်မှုကို အာဇာနည်စိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်နေ 
DVB
·
July 19, 2023

လူမဆန်တဲ့ စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက် ဖိနှိပ်ချုပ်ချယ်မှုတွေကို တိုင်းရင်းသားပြည်သူလူထု အားလုံးက ခေါင်းငုံ့မခံ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ကို ပဓာနမထားဘဲ တိုက်ပွဲဝင်နေကြသလို အာဇာနည်ခေါင်းဆောင် ၉ ဦး စိတ်ဓာတ်အပြည့်နဲ့ အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေး တွဲလက်ညီညီ တိုက်ပွဲဝင်နေကြတယ်လို့ CRPH က ကြေညာပါတယ်။

ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ၊ နွေဦးတော်လှန်ရေးမှာ ဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေနဲ့ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး၊ တိုင်းပြည်နဲ့ လူမျိုးလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်းကိုလည်း ဂုဏ်ပြု ဦးညွှတ်တယ်လို့  CRPH က ကြေညာပါတယ်။

ဇူလိုင် ၁၉ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)က သဝဏ်လွှာပေးပို့ရာမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မပြီးပြတ်ခဲ့တဲ့ အာဏာရှင်စနစ် ပျက်သုဉ်းရေးလုပ်ငန်းစဉ်တွေကို တိုင်းရင်းသားပြည်သူတွေ၊ တော်လှန်ရေး အင်အားစုတွေအားလုံးက တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိနဲ့ စည်းလုံးညီညွတ်စွာ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ လည်း CRPH ကတိုက်တွန်းနှိုးဆော်ပါတယ်။

တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် အပေါင်းတို့ရဲ့ ကျေးဇူးကိုသိပြီး အမှန်တကယ် လေးစားမြတ်နိုးတန်ဖိုးထားကြတယ်ဆိုရင် အာဇာနည်ကြီးတွေရဲ့ အသက်၊ သွေး၊ ချွေးတို့နဲ့ ရယူပေးခဲ့တဲ့ လွတ်လပ်ရေးကို ရေရှည်တည်တံ့အောင် နိုင်ငံသားအားလုံးက ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြရမယ်လို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကလည်း ဇူလိုင် ၁၉ ရက် ၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ အမှတ်တရစကား ပြောကြားရာမှာ ကိုလိုနီလွတ်မြောက်ရေး ကြိုးပမ်းမှုကာလက အာဇာနည်ခေါင်းဆောင်တွေကို အမှတ်သင်္ကေတပြုပြီး ခေတ်ဆက်ဆက် တိုင်းပြည်နဲ့ လူထုအပေါ် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြတဲ့ သူရဲကောင်းတွေကိုလည်း တပါတည်း ဦးညွှတ် ဂုဏ်ပြုကြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
“ဗမာပြည်မက နိုင်ငံရေးအထင်ကရ ခေါင်းဆောင်မှုမှာ ပါဝင်သူတွေတင်မက သမိုင်းမှာ တိမ်မြုပ်အောင် ဖုံးဖိခံထားရတဲ့ လူမျိုးစု အာဇာနည် ခေါင်းဆောင် အများအပြားလည်း ရှိနေပါသေးတယ်။ ဒါကို ကျနော်တို့ ယနေ့ ကျရောက်တဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ ပြန်လည်သတိပြု ဆင်ခြင်မိကြဖို့ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ အတိတ်သမိုင်းမှာ ဖုံးဖိခံထားရတဲ့ လူမျိုးစုအာဇာနည်ခေါင်းဆောင်တွေကို ပြန်လည် အောက်မေ့သတိရကြဖို့ အလေးအနက်ထား တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ခေါင်းဆောင်မှုတာဝန်ကိုယူခဲ့မှ အာဇာနည်ခံထိုက်တယ်လို့ မယူဆစေချင်ဘဲ တချို့ အာဇာနည်ပုဂ္ဂိုလ်တွေဟာ ဦးစီးဦးဆောင်သူနေရာမှာ မဟုတ်ခဲ့ပေမယ့် နောက်လိုက်ကောင်းပီသစွာနဲ့ သာမန်ရဲဘော်ရဲဘက်အဖြစ် တိုင်းပြည်နဲ့ လူထုအကျိုးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။
အဲဒီထဲက လူလက်တဆုပ်စာလောက်ကပဲ သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို သိခွင့်ရခဲ့ပြီး လူထုတရပ်လုံးက သတိမထားမိကြတဲ့ အာဇာနည်သူရဲကောင်းတွေလည်း အမြောက်အမြားရှိတယ်ဆိုတာ သတိရကြဖို့ သူက တိုက်တွန်းပါတယ်။
ဒူဝါလရှီးလက “တကယ်တော့ အာဇာနည်ဆိုတာ တိုင်းပြည်နဲ့လူထုအကျိုးကို မိမိရဲ့ အသက်နဲ့ ခန္ဓာထက် ပိုချစ်မြတ်နိုးကြတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ စာပေနဲ့ ယဉ်ကျေးမှုမှာ ဘာသာစကားအားဖြင့် တိုးမပေါက်လို့ မိမိတို့လူမျိုးနဲ့ မိမိတို့ဒေသရပ်ဝန်းက အာဇာနည်ပုဂ္ဂိုလ်တွေကို ထင်ရှားစွာပြသခွင့်မရတဲ့ လူမျိုးစုတွေလည်း ကျနော်တို့ နိုင်ငံမှာ ရှိနေပါတယ်။ ဒါ့ကြောင့် ယနေ့ အာဇာနည်နေ့ အခမ်းအနားမှာ ကျနော့်အနေနဲ့ လူထုက ထင်ရှားစွ်သိခွင့်ရတဲ့ အာဇာနည်တွေကို အလေးအမြတ်ဦးညွှတ်သလို၊ လူထုက ထင်ရှားစွာသိခွင့်မရခဲ့တဲ့ အာဇာနည်ပုဂ္ဂိုလ်တွေကိုလည်း အလေးအမြတ်ထား ဦးညွှတ်ကြောင်း ပြောချင်ပါတယ်” လို့ ဆက်ပြောပါတယ်။
အခု လူ့အဖွဲ့အစည်းက ဓလေ့အယူအဆတွေမှာ ကျဆုံးကွယ်လွန်သွားကြမှ အာဇာနည်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ချီးမွမ်းဂုဏ်ပြုကြလေ့ရှိပြီး အာဇာနည်စိတ် အာဇာနည်လုပ်ရပ်ကို သက်ရှိထင်ရှားရှိစဉ်အချိန်မှာလည်း ဂုဏ်ပြု ဦးညွှတ်ဖို့ အရေးကြီးတယ်လို့ ယူဆကြောင်းလည်း သူက ပြောပါတယ်။
အခု ၇၆ နှစ်မြောက် အာဇာနည်နေ့မှာ တော်လှန်ရေးအဖွဲ့အသီးသီးက သူတို့ဒေသတွေမှာ ဂုဏ်ပြုအခမ်းအနားတွေပြုလုပ်ခဲ့ကြပြီး ပြည်သူတွေကလည်း စစ်အာဏာရှင်ကို တော်လှန်ရင်း တတ်နိုင်တဲ့ဘက်ကနေ ဂုဏ်ပြုခဲ့ကြတာကို တွေ့ရပါတယ်။

လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်ဟာ မြန်မာ့သမိုင်းမှာ တိုင်းပြည်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုအဖြစ် ကြုံတွေ့ခဲ့ရတဲ့ မမေ့နိုင်စရာ ကြေကွဲဖွယ်နေ့ တနေ့ဖြစ်ပြီး မသမာ လူတစုတို့ရဲ့ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

အဲဒီနေ့မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ရန်ကုန်မြို့၊ အတွင်းဝန်များရုံးမှာ တိုင်းပြည်ကျွန်ဘဝက လွတ်မြောက်ရေးနဲ့ စစ်ပြီးခေတ် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် အစည်း အဝေးပြုလုပ်နေတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ အစိုးရ ဝန်ကြီးတွေကို နန်းရင်းဝန်ဟောင်း ဂဠုန် ဦးစောနဲ့ အပေါင်းအပါတို့က လုပ်ကြံသတ်ဖြတ်ခဲ့ကြတာပါ။

အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတာကြောင့် တိုင်းပြည်အတွက် ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ အလွန်များပြားတာကို ဒီကနေ့နိုင်ငံရေး အခြေအနေတွေကို သုံးသပ် ကြည့်ပါက သိနိုင်မှာဖြစ်သလို တစုတဖွဲ့ကောင်းစားရေးအတွက် တိုင်းပြည်ကို အသုံးချကာ ကိုယ်ကျိုးအတွက် လုပ်ဆောင်ခဲ့ကြတာကြောင့် တိုင်းပြည်ဟာ ဒီကနေ့အချိန်အထိ နလန်မထူနိုင်ဘဲ အာဇာနည်သူရဲကောင်းများစွာလည်း ဆုံးရှုံးခဲ့ကြရတယ်လို့ CRPH ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီကနေ့နွေဦးတော်လှန်ရေးမှာလည်း ဂဠုန်ဦးစောနဲ့ အပေါင်းအပါတွေလို အကြမ်းဖက် စိတ်ဓာတ်တွေနဲ့ အာဏာရှင်ပီသစွာ ပြုမူလုပ်ဆောင်နေကြတဲ့ တရားမဝင် စစ်အုပ်စုဟာ လည်း ပြည်သူလူထုဆီကနေ ဆင်းသက်လာတဲ့ နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ အဓမ္မ သိမ်းယူခဲ့ပြီး သူတို့ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်နဲ့လူမျိုးတို့ရဲ့ အသက်၊ အိုးအိမ်နဲ့စည်းစိမ်များစွာကို ချနင်းဖျက်ဆီးနေကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ အတိတ်သမိုင်းဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး တိုင်းရင်းသားပြည်သူတွေနဲ့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနဲ့ လေးစား မှုတို့ကို အခြေတည်ပြီးတော့ အာဇာနည်ကြီးတွေ ချမှတ်ခဲ့တဲ့ နိုင်ငံရေးလမ်းစဉ်တွေကို ကျင့်သုံးကာ အားလုံး မျှော်လင့်တောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဆီ ချီတက်နိုင်ကြဖို့လည်း CRPH က တိုက်တွန်းထားပါတယ်။

ဒီနေ့ကျရောက်တဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနား တရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ပူးပေါင်းပြီး အွန်လိုင်းကနေကျင်းပရာမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေ၊  NUG ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက အမှတ်တရဂုဏ်ပြု စကားတွေ ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့မှာလည်း   အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနားကို အာဏာသိမ်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ် ချထားပြီး ကျင်းပသွားခဲ့ပါတယ်။ 

Photo- NUG

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024