DVB Logo
Home
Lead Story
အာဇာနည်စိတ်ဓာတ်နဲ့ တော်လှန်မျိုးဆက်များ
DVB
·
July 19, 2023
အာဇာနည်စိတ်ဓာတ်နဲ့ တော်လှန်မျိုးဆက်များ
Donate to DVB

အာဇာနည်နေ့ ဆိုတာ

အာဇာနည်ဆိုတာ ဘာလဲ။ အာဇာနည်နေ့လို့ ဘာကြောင့်သတ်မှတ်ကြတာလဲ။ အာဇာနည်နဲ့ တော်လှန်မျိုးဆက်က ဘယ်လို ဆက်စပ်ပါသလဲ။ ကျနော်တို့အများစု သိထားတာက အာဇာနည်နေ့ဆိုတာ ကျနော်တို့ အမျိုးသားခေါင်းဆောင်တွေ လုပ်ကြံခံကြရတဲ့နေ့လို့ ဒီလို သိထားကြပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးသွားကြရတဲ့ ခေါင်းဆောင်ကြီးတွေ သေဆုံးသွားခဲ့တဲ့နေ့ဖြစ်လို့ အာဇာနည်နေ့လို့ ခေါ်ဝေါ် သမုတ်ကြတယ်။ ဒီလောက်ပါပဲ။ သေသေချာချာ ဂဃနဏ သိသူက ရှားပါလိမ့်မယ်။

အာဇာနည်နဲ့ သေဆုံးခြင်း

ဒါကြောင့်မို့ အာဇာနည်နဲ့ပတ်သက်ပြီး အနည်းငယ်လွတ်နေတဲ့ အသိလေးတွေ ရှိနေပါတယ်။ အဲဒါ ဘာလဲဆိုတော့ အာဇာနည်ဆိုတာ သေမှဖြစ်ရတဲ့အရာလို့ ယူဆပြီး ပြောကြတာ ရှိပါတယ်။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ အာဇာနည်နဲ့ သေဆုံးခြင်းက မသက်ဆိုင်ပါဘူး။ သေတာနဲ့ အာဇာနည်ဖြစ်တာ မဖြစ်တာကလည်း မဆိုင်ပါဘူး။ ဒါကြောင့် အာဇာနည်ကို စိတ်ဓာတ်နဲ့တွဲပြီး ရှုမြင်စေချင်ပါတယ်။ သေဆုံးခြင်းနဲ့ မရှုမြင်စေချင်ပါဘူး။ အဓိပ္ပာယ်လွဲသလို အကျိုးသက်ရောက်မှုလည်း ကွဲပြားတာကြောင့် သတိထားသင့်ပါတယ်။

“ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ တောင်စွန်း” ရဲ့ အာဇာနည်အဓိပ္ပာယ် ဖွင့်ဆိုချက်

“အာဇာနည်လို့ သိသာစေတဲ့ အမှတ်သင်္ကေတကတော့ ‘ယတ္ထသော ဇာယတိဓိရော၊ တံကုလံသုဓမေစေတိ’ ဆိုတဲ့အတိုင်း ‘သူဖွားမြင်ရာ အမျိုးအနွယ်၊ သူနဲ့ဆက်စပ်သမျှတို့ကို ကိုယ်ရောစိတ်ပါ ချမ်းသာကြီးပွားတိုးတက်စေတယ်’ ဆိုတဲ့ အကျိုးတရားများပါပဲ။ အဲဒါကို ဒီနေ့ လူကြီးတွေရော လူငယ်တွေပါ အထူးသိစေချင်ပါတယ်”

အမျိုးသားခေါင်းဆောင် ဦးအောင်ဆန်းနဲ့တကွ လွတ်လပ်ရေးခေါင်းဆောင်ကြီးတွေ တိုင်းပြည်အတွက် အသက်စွန့်သွားရတဲ့နေ့ကို အထိမ်းအမှတ်ပြုပြီး “အာဇာနည်နေ့” လို့ သတ်မှတ်ထားတော့ လူတော်တော်များက “အာဇာနည်ဆိုတာ တိုင်းပြည်အကျိုးဆောင်ရင်း အသက်သေသွားသူများသာ ဖြစ်နိုင်တယ်” လို့ ထင်မှတ်နေကြပါတယ်။ အသက်စွန့်တာနဲ့ အသက်သေဆုံးတာကို အဓိပ္ပာယ်မကွဲပြားချင်ကြဘူး ဖြစ်နေကြပါတယ်။ “အများအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်တယ်” ဆိုတာ သေခြင်း၊ မသေခြင်းနဲ့ မဆိုင်ပါဘူး။ အသက်ကို ပဓာနမထားခြင်း “မငဲ့မကွက် စွန့်နိုင်ခြင်း” နဲ့သာ ဆိုင်ပါတယ်။ မုချအားဖြင့်တော့ “အာဇာနေယျ အာဇာနည်” ဆိုတာ ဘုရားအလောင်းကိုကြည့်ပြီး အများက သတ်မှတ် ပြောဆိုရာက စခဲ့တဲ့စကား ဖြစ်ပါတယ်။

“အာဇာနည် သတ္တိ” နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် က ဘာပြောလဲ

“အာဇာနည်သတ္တိက မေတ္တာကိုအခြေခံတယ်။ မိုက်ရူးရဲသတ္တိကတော့ ဒေါသနဲ့ အတ္တကို အခြေခံတယ်။ အာဇာနည်သတ္တိက အသက်စွန့်လွှတ်ချင်တဲ့ ဆန္ဒအပေါ် အခြေမခံ၊ ဘဝကို အများအကျိုးအတွက် သုံးသွားချင်တဲ့ ဆန္ဒအပေါ် အခြေခံပါတယ်။ ပင်ပန်းဆင်းရဲစွာ အများအတွက် ရှင်သန်ရရင်လည်း ရှင်သန်မယ်။ “တာဝန်ကို မျက်နှာလွှဲပြီး အလွယ်ထွက်ပေါက်မရှာဘူး၊ မလွှဲသာလို့ အသက်ပါစွန့်လွှတ်ရမယ်ဆိုရင်လည်း သတ္တိနဲ့ပေါ့” လို့ ကောက်ချက်ချခဲ့ဖူးတယ်။

“အာဇာနည်ဆိုတာ တော်လှန်သောစိတ်ဓာတ်”

ဒီနေ့ တော်လှန်ရေးတရပ်ကို ယုံယုံကြည်ကြည်နဲ့ ဆင်နွှဲနေကြတဲ့ မျိုးဆက်ဟာ အာဇာနည် သတ္တိတွေ အပြည့်ရှိနေကြတယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဘာကြောင့် ကျနော် အဲဒီလို ယုံကြည်ရတာလဲဆိုတော့ ကျနော့်မှာ အကြောင်းပြစရာတွေ အခိုင်အမာ ရှိနေပါတယ်။ အခု အဓမ္မစစ်တပ်ကို တော်လှန်နေတဲ့ မျိုးဆက်တွေဟာ မိုက်ရူးရဲ သတ္တိမျိုးနဲ့ တော်လှန်ရေး လုပ်နေကြတာ မဟုတ်ဘူး။ သူတို့တိုင်းပြည်နဲ့ အဖိနှိပ်ခံ ပြည်သူလူထုဘက်က၊ တနည်းအားဖြင့် ဓမ္မဘက်က ရပ်တည်ကာ မေတ္တာတရားကို အခြေခံပြီး တော်လှန်ရေးကြီး တရပ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

တကယ့် စစ်မှန်တဲ့သတ္တိက အသက်ကို လွယ်လင့်တကူနဲ့ မစွန့်လွှတ်ဘူး။ အသက်စွန့်လွှတ်ချင်တဲ့ စိတ်ဆန္ဒအပေါ်လည်း အခြေခံမထားဘူး။ မိမိဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အများပြည်သူလူထုနဲ့ အမှန်တရားအတွက် အသုံးပြုသွားချင်တယ် ဆိုတဲ့ စိတ်ဆန္ဒအပေါ်မှာသာ အခြေခံပါတယ်။ ဒါကို တော်လှန်မျိုးဆက်တွေ သတိချပ်ဖို့လိုပါမယ်။ မိမိတို့ရဲ့အသက်ကို တန်ဖိုးထား စောင့်ရှောက်ကြပါ။ တော်လှန်ရေးကြီး ပြီးသည်အထိ ရှင်ကျန်ရစ်နေအောင် မိမိတို့ရဲ့ အသက်ကို ဉာဏ်ပညာနဲ့ စောင့်ရှောက် ထိန်းသိမ်းကြပါ။

တော်လှန်ရေးကြီး အောင်မြင်သွားတဲ့အခါမှာလည်း ဒီတော်လှန်မျိုးဆက်နဲ့ နိုင်ငံတော်ကို ဆက်လက်တည်ဆောက်ကြရဦးမှာ ဖြစ်ပါတယ်။ ဒီလို အာဇာနည်စိတ်ဓာတ်နဲ့ တော်လှန်မျိုးဆက်တွေ တည်ဆောက်တဲ့ တိုင်းပြည်မှသာလျှင် ကြီးမြတ် ခမ်းနားနိုင်မှာပါ။

“တော်လှန်မျိုးဆက်နဲ့ တာဝန်သိစိတ်”

အာဇာနည်စိတ်ဓာတ်ရှိတဲ့ တော်လှန်မျိုးဆက်ဟာ ဘယ်လောက်ပဲ ပင်ပန်းခက်ခဲသည်ဖြစ်စေ ဘယ်တော့မှ နောက်မဆုတ်ဘူး။ ဘယ်လောက်ပဲ ပင်ပန်းပါစေ အများအတွက်၊ ဓမ္မဘက်ကဆိုရင် အသက်ကို ပဓာနမထားဘဲ ဆက်လက်ရှင်သန်နေဦးမှာပါပဲ။ ဘယ်လိုပင် အခက်အခဲတွေ ရင်ဆိုင်နေရပါစေ တာဝန်ကို မျက်နှာမလွှဲဘူး။ တာဝန်ကို လေးစားတယ်။ ထွက်ပေါက်မရှာဘူး။ မျှော်မှန်းချက်နဲ့ ပြည်သူလူထုအတွက် တာဝန်သိစိတ် အမြဲရှိတယ်။ နောက်ဆုံးမှာ မလွှဲသာ မ‌ရှောင်သာလို့ အသက်စွန့်ရရင်တောင် သတ္တိရှိရှိ၊ ယုံကြည်ချက်ခိုင်မာစွာနဲ့ ရဲရဲဝံ့ဝံ့ စွန့်လွှတ်ရဲတယ်။

ဒါကြောင့်မို့ တော်လှန်မျိုးဆက်တွေရဲ့ တာဝန်သိစိတ်ဟာ အာဇာနည်စိတ်ဓာတ်ပါပဲ။ ကျနော်တို့တွေ လေးစား ဦးညွှတ်ကြရမယ်။ တန်ဖိုးထား ဂုဏ်ယူထိုက်တဲ့ မျိုးဆက်တွေပါပဲ။

“ဆရာကြီး သခင်ကိုယ်တော်မှိုင်း” လို ဆရာတွေ၊ လူကြီးတွေ များစွာလိုအပ်

“အာဇာနည်ဗိမာန် ဂူပုထိုးကိုဖြင့် ပါရမီ အဓိဋ္ဌာန်တမျိုးရယ်နှင့် ရှိခိုးကာ ဆရာ ကန်တော့ချင်ရဲ့” လို့ အဖိုးမှိုင်း ဆရာကဝိဟာဖြင့် အသက်စွန့်ပြီး လွတ်လပ်ရေးကို အရယူပေးခဲ့သူ အောင်ဆန်း အာဇာနည် တော်လှန်မျိုးဆက်သစ် လူငယ်တယောက်ကို အာဇာနည် လေးချိုးကြီးနဲ့ ကန်တော့ခဲ့တာဟာဖြင့် ကြက်သီးထစရာ ကောင်းပါဘိ။ အခုလည်း တော်လှန်မျိုးဆက်တွေဟာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တော်လှန်ပန်းတွေ ပွင့်ဝေနေကြတာဟာဖြင့် “ပါရမီ စိတ်အမှန် တမျိုးရယ်နှင့် ရှိခိုးကာ ကျနော်တို့ ကန်တော့ချင်ရဲ့” ဟူ၍ မျိုးဆက်ဟောင်းများကပင် ကန်တော့ထိုက်တဲ့ အာဇာနည် တော်လှန်မျိုးဆက်များဟု ရာဇဝင်အသစ် ရေးထွန်းခဲ့လေရော့သလားဆိုတာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု သမိုင်းစာမျက်နှာများပေါ်မှာ ကျနော်တို့ မျက်ဝါးထင်ထင် တွေ့မြင်ကြရဦးမှာပါ...။

အာဇာနည်စိတ်ဓာတ်နဲ့ အရေးတော်ပုံ မုချအောင်မြင်ရမည်။

ချစ်မင်းနွဲ့ကြည် ရေးသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013